Skip to main content

ပဲခူးမြို့တွင် ကိုဗစ်ညွှန်ကြားချက်များ ပြည်သူများလိုက်နာနိုင်ရေး အသိပညာပေးဆောင်ရွက်

ပဲခူး     ဒီဇင်ဘာ ၁၄

ပဲခူးမြို့ ရန်ကုန်-မန္တလေးကားလမ်း၊ ကျောက်တွင်းကုန်းလမ်းဆုံတွင် ဒီဇင်ဘာ ၁၄ရက် နံနက်ပိုင်းအချိန်က ပဲခူးခရိုင် ကိုဗစ်-၁၉ကာကွယ်၊ ကုသရေးနှင့် အရေးပေါ် ထိန်းချုပ်ရေး ကော်မတီမှ ဆောင်ရွက်နေသည့် ကိုဗစ်ညွှန်ကြားချက်များအား ပြည်သူများလိုက်နာနိုင်ရေး အတွက် အသိပညာပေးဆောင်ရွက်မှုတွင် တာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပဲခူးခရိုင် ကိုဗစ်-၁၉ကာကွယ်၊ ကုသရေးနှင့် အရေးပေါ်ထိန်းချုပ်ရေးကော်မတီမှဦးဆောင်ရွက် ပဲခူးမြို့ပေါ်နေရာအသီးသီး၌ ဒီဇင်ဘာလ(၃)ရက်နေ့မှစတင်၍ ပြည်သူများ ကိုဗစ် ညွှန်ကြားချက်များ တိကျစွာလိုက်နာဆောင်ရွက်နိုင်ရန် နေ့စဉ်အသိပညာပေးခြင်း၊ နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲသွားလာ နေသူများအား ဒဏ်ရိုက်ခြင်း၊ လက်ကမ်းစာစောင် များ ဖြန့်ဝေပေးခြင်းများကို အဖွဲ့ပေါင်းစုံဖြင့် နေရာခွဲ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့ ဒီဇင်ဘာလ(၁၄)ရက်နေ့တွင် ကျောက်တွင်းကုန်းလမ်းဆုံ၊ ဘုရားဈေးရှေ့နှင့် ပြင်စီဈေးလမ်းတို့ တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းမှလည်း ပဲခူးခရိုင် ကိုဗစ်-၁၉ကာကွယ်၊ ကုသရေးနှင့် အရေးပေါ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူများနှင့်အတူ လမ်းမပေါ်သွားလာနေသည့် ပြည်သူများအား ကိုဗစ်ညွှန်ကြားချက်များ တိကျစွာလိုက်နာဆောင်ရွက်နိုင်ရန် အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခြင်း၊ ကား၊ ဆိုင်ကယ်များတွင် စတစ်ကာစာရွက်များ ကပ်ပေးခြင်း၊ မလိုအပ်ဘဲအပြင်ထွက်ခြင်းများ မပြုလုပ်ကြရန်ပြောကြားခဲ့ပြီး ပဲခူးခရိုင် ကိုဗစ်-၁၉ကာကွယ်၊ ကုသရေးနှင့် အရေးပေါ်ထိန်းချုပ်ရေး ကော်မတီမှဦးဆောင်၍ နေ့စဉ်ပြုလုပ် နေသည့် အသိပညာပေးခြင်းလုပ်ငန်း၌ ပါဝင်ဆောင်ရွက်လုပ်ကိုင် ပေးနေကြသူများ လိုအပ်သည့်နေရာတွင် အသုံးပြုနိုင်ရေးအတွက် အလှူငွေ(၅)သိန်းကျပ်အား တာဝန်ရှိသူ များထံ ပေးအပ်လှူဒါန်းခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာလ(၁၃)ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါဖြစ်ပွားသူ စုစုပေါင်း (၆၀၂၇)ဦးရှိပြီး ပဲခူးမြို့နယ်အနေဖြင့်(၁၇၂၇)ဦးတွေ့ရှိခဲ့သဖြင့် အများဆုံးဖြစ်ကာ ပဲခူးပြည်သူ့ ဆေးရုံကြီး ကူးစက်လူနာကုသဆောင် (ကလိ)၊ တိုင်းရင်းဆေးရုံနှင့် CB Center (ပဲခူးတက္ကသိုလ်) တို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၄၀၀)ကျော်အား ကုသပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများနှင့်အတူ ပဲခူးမြို့ ဟံသာဝတီမြို့ဟောင်း ကျုံးပြန်လည် တူးဖော်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ပြည်သူများ အပန်းဖြေ အနားယူနိုင်ရေး၊ ကားပါကင်ထားရှိနိုင်ရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေ များအား လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)