မြတ်ဗုဒ္ဓ၏ ဖြစ်တော်စဉ်များနှင့် ဆက်နွှယ်နေသော လမြတ်ဝါဆို
မြန်မာနိုင်ငံတွင် နွေမိုးဆောင်း ရာသီဥတုသုံးပါး၌ ချစ်စရာကောင်းသော ဆယ့်နှစ်လရာသီပွဲများ ရှိပေသည်။ မြန်မာလများဖြစ်သည့် တန်ခူးလမှ တပေါင်းလအထိ လအလိုက်ပွဲတော်များရှိကြသည်။ ထိုလများထဲတွင် ဝါဆိုလသည် ထူးမြတ်၍ ကြည်နူးစရာကောင်းသော လတစ်လဖြစ်ပေသည်။ ဗုဒ္ဓဘာသာဝင်တို့သည် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၊ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)နှင့် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တို့တွင် အခြားနေ့များထက်ပို၍ ကောင်းမှုပြုရန် စိတ်အားထက်သန်ကြသည်။ မြတ်ဗုဒ္ဓ၏ ဖြစ်တော်စဉ်များနှင့် ဆက်နွှယ်နေသောကြောင့် ဖြစ်သည်။
