မြန်မာ့မီးရထားအနေဖြင့် ယခုနှစ် မေလ ၁ ရက်နေ့က သက်တမ်း ၁၄၅ နှစ် ဆိုသည့် ဘူတာစဉ်အမှတ်ကို ဖြတ်ကျော် ခုတ်မောင်းခဲ့ပြီဖြစ်သည်။ မြန်မာ့ မီးရထားပေါ်ပေါက်လာပုံ သမိုင်းအကျဉ်း ပြန်ပြောင်းကြည့်ရလျှင် ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်နယ်ချဲ့တို့အနေဖြင့် မြန်မာနိုင်ငံကို ဒုတိယအကြိမ်ကျူးကျော်သိမ်းပိုက် ပြီးနောက် အောက်မြန်မာပြည်၏ လမ်းပန်းဆက်သွယ်ရေးမှာ လူသွားလမ်း၊ လှည်းလမ်းကြောင်းများနှင့် မြစ်ချောင်းတို့တွင် လှေသမ္ဗန်များဖြင့်သာ ဆက်သွယ်သွားလာလျက်ရှိခြင်း၊ ၁၈၆၉ ခုနှစ်တွင် စူးအက်တူးမြောင်း ဖွင့်လှစ်ပြီးနောက် အဓိကဒေသ ထွက်ကုန်ဖြစ်သည့် ဆန်နှင့်အခြားပို့ကုန်များ တင်ပို့မှုတိုးတက်လာခြင်းနှင့် အထက်မြန်မာပြည်ကို အုပ်ချုပ်လျက်ရှိသည့် မြန်မာဘုရင်က စစ်တုံ့ပြန်သည့်အခါ၎င်းတို့၏ ဗြိတိသျှစစ်တပ်နှင့် စစ်လက်နက်ပစ္စည်းများကို အလျင်အမြန် ရွှေ့ပြောင်းပို့ဆောင်နိုင်ရန်တို့ အတွက် ရထားလမ်းဖောက်လုပ်ရန် သုံးသပ်လာကြသည်။