Skip to main content

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး (၁/၂၀၂၀) ကျင်းပ

လွိုင်ကော်   ဇန်နဝါရီ   ၂၈

ကယားပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အားကောင်းလာစေရေး၊ ခိုင်မာသော ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိုမိုဝင်ရောက်လာစေရေး၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်လာစေရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိရေးအတွက် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၀) ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ Cabinet အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ( ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ) ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်သူများ၏ လုပ်ငန်း ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍လည်း အစီရင်ခံ တင်ပြပေးရန် လိုပါကြောင်း၊ မိမိအနေနှင့် သတိချပ်ဆောင်ရွက်နိုင်ရန် ယခုလို တင်ပြ နေခြင်းဖြစ်ပြီး မိမိတို့ သက်ဆိုင်ရာ ကဏ္ဍအလိုက် အားနည်းချက် အားသာ ချက်များကို တင်ပြပေးနိုင်ရန် ဖြစ်ပါကြောင်း၊ ပြည်နယ်တွင်း ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများနှင့် ပတ်သက်၍လည်း ကဏ္ဍစုံဆောင်ရွက် နေမှုများကို တင်ပြနိုင်ရေးအတွက် စိစစ်ဆောင်ရွက်စေလိုကြောင်း၊ မိမိတို့ ယူထားသည့် တာဝန်များအရ တာဝန် ရှိသည့် အလျောက် အပင်ပန်းခံဆောင်ရွက်စေလိုကြောင်း၊ စီးပွားရေးလုပ်ငန်းများကို တစ်ဦးတည်း လက်ဝါးကြီးအုပ် ဆောင်ရွက်ခြင်းမရှိစေဘဲ အားလုံးက လုပ်ငန်းများ ရရှိဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်နယ်အခြေအနေနှင့် အထပ်မြင့် အဆောက်အအုံများကို ခွင့်ပြုပေးနေမှု များနှင့်စပ်လျဉ်း၍ ဆောက်လုပ်မည့် နေရာဒေသနှင့် စဉ်းစားချင့်ချိန်၍ ခွင့်ပြုရန်လိုအပ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ နှင့်စပ်လျဉ်း၍ ဌာနတာဝန်ရှိသူများနှင့် ကော်မတီဝင်များအားလုံးက အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးကြစေ လိုကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး ဒေါ်မေမျိုးဇော်က ကျင်းပပြီးစီးခဲ့သည့် (၁၀/၂၀၁၉) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား တင်ပြခဲ့ပြီး သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ရှိသူများက မိမိတို့ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ် က ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု မူဘောင်နှင့်အညီ ဆောင်ရွက်နေသော လုပ်ငန်းများအား သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ အချိန်မီပြီးစီးရေးအတွက် သက်ဆိုင်ရာတာဝန်ရှိ သူများက အလေးထားကြပ်မတ်ဆောင်ရွက် သွားကြရန် ဖြည့်စွက် ဆွေးနွေးခဲ့သည်။

ထို့နောက် ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီဝင်များ အမည်စာရင်းပြောင်းလဲ ထည့်သွင်းနိုင်ရေး ကိစ္စနှင့် စပ်လျဉ်း၍ လည်းကောင်း၊ Soppai Co.,Ltd မှ သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းနှင့် အပန်းဖြေစခန်းများ တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများအတွက် အတည်ပြုမိန့် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ Deheus Myanmar Ltd ၏ မျိုးရင်းဝက်မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းနှင့် Investment Guide Book ထုတ်ဝေရန်ကိစ္စနှင့် စပ်လျဉ်း၍လည်းကောင်း ကော်မတီအတွင်းရေးမှူးနှင့် အထူးဖိတ်ကြားထားသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများကလည်းကောင်း ဆွေးနွေးရှင်းလင်း တင်ပြခဲ့ပါသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်မှ ရင်းနှီးမြှုပ်နှံမှု မူဘောင်နှင့်အညီ ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ်တွင် လိုအပ်သော အကာအကွယ်များကိုလည်း အစိုးရတစ်ရပ်အနေနှင့် ဥပဒေနှင့်အညီ ရပ်တည်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လိုအပ်လျှင် လိုအပ်သလို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးရန် လိုပါကြောင်း၊ သို့မှသာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အနေနှင့် ပိုမိုတိုးတက် ကောင်းမွန်နိုင်မည်ဖြစ်ကြောင်း ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပြည်နယ်အတွင်း ကုန်စည်ဒိုင်ဖွင့်လှစ်နိုင်ရေး၊ ခုံးန်ဟန့်စံပြကျေးရွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တက်ရောက်လာသည့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနအကြီးအကဲများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရ သည်။

အဆိုပါ အစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ(ကယားပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ်) ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီဝင်များနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

ကျော်စိုး (ပြန်/ဆက်)