မန္တလေးတိုင်းဒေသကြီး

သာစည်မြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး မွမ်းမံသင်တန်းနှင့် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း မွမ်းမံသင်တန်း ဖွင့်လှစ်ပို့ချ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး မွမ်းမံသင်တန်းနှင့်မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း မွမ်းမံသင်တန်းတို့ကို ဇန်နဝါရီ ၁ ရက်က ဖွင့်လှစ်ပို့ချလျက်ရှိရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းအောင်ကျော်သည် မိတ္ထီလာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့်ကော်မတီဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်ကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့်အတူ သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။

အာနန္ဒာဘုရားကြီး၏ (၉၃၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီး၏ (၉၃၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ယနေ့နံနက် ၇ နာရီအချိန်က ပင့်သံဃာ ၃၂၀ ပါးတို့အား ဆွမ်းသပိတ်လောင်းလှူခြင်းများဖြင့် ဗုဒ္ဓပူဇနိယပွဲတော်အား ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် ရွှေကြာအင်းကျေးရွာ၌ ဆောင်းကြက်သွန်နီများ စတင်တူးဖော်ရောင်းချသူ တောင်သူများ အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရွှေကြာအင်းကျေးရွာ၌ ဆောင်းကြက်သွန်နီများ စတင်တူးဖော်လျက်ရှိရာ အထွက်နှုန်းကောင်းမွန်ပြီး ဝယ်ယူဈေးသင့်တင့်သည့်အတွက် စိုက်ပျိုးရောင်းချသူတောင်သူများ အဆင်ပြေကြောင်း သိရသည်။

သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ထက်လယ်မူအဆင့် ကဗျာရွတ်၊ စာစီစာကုံးနှင့် ကဗျာရေးစပ်ပြိုင်ပွဲများကို ဒီဇင်ဘာ ၃၁ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရတနာပုံတက္ကသိုလ်၌ ငွေရတုအထိမ်းအမှတ်မဂ္ဂဇင်း စာမူရှင်ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် နှစ်လည်မဂ္ဂဇင်းကော်မတီက ကြီးမှူးကျင်းပသည့် “ငွေရတုအထိမ်းအမှတ်မဂ္ဂဇင်း” စာမူရှင်ဂုဏ်ပြုပွဲ အခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက်၊ မွန်းလွဲ ၁ နာရီက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ-၂ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ် ဒေါက်တာမာလာယုအောင်၊ နှစ်လည်မဂ္ဂဇင်းကော်မတီဥက္ကဋ္ဌ ဒေါက်တာဒေါ်ထွေးရီနှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများနှင့် ဆရာ၊ ဆရာမများ၊ စာမူရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာဇောတမထေရ် နှစ်သစ်ဦးတရားတော်နှင့် သံဃာတော်အရှင်သူမြတ် (၂၇၉၆)ပါး၊ သီလရှင် ဆရာကြီး၊ ဆရာလေး (၃၀၀)ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရွှေစည်းခုံဘုရားဝန်းအတွင်း ဝေဇယန္တာဓမ္မဗိမာန်တော်ကြီးအတွင်း၌ ယမန်နေ့ည (၆)နာရီအချိန်၌ သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာဇောတမထေရ် နှစ်သစ်ဦးတရားတော်နှင့် ယမန်နေ့နံနက် (၄)နာရီအချိန်က သံဃာတော်အရှင်သူ မြတ် (၂၇၉၆)ပါး၊ သီလရှင် ဆရာကြီး/ဆရာလေး (၃၀၀)ပါးတို့အား ဆွမ်းဆန်စိမ်း၊ ထီး၊ သင်္ကန်း၊ ဖိနပ်၊ ဆေဝါးများနှင့် နဝကမ္မအလှူတော်ငွေများ လောင်းလှူခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ ကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကျီးပြကျေးရွာ၌ စိုက်ပျိုးထားသည့် ကြက်သွန်နီ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများအား နေ့ထူးနေ့မြတ်များအကြောင်းသိရှိစေရန်နှင့် ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲ ၁ နာရီက အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ၏ လက်ဝယ်အရောက်အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

မဟာအောင်မြေမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး‌ကောက်ပွဲ ကျင်းပရာတွင် မဲဆန္ဒရှင်ပြည်သူများအား မဲ‌ပေးပုံမဲ‌ပေးနည်း စနစ်အား သိရှိနိုင်ရန် ရှင်းလင်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊‌ ပေါက်ကျိုင်းဓမ္မာရုံ၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုက‌ရေစီ အ‌ထွေထွေရွေးကောက်ပွဲကျင်းပရာတွင် မဲဆန္ဒရှင်ပြည်သူများအား မဲပေးပုံမဲပေးနည်း စနစ်အား သိရှိနိုင်ရန် ရှင်းလင်းသည့်အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ကျင်းပသည်။

၂၀၂၅ ခုနှစ် ပုဂံဒေသ၏ နေဝင်ဆည်းဆာကြည့်ရှုရန် နေဝင်ဆည်းဆာကြည့် တောင်ကုန်းများတွင် ကြည့်ရှုသူများပြား

နှစ်သစ်ကူးရုံးပိတ်ရက် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်ဘုရား၊ ပုထိုးများ၊ သမိုင်းဝင်သာသနိက အဆောက်အအုံများတွင် လာရောက်လေ့လာသူ၊ ဘုရားဖူးသူများပြားနေကြောင်းနှင့် ပုဂံနေဝင်ချိန် နေဝင်ဆည်းဆာကြည့်ရှုရန် ပြုလုပ်ထားသည့် နေဝင်ဆည်းဆာကြည့် တောင်ကုန်းတုများပေါ်တွင် ပုဂံနေဝင်ဆည်းဆာကြည့်ရှုရန် တောင်ကုန်းများပေါ်သို့လာရောက်သူ များပြားလျက်ရှိကြောင်း ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး