Skip to main content

လေးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကျော် ရရှိ

ရန်ကုန် ဇန်နဝါရီ ၂၇

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၀) အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီများမှ ရက်သတ္တပတ်အတွင်း ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများနှင့်စပ်လျဉ်းသည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲကို ယနေ့တွင် ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပသည်။

အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် သတင်းထုတ်ပြန်ချက် (၂/၂၀၂၀) အား ဖြန့်ဝေခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်ထုတ်ပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်စပ်လျဉ်းသည့် အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေး အမှတ်စဉ် (၂/ ၂၀၂၀) အပါအဝင် ရက်သတ္တပတ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၃ ခုတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၄၃၃ ဒသမ ၈၀၃ သန်းကို ခွင့်ပြု/အတည်ပြုပေးခဲ့ကြောင်း၊ အဆိုပါလုပ်ငန်းများမှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့် အလမ်းပေါင်း ၁၁၉၅၁ ကို ဖန်တီးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နှစ်ဘီလီယံကျော်ရရှိ

ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူးက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီ ၂၄ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၁၅၆ ဒသမ ၂၀၅ သန်းရှိပြီဖြစ်၍ ယခုဘဏ္ဍာနှစ်၏ ပထမလေးလအတွင်း အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ ကျော်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊  ထို့ပြင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြုပေးခဲ့မှုမှာလည်း အမေရိကန်ဒေါ်လာ ၁၃၄ ဒသမ ၄၆၉ သန်း အပါအဝင် ကျပ် ၇၄၈၃၁၁ ဒသမ ၀၆၁ သန်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသော သတင်းမီဒီယာ များက သိရှိလိုသည်များကို မေးမြန်းကြရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး က မေးမြန်းချက် များကို ပြန်လည်ဖြေကြားသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သောနိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဟောင်ကောင်နှင့် ဗြိတိန် နိုင်ငံတို့ဖြစ်ပြီး အများဆုံးရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၇ ဒသမ ၀၀ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍ တွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၁၅ ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၀၇ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားသည်။

အဆိုပါ သတင်းမီဒီယာတွေ့ဆုံပွဲသို့ ပြည်တွင်း ပြည်ပ သတင်းမီဒီယာ ၁၄ ခု တက်ရောက်ခဲ့ကြသည်။

 

သတင်းစဉ်