ရန်ကုန် ဇန်နဝါရီ ၂၇
မြန်မာနိုင်ငံ စာရေးဆရာအသင်းက ကြီးမှူးကျင်းပသည့် စာရေးနည်းအခြေခံလမ်းညွှန်သင်တန်း အမှတ်စဉ် (၁၀) သင်တန်းဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံစာရေးဆရာအသင်း ရုံးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံစာရေးဆရာ အသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်း (မနုဿကျော်ဝင်း) က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဟောပြောဆွေးနွေးလေ့လာရေးနှင့် တိုင်းရင်းသား စာပေလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးချစ်နိုင်(ချစ်နိုင်-စိတ်ပညာ) က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားပြီး အသင်းအတွင်းရေးမှူးသင်တန်းမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)က သင်တန်းစည်းကမ်း များကို ရှင်းလင်းပြောကြားသည်။ သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၃၄ ဦးတက်ရောက်ကြပြီး ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု၊ ဘာသာပြန်ရေးသားနည်းတို့ကို မြန်မာနိုင်ငံစာရေး ဆရာအသင်းမှ ဝါရင့်စာရေးဆရာ ဆရာမကြီးများ က ယနေ့မှစတင်၍ ဖေဖော်ဝါရီ ၂၈ ရက်အထိ အပတ်စဉ် တနင်္လာနေ့မှ စနေနေ့အထိ နေ့စဉ် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းနှင့် ဓာတ်ပုံ - မွန်းဦးနဒီ