Skip to main content

ပုံမှန်တိုးတက်လိုပါက စည်းကမ်းလိုက်နာ

လတ်တလောဖြစ်ပွားနေဆဲ ကိုဗစ်-၁၉ရောဂါ ပြန့်ပွားနှုန်းလျော့ကျလာရေး၊ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အဓိကမှာ ပြည်သူ ပြည်သားများပင် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ လျော့ကျထိန်းချုပ်နိုင်ရေးမှာ နှာခေါင်းစည်းတပ်ရန်၊ လက်ဆေးရန်၊ ခပ်ခွာခွာနေထိုင်ရန် အချက် သုံးချက်သည် အဓိကဖြစ်သည်။ ထိုအချက်သုံးချက်ကို အမှန်တကယ်လိုက်နာလျှင် ဖြစ်ပွားနှုန်း လျော့ကျပြီး ကိုဗစ်-၁၉ ရောဂါကို လက်တွေ့ထိန်းချုပ်နိုင်မည် ဖြစ်သည်။

လက်ရှိတွင် ရောဂါဖြစ်ပွားနှုန်း သိသိသာသာ ကျဆင်းလာခြင်းမရှိသေးသဖြင့် ထိန်းချုပ်နိုင်ရေးမှာ အလှမ်းမနီးသေးပေ။ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ ကာကွယ် ဆေးထိုးခြင်းအပါအဝင် လုပ်ငန်းစဉ် များစွာရှိသည့်အနက် အဆိုပါ အချက်သုံးချက်မျှ လိုက်နာဖြစ်လျှင် ရောဂါ ဖြစ်ပွားနှုန်းမှာ အတိုင်းအတာတစ်ခုအထိ လျော့ကျလာနိုင်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ တစ်နှစ်နီးပါးရှိလာပြီဖြစ်သော်လည်း ရောဂါကိုမထိန်းချုပ် နိုင်သေး၍ လူမှုရေး၊ စီးပွားရေးဆိုင်ရာ များအားလုံး ပုံမှန်ပြန်မရောက်လာနိုင်သေးပေ။

နိုင်ငံတော်အနေဖြင့် ပြည်သူများပုံမှန်ဘဝကို ပြန်လည်ရောက်ရှိနိုင်ရေး၊ ကန့်သတ်ထိန်းချုပ်မှုများ ဖြေလျှော့ပေးနိုင်ရေး၊ လူမှုစီးပွား အဆင်ပြေစေရေးအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေး အပိုင်းကို မျက်ခြည်မပြတ် အလေးထားဆောင်ရွက်ပေးနေချိန်တွင် ပြည်သူ ပြည်သားများဘက်ကလည်း မိမိတို့၏လိုအင်များ သင့်တင့်သလိုရရှိလာနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက် သည့် စည်းကမ်းများကို အလေးထားလိုက်နာကြရန် လိုအပ်ပါသည်။ ကျန်းမာရေး စည်းကမ်းများကို လိုက်နာကြရာတွင် တစ်နိုင်ငံ လုံးအနေဖြင့် လူအမျိုးမျိုး၊ စိတ်အထွေထွေ ရှိသည်ဖြစ်၍ ကိုဗစ်စည်းကမ်းအားလုံးကို မလိုက်နာနိုင်သော်လည်း နှာခေါင်းစည်း တပ်ဆင်ခြင်း၊ လက်ဆေးခြင်းကိစ္စ နှစ်မျိုးမျှသာ ပြုလုပ်နိုင်လျှင်ပင် ရောဂါဖြစ်ပွားမှု အတိုင်းအတာတစ်ခုအထိ ကျဆင်းလာမည်မှာ သေချာပါသည်။

ထို့ကြောင့် ပြည်သူအားလုံးအတွက် အလုပ်အကိုင်များ ပုံမှန်လုပ်ကိုင် လိုပါသလား၊ စီးပွားရေး လုပ်ငန်းများ တန်းတူလည်ပတ် လိုပါသလား၊ မိမိတို့ သွားလိုရာနေရာဒေသများသို့ ပျော်ရွှင် ချမ်းမြေ့စွာဖြင့် လွယ်လင့်တကူ သွားလာလိုပါသလား၊ မိမိတို့ အားလပ်ချိန်များတွင် ပျော်ရွှင် ချမ်းမြေ့စွာ အနားယူအပန်းဖြေလိုပါသလား၊ မိမိတို့ဘာသာအလိုက် ယုံကြည်ကိုးကွယ်ရာ နေရာ များတွင် စိတ်နှလုံးချမ်းမြေ့စွာ ဖူးမြော်ကြည်ညို၊ ပူဇော်လိုပါသလား၊ မိမိတို့၏ရင်သွေး၊ မိမိတို့၏သားသမီးများ နေ့စဉ်ပုံမှန် ပညာ ဆည်းပူးလိုပါသလား စသည့်ပြည်သူများ၏ လူမှုဘဝ လိုအင်များ ပုံမှန်ပြန်လည်ရရှိလိုပါလျှင် နှာခေါင်းစည်းတပ်ရန်နှင့် လက်ဆေးရန် အလုပ်နှစ်လုပ်မျှအား မပျက်မကွက် လိုက်နာဆောင်ရွက်သင့်ပါသည်။ အကယ်၍ ထိုအချက်နှစ်ချက်မျှ ကိုပင် သင့်အနေဖြင့် သိလျက်နှင့် လိုက်နာဆောင်ရွက်လိုခြင်းမရှိပါက သင်သည် နိုင်ငံသား တာဝန်မကျေသူ၊ တာဝန်မဲ့သူ ဖြစ်ပေလိမ့်မည်။

ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အဓိကသက်ဆိုင်သည့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ပြည်သူလူထု ကျန်းမာရေးကို နေ့စဉ်ဆောင်ရွက်ပေးနေသော ပုဂ္ဂိုလ်များအနေဖြင့် ရောဂါဖြစ်ပေါ်မှုကြာရှည်လာသည်နှင့် စိတ်ပန်း၊ လူပန်း ဖြစ်ကြရပြီး ထိခိုက်နစ်နာမှုများပင် ရှိလာကြသည့်အပြင် နိုင်ငံတော်အနေဖြင့်လည်း ကျန်းမာရေးအတွက် ကုန်ကျစရိတ်များ အမြောက်အမြားရှိလာပြီဖြစ်သည်။ မြန်မာနိုင်ငံသည် မဖွံ့ဖြိုးသေးသည့် နိုင်ငံဖြစ်သည်ကို အားလုံးသိရှိကြပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်သူများ မည်သည့်ဘဝသို့ ရောက်ရှိနေသည်ကိုလည်း သိရှိနေကြပါသည်။ ကျန်းမာရေးဆိုင်ရာတွင် ဘဏ္ဍာငွေ ပုံပေးရလျှင် အခြားကဏ္ဍများတွင် လိုအပ်ချက်ရှိလာမည် ဖြစ်သည်။

ထို့ကြောင့် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများသို့ အစီရင်ခံတင်ပြရာတွင် “ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားများက မြန်မြန်တိုးတက်ချင်တယ်။ မြန်မြန်ဖွံ့ဖြိုးတိုးတက်ချင်တယ်။ မြန်မြန်ပိုပြီးတော့ သာမန်အရင်တုန်း ကလိုပေါ့။ သွားလိုက်၊ လာလိုက်နဲ့ လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက်နိုင်တဲ့ဘဝကို ပြန်ရောက်ချင်တယ် ဆိုရင်တော့ ကိုဗစ်ပြန့်ပွားမှုကို အားလုံးဝိုင်းပြီးတော့ ထိန်းပေးဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ အဲဒါကိုလည်း ကျွန်မတို့ဂရုစိုက်စေ ချင်ပါတယ်” ဟု ပြောကြားထားသည်။

သို့ဖြစ်ရာ ပြည်သူ ပြည်သားများအနေဖြင့် ယခင်ပုံမှန်ဘဝများအတိုင်း ပြန်လည်ရရှိလိုပါလျှင်၊ ကန့်သတ်ထားမှုများမှ လွတ်မြောက် လိုပါလျှင်၊ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံ၊ လူမှုဘဝများသို့ မြန်မြန်ရောက်ရှိလိုပါလျှင် စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရန် အလွန်အရေးကြီး ပါကြောင်း။ ။