သက်ရှိသတ္တဝါဟူသမျှ အာဟာရဟူသော အထောက်အပံ့ကြောင့် အသက်ရှင်သန်ကြရသည်။ လူသားအပါအဝင် သက်ရှိ သတ္တဝါတို့၏ အသက်ရှင်ကျန်းမာရေး၊ ခန္ဓာကိုယ်ရှင်သန် တည်တံ့ရေးအတွက် လိုအပ်သော ဩဇာဓာတ်တို့ကို အစားအစာ အာဟာရ စားသောက်ခြင်းမှ ရရှိနိုင်သည်။ အာဟာရချို့တဲ့သည့်အခါ ကိုယ်ခန္ဓာ ကြုံလှီသေးငယ်ပြီး ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးမှု လည်း နိမ့်ကျနိုင်သလို ရောဂါအမျိုးမျိုးတို့ အလွယ်တကူ ဝင်ရောက်ကူးစက်နိုင်သည်။
လူ့ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရဓာတ်များကိုလိုက်၍ အစားအစာအုပ်စု သုံးစုခွဲထားရာ ကစီဓာတ်နှင့် အဆီဓာတ်တို့ ပါဝင်သည့် အင်အားဖြစ်စေသော အစာအုပ်စု၊ အသားဓာတ်များ ပါဝင်သည့် ခန္ဓာကိုယ်ကြီးထွားစေသော အစာအုပ်စု၊ ဗီတာမင် ဓာတ်၊ သတ္တုဓာတ်၊ ရေဓာတ်တို့ ပါဝင်သည့် ရောဂါကာကွယ်စေသော အစာအုပ်စုဟူ၍ ဖြစ်သည်။ သားငါး ပုစွန်၊ ဥအမျိုးမျိုး၊ နို့နှင့် ပဲအမျိုးမျိုးတို့က ခန္ဓာကိုယ်ကြီးထွားစေနိုင်ပြီး အစိမ်းရောင် ဟင်းသီး ဟင်းရွက်များအပါအဝင် ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံ များက ရောဂါများကို ကာကွယ်ပေးနိုင်သည်။ ဆန်၊ ဂျုံ၊ ပြောင်း၊ ကန်စွန်းဥ၊ ပိန်းဥ၊ အာလူး၊ သကြားနှင့် ဆီများက အင်အားကို ဖြစ်စေသည်။ မိမိတို့နေ့စဉ်စားသုံးနေသည့် အစာအာဟာရများတွင် ဆိုခဲ့ပါ အစာ အုပ်စု သုံးစုတို့ပါဝင်အောင် ညီညွတ်မျှတစွာ စားသုံးခြင်း အားဖြင့် ကျန်းမာကြံ့ခိုင်နိုင်ကြမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် အိမ်ထောင်စုများ၏ ၄၉ ဒသမ ၃ ရာခိုင်နှုန်း ခန့်ကသာ အစာအုပ်စုစုံလင်စွာ စားသုံးနေကြောင်း၊ အိမ်ထောင်စု များ၏ ၈၆ရာခိုင်နှုန်းသည် အိုင်အိုဒင်းဆား စားသုံးနေကြသော် လည်း ၃၆ ဒသမ ၈ ရာခိုင်နှုန်းသာလျှင် အရည်အသွေး ပြည့်ဝစံမီသည့် အိုင်အိုဒင်းဆားကို စားသုံးနေကြောင်း စသည်တို့အပါအဝင် သတ္တုဓာတ်နှင့် ဗီတာမင်ဓာတ်ချို့တဲ့မှု အခြေအနေ များကို “မြန်မာနိုင်ငံ အဏုအာဟာရနှင့် အစာစားသုံးမှု အခြေအနေလေ့လာရေး စစ်တမ်း (၂၀၁၇-၁၈)" လေ့လာကောက်ယူမှုမှ တွေ့ရှိခဲ့ရာ အာဟာရပြည့်ဝစွာ စားသုံးတတ်ရန် အသိပညာတို့ လိုအပ်လျက်ရှိနေခြင်းပင်ဖြစ်သည်။ မိမိတို့နိုင်ငံ၏ အစားအစာ ထုတ်လုပ်မှု အခြေအနေမှာ အာဟာရဓာတ်ကြွယ်ဝသော စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များ ပေါများပြီး ဝင်ငွေ အဆင့်အတန်းအလိုက် အာဟာရဓာတ် ပြည့်စုံအောင်စားသုံးနိုင်သည့် အနေအထားတွင်ရှိသည်။ ကျန်းမာရေးအသိဖြင့် နေ့စဉ် အစားအစာများတွင် အာဟာရပြည့်စုံစွာ စားသုံးတတ်ရန်သာ လိုအပ်သည်။ အခြားတစ်ဖက်တွင်မူ ဆီ၊ သကြားနှင့် ဆားစားသုံးမှု လွန်ကဲခြင်းကဲ့သို့သော အကြောင်းများကြောင့် ဆီးချို၊ သွေးတိုး စသည့်ရောဂါများဖြစ်ပွားခြင်း၊ အဝလွန်ခြင်းနှင့် နောက်ဆက်တွဲ ရောဂါများ ဖြစ်ပွားခြင်းတို့ကလည်း ရှိနေသည်။
ယခုအခါ မြန်မာနိုင်ငံပြည်သူများအတွင်း အာဟာရဖွံ့ဖြိုးမှု မြှင့်တင်ရေးကို အမျိုးသားရေး အသွင်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါလုပ်ငန်းအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန စသောဆက်စပ်ဌာနများကပါ ကဏ္ဍ အလိုက်ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးတွင် အခြေခံကျကျ အရေးပါသည့် အမျိုးသားအာဟာရ ဖွံ့ဖြိုးမှု မြှင့်တင်ရေးကို ပြည်သူတို့၏ ပူးပေါင်းပါဝင်မှုရယူ၍ အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။