မိုးမြင့်တောင်ပံ . . . တိမ်ယံထိုးဖွင့် . . . တံခွန်လွှင့်ပြီ
မှန်ပါသည်။ လေသူရဲကောင်းဟူသည် စစ်ရပ်နယ်ခွင် မိုးယံပြင်၌သာ မှတ်ကျောက်တင်ခံရမြဲဖြစ်၏။ လူသည် မြေမှာမွေးဖွား၊ မြေ၌ ကျင်လည် မြေဝယ်ရုန်းကန် လှုပ်ရှားရသည်မှာ အစဉ်အလာဓမ္မတာပင်ဟု ဆိုရပါမည်။ သို့ရာတွင် သိပ္ပံနှင့်နည်းပညာနယ်ပယ် ဆန့်ထွက်ဖြန့်ကြက်မှု ကျယ်ပြောလာစေသမျှ သဘာဝကို ပြောင်းလဲစေတန်ရာသော အကြောင်းခြင်းရာများ စူးစမ်းရှာဖွေ တွေ့ရှိလာခဲ့ကြပေသည်။ ထိုအခါ လေကြောင်းပညာရပ်၏ ကြီးမြင့်သောဂုဏ်ဒြပ်နှင့် ထိရောက်သောအရေးပါမှုများသည် စွမ်းအားကြီးတစ်ခုသဖွယ် ဖြစ်လာပြီး သိသိသာသာထင်ရှားလာခဲ့ပါသည်။
