Skip to main content

ကျွမ်းကျင်မှုဖြင့် တိုးတက်သည့်နိုင်ငံထူထောင်

“နိုင်ငံတစ်နိုင်ငံရဲ့ အသက်မွေးဝမ်းကျောင်းပညာဟာ အမှန်တကယ်တိုးတက်ပါမှ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာနိုင်မှာ ဖြစ်တဲ့အတွက် ဒီလိုအသက်မွေး ပညာရပ်တွေကို သင်ကြားလေ့ကျင့်ပေးနေတဲ့ အင်းစိန်ဂျီတီအိုင် သိပ္ပံကျောင်းတွေရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဟာ တစ်နေ့တခြား အရေးပါတဲ့အခန်းကဏ္ဍတစ်ခုအနေနဲ့ တည်ရှိလျက်ရှိပါတယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဂျီတီအိုင်ပညာရေး (၁၂၅) နှစ်ပြည့်အထိမ်း အမှတ်ဖွင့်ပွဲတွင် ဗီဒီယိုဖြင့် ဂုဏ်ပြု ဝမ်းမြောက်စကားပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် စက်မှုလက်မှုသိပ္ပံပညာရေးခရီးလမ်းသည် ယခုအခါ ၁၂၅ နှစ်ပြည့်ပြီဖြစ်၍ နိုင်ငံတွင် ကျွမ်းကျင်သော လူသားအရင်းအမြစ်များ ပေါ်ထွန်းရေးနှင့်စပ်လျဉ်းပြီး အထူးပင် ဝမ်းမြောက်ဂုဏ်ယူစရာပင် ဖြစ်သည်။ ကျွမ်းကျင်သူအတတ်ပညာရှင်များကို မွေးထုတ်ပေးသော စက်မှုလက်မှုသိပ္ပံ၏ ပညာရေးခရီးလမ်းသည် အသိပညာရှင်၊ အတတ်ပညာရှင်များကို မွေးထုတ်ပေးနေသည့် အမိရန်ကုန်တက္ကသိုလ်ထက်ပင် သက်တမ်းပိုမိုရှည်ကြာစွာ နိုင်ငံအကျိုး ကို တာဝန်ကျေပွန်စွာ သယ်ပိုးထမ်းဆောင်လျက်ရှိသဖြင့် ဂုဏ်ယူထိုက်၊ ချီးမြှောက်ထိုက်သော ပညာရပ်ဝန်းတစ်ခုဖြစ်ပေသည်။

ရန်ကုန်မြို့ လသာမြို့နယ် မြို့မကျောင်းလမ်း၌ ၁၈၉၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင်မွေးဖွားခဲ့သော အစိုးရအင်ဂျင်နီယာကျောင်းမှ စတင်သည့် အင်းစိန်ဂျီတီအိုင် စက်မှုလက်မှုသိပ္ပံကျောင်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးပေါ်ပေါက်လာသည့် သက်တမ်း အရှည်ဆုံး စက်မှုနည်းပညာဆိုင်ရာကျောင်းဖြစ်သည်။ အင်းစိန်ဂျီတီအိုင်မှ အစပြုပြီး မြန်မာနိုင်ငံတစ်ဝန်းတွင် စက်မှုလက်မှုသိပ္ပံ မန္တလေး၊ ကလော၊ ပြည်၊ ချောက်၊ မော်လမြိုင်၊ ဟင်္သာတ၊ တောင်ငူ၊ မုံရွာ၊ မိတ္ထီလာ၊ မအူပင်၊ သန်လျင်မြို့တို့တွင် ကျောင်း ၁၂ ကျောင်း ဆက်လက်ဖွင့်လှစ်သင်ကြားပေးကာ ကျွမ်းကျင်သူ လူသားအရင်းအမြစ်များ မွေးဖွားပေးနိုင်ခဲ့ သည်။

ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်နေသည့်နိုင်ငံများတွင် ကျွမ်းကျင်သူ အတတ်ပညာရှင်များကို ပိုမိုအရေးတယူတန်ဖိုးထားပြီး နိုင်ငံကို ခေတ်နှင့်အညီ တိုးတက်ရေး၊ နိုင်ငံ့လူမှုစီးပွား မြင့်မားတိုးတက်လာရေးအတွက် ထိရောက်စွာအသုံးပြုနိုင်သည်ကိုတွေ့ရသည်။ စက်မှုလက်မှု သိပ္ပံကျောင်းများအနေဖြင့် နည်းပညာပိုင်းဆိုင်ရာတတ်မြောက်မှုကို အဓိကအထူးပြုသဖြင့် ခေတ်မီအဆင့်မြင့်နည်းပညာများအား အချိန်ကာလနှင့်အညီ သင်ကြားပျိုးထောင်ပေးရန် လိုအပ်သည်။ မြန်မာနိုင်ငံတွင် စက်မှုလက်မှုသိပ္ပံကျောင်း များသည် အရည်အချင်းမြင့်မားသော ကျွမ်းကျင်ပညာရှင်များကို မွေးထုတ်ပေးနိုင်သဖြင့် ယနေ့ထက်တိုင် ပြည်တွင်းသာမက ပြည်ပနိုင်ငံတို့ကပါ အသိအမှတ်ပြုခြင်း ခံထားရသည်။

မြန်မာနိုင်ငံတွင် အစောပိုင်းကာလက ကျွမ်းကျင်မှုပညာသင်ကြား ခဲ့ကြသော လူငယ်များ အနေဖြင့် အခြေခံအဆင့်ဖြစ်သည့် စက်မှုလက်မှု အထက်တန်းကျောင်း အဆင့်အောင်မြင်ပြီး မြောက်ပြီးလျှင်ပင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများတွင် အလုပ်အကိုင် အခွင့်အလမ်းများလမ်းပွင့်သွားသည့် အနေအထားရှိသည်။ ထို့ကြောင့် စက်မှုလက်မှု အထက်တန်း ကျောင်းများမှတစ်ဆင့် ပေါင်းကူးတက်လှမ်းပြီး စက်မှုလက်မှုသိပ္ပံ၊ စက်မှုတက္ကသိုလ်များသို့ ဆက်လက်ကြိုးပမ်းတက်လှမ်းကြသည့်အခါ ပိုမိုကောင်းမွန်သည့် အခွင့် အလမ်းကောင်းများ ရရှိလာကြပေသည်။

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံကိုတည်ဆောက်ရာ၌ နိုင်ငံတကာနှင့် ရင်ပေါင်တန်းကာ ဖွံ့ဖြိုးတိုးတက်မှု လိုက်ပါနိုင်ရေးအတွက် နည်းပညာ၊ ကျွမ်းကျင်မှုပညာများ အထူးလိုအပ်နေသည်။ နည်းပညာ၊ ကျွမ်းကျင်မှုပညာမြင့်မားမှုကို ရရှိပိုင်ဆိုင်ထားခြင်းဖြင့် ဖွံ့ဖြိုးတိုးတက် ကြွယ်ဝသောနိုင်ငံအဖြစ် ပိုင်ဆိုင်နေသည်ကို နိုင်ငံတကာတွင် မြင်တွေ့နိုင် သည်။ တိုင်းပြည်တစ်ပြည်တွင် သယံဇာတကြွယ်ဝခြင်း၊ မကြွယ်ဝခြင်းထက် နည်းပညာ၊ ကျွမ်းကျင်မှုပိုင်ဆိုင်သောနိုင်ငံများက တစ်ပန်းသာသည်ကို လက်တွေ့မြင်တွေ့နိုင်ပါသည်။ ထို့ကြောင့် အရည်အသွေးမြင့်မားသော နည်းပညာရှင်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် ကျွမ်းကျင်လုပ်သားများ၊ မွေးထုတ်ပေးနိုင်ရန်အတွက် မျက်မှောက်ကာလတွင် နိုင်ငံတော် အစိုးရက အားပေးချီးမြှောက်မြှင့်တင်ပေးနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

ယခုအခါ စက်မှုလက်မှုသိပ္ပံကျောင်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ဂျီတီအိုင်ပညာရေး (၁၂၅) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ချမှတ်ထားသည့် ဦးတည်ချက် (၅)ချက်ကို အကောင်အထည်ဖော်ရမည် ဖြစ်သည်။ အခြေခံအထက်တန်းပြီးမြောက်အောင်မြင်မည့်လူငယ်လူရွယ်များ ခေတ်မီအဆင့်ကျွမ်းကျင်မှု နည်းပညာများ လက်လှမ်းတမီ သင်ယူတတ်မြောက်ကာ နိုင်ငံအကျိုးကို သယ်ပိုးထမ်းရွက် နိုင်ရန်အတွက် စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်ပေးကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ အရည်အသွေးမြင့်မားသော နည်းပညာရှင်၊ ကျွမ်းကျင် ပညာရှင်နှင့် ကျွမ်းကျင်လုပ်သားများ မြန်မာနိုင်ငံတွင် စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရန်အတွက် လူငယ်လူရွယ်များ လက်လှမ်းတမီ လေ့လာသင်ယူနိုင်သည့် စက်မှုလက်မှုအထက်တန်း ကျောင်းများနှင့် စက်မှုလက်မှု သိပ္ပံကျောင်းများအား ခေတ်နှင့်အညီ အဆင့်မြင့်မားအောင် ဝိုင်းဝန်းမြှင့်တင် အားပေးကြရမည် ဖြစ်ပါကြောင်း။