“မတ်လ” တစ်နည်းအားဖြင့် မြန်မာနှစ် တပေါင်းလအခါသမယ၏ နွေရာသီလေပြည်လေးများသည် ငြိမ်းချမ်းသောအသွင်ကိုဆောင်လျက် တသုန်သုန်ဆော်သွေးတိုက်ခတ်နေပါသည်။ “တပေါင်းသာခေါင်လများနောင်” ဆိုစကားနှင့်အညီ ပတ်ဝန်းကျင်တစ်ခွင်မှာ သာယာလှပ၊ ကြည်လင်ငြိမ်းချမ်းခြင်းတို့ဖြင့် တင့်တယ်လျက်ရှိပါသည်။ နေပြည်တော်ရှိ ရုံးအမှတ်(၉) အမည်နာမခေါ်တွင်သည့် ထည်ဝါသော ရုံးအဆောက်အအုံကြီးရှေ့ရှိ မြန်မာနိုင်ငံအလံသည် တိမ်အပြာနုရောင်၊ တိမ်မီးခိုးရောင်ဖျော့ဖျော့နှင့် အဖြူရောင် တိမ်စိုင်တိမ်လိပ်များနှင့်အပြိုင် မိုးကောင်းကင်ယံတွင် ငွားငွားစွင့်စွင့် ဝင့်ဝင့်ကြွားကြွား လွင့်ပျံနေပါသည်။ ထိုကျက်သရေရှိလှသည့် အဆောက်အအုံသည်ကား မြန်မာနိုင်ငံ၏ အထင်ကရနိုင်ငံခြားရေးဝန်ကြီးဌာနပင် ဖြစ်ပါသည်။