အခွန်ထမ်းပြည်သူများ သိထားသင့်သော အခွန်အယူခံခုံအဖွဲ့အကြောင်း
နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံတော်နှင့်နိုင်ငံသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် အခွန်အကောက်ရငွေများသည် အဓိကကျသည့်ဘဏ္ဍာငွေများဖြစ်ပါသည်။ အဆိုပါ အခွန်အကောက်ရငွေများ ဥပဒေနှင့်အညီအပြည့်အဝရရှိရန် အခွန်ကောက်ခံမှုစနစ်သည် အခွန်ထမ်းပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ညီညွတ်မျှတစေပြီး နိုင်ငံတော်၏စီးပွားရေးကို အထောက်အကူပြုရန် လိုအပ်သကဲ့သို့အခွန်အာဏာပိုင်များ၏ အခွန်စည်းကြပ်ကောက်ခံမှုအပေါ် အပြည့်အဝကျေနပ်မှုမရှိသည့် အခွန်ထမ်းများအတွက် ပွင့်လင်းမြင်သာသည့် အခွန်အယူခံစနစ်တစ်ခု တည်ရှိရန်လည်းလိုအပ်ပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် အစိုးရအဆက်ဆက်က ခေတ်စနစ်နှင့်အညီ အခွန်အယူခံခုံရုံးများ ဖွဲ့စည်းပြီးတရားမျှတမှုရှိရေး ကြိုးပမ်းအကောင်အထည်ဖော်ခဲ့ကြပါသည်။
