ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်ကြစေဖို့ ကိုယ်လက်လှုပ်ရှားကစားစို့
လူ့ဘဝတွင် အသက်ရှင်သန် နေထိုင်ရစဉ်အတွင်း ကျန်းမာစွာနေထိုင်ရခြင်း၏တန်ဖိုးသည် အလွန်ကြီးမားလှပါသည်။ လူသားတို့သည် အများအားဖြင့် ကျန်းမာခြင်း၏တန်ဖိုးကို နေထိုင်မကောင်းဖြစ်ချိန်၊ ရောဂါဘယထူပြောလာချိန်မှသာ သိရှိလာတတ်ပါသည်။ ကျန်းမာခြင်း၏တန်ဖိုးရှိမှုအပေါ် အမှတ်တမဲ့ ထားလေ့ရှိကာ သတိမမူကြဘဲ ဖျားနာပြီး ရောဂါဘယဖြစ်ပွား၍ မထနိုင်မသွားနိုင်၊ မစားနိုင် မသောက်နိုင်ဖြစ်ချိန်မှ ကျန်းမာခြင်း၏ တန်ဖိုးရှိပုံကို သတိရကြသည်။ ရခဲလှသော လူ့ဘဝတွင် လူဖြစ်ရကျိုးနပ်စေရန်၊ လူဖြစ်မရှုံးစေရန် အခြေခံလိုအပ်သည့် ကျန်းမာရေးကောင်းမွန်ခြင်း၊ ကြံ့ခိုင်သွက်လက်ခြင်းတို့ကို ရရှိပိုင်ဆိုင်နိုင်ရန် လိုအပ်ပါသည်။ ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်မှသာလျှင် လောကီအလုပ်၊ လောကုတ္တရာအလုပ်များကို ပေါက်မြောက်အောင်မြင်အောင် စွမ်းဆောင်နိုင်မည်ဖြစ်သည်။
