မြန်မာစကားပုံတွင် “နှုတ်တစ်ရာစာတစ်လုံး” ဟု အဆိုရှိသည့်အတိုင်း စကားအခွန်းပေါင်းတစ်ရာ ပြောဆိုခြင်းထက် စာတစ်လုံးရေးမှတ်ခြင်းသည်သာ မှတ်တမ်းမှတ်ရာအဖြစ် ကျန်ရှိခြင်းနှင့် ပိုမိုထိရောက် ခိုင်မာမှုရှိခြင်းတို့ကြောင့် ရှေးရာစုခေတ်များကတည်းကပင် မှတ်တမ်းမှတ်ရာများကို ကိုးကား၍ ရှေ့ဆက် ဆောင်ရွက်သင့်သည်များကို ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။ မြန်မာအဘိဓာန်တွင် “မှတ်တမ်း”၏ အဓိပ္ပာယ်ကို “အရှည်သဖြင့် သိမှတ်ဖွယ်ရာတို့ကို ရေးမှတ်ထားသောစာ” ဟု ဖွင့်ဆိုထားသည်။