Skip to main content

ကိုဗစ် - ၁၉ ဗိုင်းရပ်စ်၏ ဗီဇအပြောင်းအလဲ

နှစ်တစ်နှစ် ကုန်ဆုံးခါနီးခဲ့ပြီ။ ကမ္ဘာသုံး ပြက္ခဒိန်အရ ခရစ်နှစ် ၂၀၂၀ မှသည် ၂၀၂၁ သို့ ကူးပြောင်းရန် အရှိန်ယူနေပါပြီ။ ပုံမှန်အတိုင်း နှစ်သစ်ကူးခဲ့ကြသည့် အစဉ်အလာအရဆိုလျှင် ယခုလိုအချိန်က ပွဲတော်များ၊ မီးရောင်စုံများ၊ အလုပ်များ၊ ကျောင်းများ၏ ပိတ်ရက်ရှည်များဖြင့် စည်ကားသိုက်မြိုက် မြူးထူးနေကြချိန်။

အထူးသဖြင့်မူ အနောက်နိုင်ငံများတွင် ခရစ္စမတ်ကို မိသားစု တွေ့ကြဆုံကြရန် တစ်နှစ်တာအတွက် အကောင်းဆုံး အခွင့်အရေး အဖြစ် သတ်မှတ်ကာ တွေ့ကြဆုံကြသည်။ အနယ်နယ် အရပ်ရပ်သို့ ရောက်နေကြသော မိသားစုဝင်များသည် မိဘရပ်ထံ ပြန်လာကာ စုကြဝေးကြ ဆုံကြလေ့လည်း ရှိလေရာ ခရီးသွားရာသီ၊ ပွဲတော် ရာသီအဖြစ် သတ်မှတ်ထားကြသည် ဖြစ်ပေ၏။

ယခု ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှု အန္တရာယ်က ပွဲတော်များ ဆင်နွှဲကျင်းပခြင်းကို အားမပေး၊ ခရီးသွားလာခြင်း၊ တစ်နေရာနှင့် တစ်နေရာ ကူးလူးဆက်ဆံခြင်းကို အားမပေး၊ လူစုလူဝေးများခြင်း၊ စုရုံးခြင်းကို အားမပေးဖြစ်လေရာ ပွဲတော် ကာလနှင့် ထိပ်တိုက်ဆန့်ကျင် တိုးတော့သည်။

သည်လိုအခြေအနေအတွင်း၌ အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါကို ဖြစ်ပွားစေသည့် ဗိုင်းရပ်စ်ပိုးသည် ဗီဇပြောင်းလဲမှုအသစ်ဖြင့် ကူးစက်ပျံ့နှံ့မှုများ ဖြစ်ပွားနေသည်ကို တွေ့ရှိရကြောင်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၄ ရက်က ကြေညာခဲ့ပါသည်။ ထိုဗီဇပြောင်း ဗိုင်းရပ်စ်ပိုးသည် ယခင်ပိုးများထက် ကူးစက်မှု ပိုမိုမြန်ဆန်ပျံ့နှံ့လွယ်သည် ဟုလည်း ဆိုပါသည်။ သို့သော်လည်း ထိုပိုးကြောင့် ရောဂါဝေဒနာ ပိုမိုပြင်းထန်လာသည်ဟူသည့် အထောက်အထား မတွေ့ရသေးဟုလည်း ဆိုပါသည်။ ပညာရှင်အစုံစုံတို့ ပူးပေါင်းကာ ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးအသစ်ကို စစ်ဆေးသုတေသန ပြုနေကြဆဲ၊ စမ်းသပ်နေကြဆဲ ဖြစ်ပါသည်။

ဗိုင်းရပ်စ်ပိုးတို့သည် ရှင်သန်ပြန့်ပွားနေရင်း သူ၏ကြံ့ခိုင်သန်မာမှုနှင့် သက်တမ်းရှည်လျား စေရေးအတွက် ဗီဇပြောင်းလဲ ရင့်ကျက်လာသည်မှာ သဘာဝဖြစ်၏။ သူ၏ ကူးစက်ပျံ့နှံ့နိုင်မှုကို ပိုမိုမြန်ဆန်လာအောင်၊ အလွယ်တကူ ပိုမိုပြန့်ပွားနိုင်အောင် ပြင်ဆင်လာလေ့ရှိ၏။ တစ်နည်းဆိုသော် မိမိ၏မျိုးရိုးဗီဇကို မိမိဘာသာ မြှင့်တင်ပေးနေသည့် သဘာဝအတိုင်း ဗီဇရင့်သန် ပြောင်းလဲလာခြင်းဖြစ်၏။

ဗိုင်းရပ်စ်ပိုး၏ ဗီဇရင့်သန်ပြောင်းလဲလာမှုကို အစဉ်တစိုက် ခွဲခြမ်းစိတ်ဖြာ စိစစ်လေ့လာနေသည့် ပညာရှင်အဖွဲ့က ထိုသို့ ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးကို အင်္ဂလန်အရှေ့တောင်ပိုင်းအရပ်နှင့်အတူ ဝေလနယ်၊ စကော့တလန်နယ်တို့တွင်ပါ တွေ့ရှိလာရသည်ဟု ဆိုပါသည်။

မည်သို့ပင်ဖြစ်စေ၊ ပိုမိုလျင်မြန်စွာ ကူးစက်နိုင်သည့် ဗီဇပြောင်း ဗိုင်းရပ်စ်ကို တွေ့ရှိလာနေပြီ ဆိုသည်ကား အမှန်ဖြစ်ပါသည်။ ယင်းဗိုင်းရပ်စ်ကြောင့် ခံစားရသော ရောဂါဝေဒနာ ပိုမိုပြင်းထန်သည်ကို မတွေ့ရသေးသော်လည်း ပိုမိုသတိထားကြရန် လိုအပ်သည်ဟု နှိုးဆော်ထားပါသည်။

အထက်တွင် ဆိုသကဲ့သို့ နှစ်ကုန်ခါနီး ပိတ်ရက်ရှည်များနှင့် ယှဉ်တွဲနေသော ပျော်ရွှင်ဖွယ် ရက်များဖြစ်သည့် ခရစ္စမတ်၊ နှစ်သစ်ကူး ပွဲတော်ရက်များအတွင်း လူစုလူဝေးစုရုံးမှုကို ကျန်းမာရေးပညာရှင်များ၊ ကျန်းမာရေးဝန်ထမ်းများက များစွာ စိုးရိမ်နေကြသည်။ ထို့ကြောင့်ပင် အင်္ဂလန်တွင် တွေ့ရှိလာသည့် ဗီဇပြောင်း ဗိုင်းရပ်စ်၏ မြန်ဆန်သော ကူးစက်မှုကို အကြောင်းပြု၍ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က လန်ဒန်ဧရိယာနှင့် အရှေ့တောင်ပိုင်းနယ်များကို ည ၁၂ နာရီနောက်ပိုင်း အပြင်မထွက်ရ၊ ခရီးမသွားရ ကန့်သတ်မှု အမိန့်ထုတ်ပြန်လိုက်သည်။ အမျှော်လင့်ကြီး မျှော်လင့်ခဲ့သော ခရစ္စမတ်နှင့် နှစ်သစ်ကူး ပွဲတော်များကို အတော်ပင် တိတ်တိတ်ဆိတ်ဆိတ် ကျင်းပကြရန် အကြောင်းဖန်လာခဲ့ပါသည်။

မြန်မာနိုင်ငံတွင်လည်း ထိုဗိုင်းရပ်စ်၏ မျိုးရိုးဗီဇတစ်ခုလုံးကို လေ့လာသော သုတေသန ပြုမှုများကို ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ နိုင်ငံတကာ အနေအထားအရ ပိုမိုလျင်မြန်စွာ ကူးစက်သည့် ဗီဇပြောင်း ဗိုင်းရပ်စ်ကို စတင်တွေ့ရှိနေပြီဖြစ်ရာ၊ မြန်မာနိုင်ငံသား ပြည်သူတို့ ရောဂါကာကွယ်ရေး အခြေခံများကို ကျင့်ကြံရင်း၊ လူစု လူဝေးများ မပြုလုပ်ရ အစရှိသည့် ထုတ်ပြန်ပြဋ္ဌာန်းထားသော ကျန်းမာရေးဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းတို့ကို အထူးဂရုပြု လိုက်နာကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသတည်း။ ။