ကမ္ဘာ့သမိုင်းတွင် ပထမဆုံးအဖြစ် တက်သုတ်ရိုက်ရှာဖွေစမ်းသပ် ဖော်ထုတ်လိုက်ရသည့် ဗိုင်းရပ်စ်ကာကွယ်ဆေးများအဖြစ်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအချို့ ပေါ်ထွက်လာပြီ ဖြစ်သည်။ ကာကွယ်ဆေး၏အာနိသင်များနှင့်စပ်လျဉ်း၍ အာမခံနိုင်ရန်အတွက် ပြည့်စုံလုံ လောက်သော စမ်းသပ်စစ်ဆေးမှုများပြုလုပ်ရန် အချိန်ပြည့် သည်အထိ မစောင့်နိုင်ဘဲ ထုတ်လုပ် လိုက်ရသည့်ကာကွယ်ဆေး များကိုပင် ကမ္ဘာ့နိုင်ငံအသီးသီးတို့က မြန်နိုင်သမျှမြန်မြန်ရဖို့အရေး လုံးပန်းနေကြရပြန်သည်။
မည်သို့ပင်ဆိုစေကာကွယ်ဆေးများ စတင်ပေါ်ထွက်လာခြင်းက ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါကို ထိန်းချုပ်နိုင်ရေးအတွက် မျှော်လင့်ချက် များကို ပိုမိုရှင်သန်ခိုင်မာစေသည်။ နှစ်ပေါက်နေပြီဖြစ်သည့် ကပ်ရောဂါကူးစက်ပျံ့နှံ့မှုကို နောက်ထပ်အချိန်ကာလအတိုင်းအတာ တစ်ခုတွင် ထိန်းချုပ်သွား နိုင်ပြီး ပုံမှန်နေထိုင်မှုပုံစံများ အတိုင်းပြန်လည်နေထိုင်သွားနိုင်ရန် မျှော်လင့်၍ရပြီ။ အချိန်ကာလ အတိုင်းအတာဟုဆိုရာတွင် လူသားအားလုံးကို ဗိုင်းရပ်စ်ကာကွယ်ဆေးဖြင့်လွှမ်းခြုံ ပေးနိုင်သည့် အခြေအနေသို့ ရောက်ရှိ မှသာဖြစ်နိုင်မည် ဖြစ်ရာ ကာကွယ်ဆေး ထိုးသည့် အစိတ်အပိုင်းများက ထိုးနေကြ သလို ဗိုင်းရပ်စ်ပျံ့နှံ့ကူးစက်မှုကလည်း ရှိနေဦးမည်ဖြစ်ပြီး နယူးနော်မယ် အနေ အထားဖြင့် တန်းမဖြုတ်သေးဘဲ ဆက်လက်နေကြ ရဦးမည်ဖြစ်သည်။
နိုင်ငံတော်အနေဖြင့်မူ ကိုဗစ်ကာကွယ်ဆေးရရှိရေးအတွက် ဆောင်ရွက်ဖွယ်ရာရှိသည်များ အားလုံးကို ဆောင်ရွက်ပြီးဖြစ်သည်။ ကာကွယ်ဆေးများ လုံလုံလောက်လောက်ရရှိရေး၊ သိုလှောင်ရေး၊ ဖြန့်ဖြူးရေး၊ အမျိုးသားအဆင့်ကာကွယ်ဆေးထိုးနှံရေးတို့ကို မည်သူ တစ်ဦးတစ်ယောက်မျှ မကျန်ရှိအောင် ဆောင်ရွက်သွားရန် အစီ အစဉ်များ ပြုလုပ်ထားပြီးဖြစ်သည်။ ကာကွယ်ဆေး မထိုးနိုင်သေးမီ အချိန်အခိုက်အတန့်တစ်ခုအတွင်း ရောဂါကူးစက်ပျံ့နှံ့မှု အရှိန် ပိုမိုမြင့်မားမသွားစေရန်အတွက် ပြည်သူတစ်ဦးချင်းစီက မိမိ ကိုယ်ကိုယ် ကပ်ရောဂါကူးစက်မှု အန္တရာယ်မှ ကာကွယ်ထားနိုင်ကြ ရန် လိုသည်။ မမေ့မလျော့ မပေါ့မဆဘဲ မိမိကိုယ်ကိုယ်ကာကွယ် နေကြခြင်းသည် မိမိပတ်ဝန်းကျင်နှင့် မိမိ မိသားစုကိုပါ ကာကွယ် ပေးရာလည်းရောက်သည်။ နိုင်ငံတော်ကို ဝန်ထုပ်ဝန်ပိုးလျှော့ပေးရာ ရောက်သလို ရောဂါအတွက် သုံးစွဲရသည့် နိုင်ငံ၏အရင်းအမြစ်များ ကိုလည်း လျော့ပါးသက်သာစေသည်။
ကိုဗစ်-၁၉ သည် ကမ္ဘာတစ်ဝန်းမှာလည်း ကူးစက်ပျံ့နှံ့မှု အရှိန် အဟုန်ကောင်းနေဆဲ။ အချို့ နိုင်ငံများတွင် ဖြေလျှော့ပေးမှုများ ပြန်လည်ကန့်သတ်တင်းကျပ်ကြသည့် သတင်းများ တွေ့မြင် ဖတ်ရှု ရသည်။ ကပ်ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေး အတားအဆီး အကန့် အသတ်များကို ဖြေလျှော့မှုပေးလိုက်သည်နှင့် သတိ လက်လွတ်သူတို့ကြောင့် ရောဂါကူးစက်မှုနှုန်း ပြန်လည်မြင့်မား လာ သည့်အခါ အတားအဆီး၊ အကန့်အသတ်များ ပြန်လည်တင်းကျပ် ချမှတ်ကြရခြင်းဖြစ်သည်။ ယခုအခါ မိမိတို့နိုင်ငံတွင်လည်း ဖြေလျှော့မှုများ ပြုလုပ်ပေးနိုင်ရန် စီမံဆောင်ရွက်လျက် ရှိနေပြီဖြစ်သည်။ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များ ဆိုင်ထိုင်စားသောက်ခွင့် ပြုရန်၊ စက်ရုံ အလုပ်ရုံများ လည်ပတ်ခွင့်ပြုရန်၊ လေကြောင်းလိုင်း များ ပြန်လည်ပြေးဆွဲရန် စသည်စသည်တို့ကို နယူးနော်မယ်ဘောင် အတွင်းမှ ပြန်လည်ခွင့်ပြုသွားနိုင်ရေးအတွက် အစီအမံများပြုလုပ် နေသည်။ ပြည်သူတစ်ဦးချင်းအနေဖြင့်မူ မလိုအပ်ဘဲ အိမ်ပြင် မထွက်ရေး၊ အိမ်ပြင်ထွက်တိုင်း ပါးစပ် နှာခေါင်းစည်းတပ်ဆင်ရေး၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာမှ ခပ်ခွာခွာဆက်ဆံ နေထိုင်ရေး၊ မကြာခဏလက်ကို စနစ်ကျစွာ ဆေးကြောရေးဟူသော အရိုးရှင်းဆုံး နည်းလမ်းလေးများဖြင့် မိမိကိုယ်ကိုယ် ကာကွယ်ရေးကို မမေ့မလျော့၊ မပေါ့ဆကြရန် ဟူ၍သာ တိုက်တွန်းနှိုးဆော်အပ် ပါကြောင်း။ ။