Skip to main content

ညီညွတ်မှုဖြင့် ပြည်ထောင်စုတည်

နိုင်ငံ၏အသည်းနှလုံး

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီအချိန် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လုံမြို့လေးတွင် စုဝေးရောက်ရှိနေကြသည်က ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်များဖြစ်သည်။ နိုင်ငံ့အနာဂတ်အရေးအတွက် စည်းလုံးသော၊ လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး တည်ထောင် ရေးအတွက် မျက်နှာချင်း ဆိုင်ကြသည်၊ ဆွေးနွေးညှိနှိုင်းကြသည်၊ အဖြေရှာခဲ့ကြသည်၊ သဘောတူလက်မှတ် ရေးထိုးခဲ့ကြ၏။ ယင်းမှာ ခေတ်သစ်ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး နိဒါန်း အစပင် ဖြစ်ပါ၏။ မြန်မာ့သမိုင်းအဆက်ဆက်တွင် တိုင်းရင်းသား ညီအစ်ကိုများအကြား ပထမဆုံးသဘောတူ လက်မှတ်ရေးထိုးကြသည့် ပြည်ထောင်စုသဘောတူ စာချုပ်ဟု ဆိုရမည့် ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကြသည်။

ထိုတိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပင်လုံစာချုပ်ကို လွယ်လွယ်ကူကူ လက်မှတ်ထိုး နိုင်ခဲ့သည်တော့ မဟုတ်။ နယ်ချဲ့တို့၏ သွေးခွဲမှုအမျိုးမျိုးအပါအဝင် အခက်အခဲများကြားမှ မှန်ကန်သော စေတနာ၊ မဆုတ်မနစ်သောဇွဲဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသား ခေါင်းဆောင်များက အမျိုးသားစည်းလုံး ညီညွတ်ရေးကို တည်ဆောက်ခဲ့ရခြင်း ဖြစ်ပေသည်။ မြန်မာ့လွတ်လပ်ရေးထက် တစ်နှစ်ခန့်စောသော တိုင်းရင်းသား ညီအစ်ကိုများအကြား သဘောတူစာချုပ်ပင်။ ယနေ့ဆိုလျှင် ပင်လုံစာချုပ် ချုပ်ဆိုခဲ့သည်မှာ နှစ်ပေါင်း ၇၄ နှစ်ပင် ကြာခဲ့လေပြီ။

ထိုတိုင်းရင်းသား စည်းလုံးညီညွတ်မှု မရှိခဲ့လျှင် မြန်မာ့လွတ်လပ်ရေး မည်သို့ဖြစ်မည်နည်း။ ပြည်ထောင်စု မြန်မာနိုင်ငံအနာဂတ် မည်သို့ဖြစ်မည်နည်း။ ထိုမေးခွန်းတို့၏ အဖြေသည် ပင်လုံစာချုပ်ဆိုသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပင် ဖြစ်ပေလိမ့်မည်။ နယ်ချဲ့ လက်အောက်မှ လွတ်မြောက်ပြီးနောက် ပြိုကွဲနေသော ကမ္ဘာ့နိုင်ငံများကို နမူနာယူနိုင်ပါသည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားများဖြင့် စုစည်းနေထိုင်ကြသည့် နိုင်ငံဖြစ် သည်။ ယင်းသည် မြန်မာနိုင်ငံအတွက် အသည်းနှလုံးပင် ဖြစ်၏။ ထို့အတွက် တိုင်းရင်းသားများ၏ ညီညွတ်မှုသည် လွတ်လပ်ရေးအတွက် အထူးပင်အရေးပါခဲ့သကဲ့သို့ နောင်တွင်လည်း ဆက်လက် အရေးပါနေဦး မည်ဖြစ်သည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသရုပ်

မိမိတို့နိုင်ငံတွင် ပြည်ထောင်စုနေ့ဟု ဆိုလိုက်လျှင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသရုပ်၊ လွတ်လပ်ရေး အတွက် အခြေခံအုတ်မြစ်ဟု အားလုံးက နားလည် လက်ခံထားပြီးဖြစ်သည်။ အထူးသဖြင့် ကိုလိုနီအုပ်ချုပ်ရေး ကာလအလွန် အနာဂတ်မြန်မာနိုင်ငံတည်ဆောက် ရေးအတွက် တိုင်းရင်းသားများ၏ တစည်းတလုံးတည်း သဘောကိုပြသသော အမှတ်လက္ခဏာ ဖြစ်သည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးဖြင့် စုစည်းနေထိုင်ကြသည် ဆိုသည်မှာ မိမိတို့နိုင်ငံ၏ ထူးခြားသော ဝိသေသလက္ခဏာ ဖြစ်သည်ဆိုသည်ကို အစဉ် သတိချပ် ကြရပါမည်။ မတူကွဲပြားသော တိုင်းရင်းသားများ စုစည်းနေထိုင်ကြသည်ဆိုသည်မှာ အားသာချက် များရှိနေသကဲ့သို့ အားနည်းချက်များလည်း ရှိနေနိုင်ပါသည်။ သုံးတတ်လျှင် အား၊ မသုံးတတ်လျှင် ကျား ဆိုသကဲ့သို့ ထိုမတူကွဲပြားမှုများကို မည်ကဲ့သို့ရှုမြင်၍ မည်ကဲ့သို့ ကိုင်တွယ်ကျင့်သုံးမည်ဆိုသည်က ပို၍အရေးကြီး ပေလိမ့်မည်။

မြန်မာ့သမိုင်းတွင် ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော် တည်ထောင်ခဲ့ သည့် သမိုင်းဖြစ်စဉ်များတွင် နိုင်ငံစည်းလုံး ညီညွတ်အားကောင်းချိန်တွင် နိုင်ငံတည်ဆောက်နိုင်၍ နိုင်ငံအတွင်း သူတစ်လူ ငါတစ်မင်းနှင့် စည်းလုံးမှု ပြိုကွဲနေချိန်၊ အုပ်ချုပ်ရေးအာဏာ လျော့ကျလာချိန်တွင် နိုင်ငံပြိုကွဲခဲ့ သည်ကို တွေ့မြင်ခဲ့ကြရပြီးဖြစ်သည်။ မြန်မာ နိုင်ငံ ကိုလိုနီလက်အောက်တွင် နိုင်ငံအနှံ့ နည်းလမ်း မျိုးစုံဖြင့် တိုင်းရင်းသားအားလုံးက တော်လှန်တိုက်ခိုက်ခဲ့ ကြသော်လည်း တစုတစည်းတည်း စုစည်းနိုင်မှု အားနည်းခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော နယ်ချဲ့ဆန့်ကျင်ရေးတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် တစုတစည်းတည်း ပေါင်းစည်းနိုင်ခဲ့သဖြင့် နယ်ချဲ့တို့၏ နောက်ဆုံးအချိန်အထိ အမျိုးမျိုး သွေးခွဲမှုများအကြားမှ တိုင်းရင်းသားများစည်းလုံးညီညွတ်မှုဖြင့် လွတ်လပ်ရေးရယူ နိုင်ခဲ့သည်မှာ စည်းလုံး ညီညွတ်ရေး၏ အရေးပါမှုပင် ဖြစ်ပေသည်။

ခေါင်းဆောင်မှုအောက်မှ စည်းလုံးညီညွတ်ရေး

သို့သော်လည်း ပင်လုံစာချုပ်ဖြင့် စုစည်းနိုင်ခဲ့သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် ကြာရှည်မခံခဲ့။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီး နောက်တွင် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး တစ်စတစ်စပြိုကွဲလာခဲ့ပြီး ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခသည်လည်း လွတ်လပ်ရေးနှင့်အတူ ပေါက်ပွားလာခဲ့သည်မှာ ယနေ့ အထိပင်။ သို့ဆိုပါလျှင် ဗိုလ်ချုပ်အောင်ဆန်းရှိစဉ်က တိုင်းရင်းသားစည်းလုံး ညီညွတ်မှုရရှိခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း မရှိတော့သည့် အချိန်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲခဲ့သည် ကို ကြည့်ခြင်းအားဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် ခေါင်းဆောင်မှု အရည်အသွေး နှင့် ဆက်နွှယ်နေသည် မှာလည်း သတိချပ်ဖွယ်ပင်ဖြစ်၏။

ခေတ်အဆက်ဆက် နိုင်ငံထူထောင်ခဲ့ကြသည့် အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းဘုရား တို့သည် အစိတ်စိတ်ကွဲပြားနေသော မြန်မာနိုင်ငံကို ခိုင်မာအောင် တည်ထောင်နိုင်ခဲ့သည်ကို ကြည့်ရှုခြင်းအားဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တည်ဆောက်ရာတွင် ခိုင်မာသော ခေါင်းဆောင်မှုလိုအပ်ကြောင်း တွေ့မြင်ကြရမည်ဖြစ်သည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှ ယနေ့အထိ ခေတ်သစ်မြန်မာ့သမိုင်းတွင် သွေးစည်း ညီညွတ်သည့် အချိန် ကာလနှင့် အချင်းချင်းသွေးကွဲကာ ပဋိပက္ခများ၊ တိုက်ခိုက် မှုများနှင့် ဖြတ်သန်းရသည့်ကာလ နှိုင်းချိန်ပါက အချင်းချင်း သွေးကွဲသည့်ကာလ ပိုမိုများပြားခဲ့သည်ကို တွေ့ရပေမည်။ သို့အတွက်လည်း နိုင်ငံပြန်လည် တည်ဆောက်နိုင်သည့် အချိန်ကာလ နည်းပါးခဲ့ပြီး အဆင်းရဲဆုံးနိုင်ငံဘဝ ရောက်ခဲ့ရသည်မှာ လည်း စည်းလုံးမှုမရှိခြင်း၏ အကျိုးဆက်တစ်ခုဟု ဆိုရပါမည်။ ခေတ်အဆက်ဆက် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ပျက်ပြားစေသည့် အရင်းခံအကြောင်းတရား တို့တွင် တိုင်းရင်းသားပြဿနာ၏ အရင်းခံကို လျစ်လျူရှုခြင်း၊ လူမျိုးစွဲ၊ ဝါဒစွဲကြီးမားခြင်း၊ ရာထူးအာဏာနှင့် ကိုယ်ကျိုးစီးပွားရှာခြင်း၊ အမုန်းတရားနှင့် အာဃာတရှိနေခြင်း၊ သွေးထိုးလှုံ့ဆော်မှုများ ရှိနေခြင်းတို့ကို အဓိက တွေ့ရနိုင်သည်။

ရေရှည်ခိုင်မာသော ပြည်ထောင်စု

တိုင်းရင်းသားလူမျိုးများ စုစည်းနေထိုင်ကြသော နိုင်ငံတွင် ခိုင်မာ၍ရေရှည်တည်တံ့သော ပြည်ထောင်စုအဖြစ် တည်ထောင်ရန်ဆိုပါက တိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့် သက်ဆိုင်သူများ အားလုံးအကြား ထာဝရတည်တံ့သောငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြား စေ့ရေး၊ အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးဆိုင်ရာ ဘုံသဘောတူညီချက်များအပေါ် အခြေခံရန် လိုအပ်မည် ဖြစ်ပေသည်။ ထို့အတူ စည်းလုံးညီညွတ်မှုနှင့် ရင်ကြားစေ့ရေး တည်ဆောက်ရာတွင် စည်းလုံးမှုကို ပျက်ပြားစေသည့် အရင်းခံအကြောင်းတရားများကိုလည်း အစွဲကင်း ကင်း၊ အာဃာတကင်းကင်းဖြင့် ရှာဖွေဖြေရှင်းကြရန် ဦးစွာ လိုအပ်ပေလိမ့်မည်။

မိမိတို့နိုင်ငံတွင် ပင်လုံသဘောတူစာချုပ် ချုပ်ဆိုခဲ့သည်မှာ နှစ်ပေါင်း ၇၄ နှစ် ရှိသည့်တိုင် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် အမျိုးသားရင်ကြားစေ့ရေး ခရီးလမ်းမှာ မြင့်ချည်၊ နိမ့်ချည် အတက်၊ အကျများနှင့် ရှိနေဆဲပင်။ ယခု အချိန်သည် မိမိတို့အားလုံးအကြား ကျောခိုင်းနေကြရမည့် အချိန်မဖြစ်သင့်တော့၊ မိသားစုစိတ်ဓာတ်ဖြင့် မျက်နှာချင်းဆိုင် သင့်ပေပြီ။ စည်းလုံးညီညွတ်ရေး၊ အမျိုးသားရင်ကြားစေ့ရေး ဆိုသည်ကလည်း သဘောတရား နှင့် လက်တွေ့ဟန်ချက်ညီရန် လိုအပ်ပါသည်။

ဘုရားဟော စည်းလုံးညီညွတ်မှု

နိုင်ငံတစ်နိုင်ငံ၏ စည်းလုံးညီညွတ်မှု၊ နိုင်ငံတစ်နိုင်ငံ၏ ရပ်တည်မှုနှင့် နိုင်ငံတစ်နိုင်ငံ၏ ပျက်သုဉ်းမှုတို့ကို ဒီဃနိကာယ်၊ မဟာပရိနိဗ္ဗာနသုတ်၊ မင်းတို့မဆုတ်ယုတ်ကြောင်း တရား ခုနစ်ပါးတွင် အောက်ပါအတိုင်း လေ့လာတွေ့ရှိနိုင်ပါ၏-

မြတ်စွာဘုရားသည် အရှင်အာနန္ဒာကို မိန့်တော် မူ၏။

“အာနန္ဒာ ဝဇ္ဇီမင်းတို့သည် မကြာမကြာ စည်းဝေး ကုန်၏လော။ အကြိမ်များစွာ စည်းဝေးကုန်၏ လော၊ သင်အဘယ်သို့ ကြားရသနည်း” ဟု (မိန့်တော်မူ၏)။

အရှင်ဘုရား “ဝဇ္ဇီမင်းတို့သည် မကြာမကြာ စည်းဝေးကုန်၏။ အကြိမ်များစွာ စည်းဝေးကုန်၏” ဟု အကျွန်ုပ် ကြားရပါသည်ဟု (လျှောက်၏)။

အာနန္ဒာ ဝဇ္ဇီမင်းတို့သည် မကြာမကြာ စည်းဝေး လျက် အကြိမ်များစွာ စည်းဝေးနေကြသမျှ ကာလ ပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွားရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

“အာနန္ဒာ ဝဇ္ဇီမင်းတို့သည် အညီအညွတ် စည်းဝေး ကုန်၏လော၊ အညီအညွတ် အစည်းအဝေးမှ ထကုန်၏ လော၊ ဝဇ္ဇီတိုင်းရေးကိစ္စတို့ကို အညီအညွတ် ဆောင်ရွက်ကုန်၏လော၊ သင် အဘယ်သို့ ကြားရသနည်း” ဟု (မိန့်တော်မူ၏)။

အရှင်ဘုရား “ဝဇ္ဇီမင်းတို့သည် အညီအညွတ် စည်းဝေးကုန်၏၊ အညီအညွတ် အစည်းအဝေးမှ ထကုန်၏၊ ဝဇ္ဇီတိုင်းရေးကိစ္စတို့ကို အညီအညွတ် ဆောင်ရွက်ကုန်၏” ဟု အကျွန်ုပ် ကြားရပါ၏ ဟု (လျှောက်၏)။

အာနန္ဒာ ဝဇ္ဇီမင်းတို့သည် အညီအညွတ် စည်းဝေးလျက်၊ အညီအညွတ် အစည်းအဝေးမှ ထလျက် ဝဇ္ဇီတိုင်းရေးကိစ္စတို့ကို အညီအညွတ်ဆောင်ရွက်နေသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွားရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

သို့သော်လည်း ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်း၏ ဖြားယောင်းမှု၊ အချင်းချင်း စိတ်ဝမ်းကွဲစေမှုတို့ကြောင့် ဝဇ္ဇီတို့ပျက်စီးခဲ့ကြရပါသည်။ နိုင်ငံတစ်နိုင်ငံ၏ ရေသောက်မြစ်ဖြစ်သော စည်းလုံး ညီညွတ်မှုပြိုကွဲသည်နှင့် နိုင်ငံပျက်စီးရသည့် သာဓက ပင်ဖြစ်၏။

အသွင်ကူးပြောင်းရေးနှင့် အကြီးမားဆုံးစိန်ခေါ်မှု

ယနေ့ အသွင်ကူးပြောင်းဆဲ မြန်မာနိုင်ငံ၏ အကြီးဆုံးစိန်ခေါ်မှုဟုဆိုပါလျှင် စည်းလုံး ညီညွတ်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးဟု ဆိုရပါမည်။ လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်ရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးတို့သည် အသွင်ကူးပြောင်းရေးနှင့် တိုက်ရိုက်အချိုးကျနေပါသည်။ ယင်းလုပ်ငန်းစဉ်များတွင် အမျိုးသား ရင်ကြားစေ့ရေးသည် မရှိမဖြစ်လိုအပ်ချက် တစ်ရပ်လည်းဖြစ်၏။

အမျိုးသားရင်ကြားစေ့ရေးမရှိပါဘဲ စည်းလုံးမှု တည်ဆောက်ရန် ခက်ခဲပါလိမ့်မည်။

အမျိုးသားရင်ကြားစေ့ရေးသည် အတိတ်ကို ခြေရာကောက်ခြင်းနှင့် အခြေအနေကို ဖန်တီးယူခြင်း ဖြစ်ကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးသည် ဖြစ်စဉ်တို့၏ အရင်းခံအကြောင်း တရားများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ယင်းသို့သောဖြစ်စဉ်များ အထပ်ထပ်အဖန်ဖန် ဖြစ်နေခြင်း ကို ကာကွယ်ရန်ဖြစ်ကြောင်း၊ စစ်ပွဲအလွန်နိုင်ငံများအနက် တစ်ဝက်သည် တိုက်ခိုက် မှုများအပြီး ပထမဆယ်စုနှစ်အတွင်း ပဋိပက္ခများ

ပြန်လည်ဖြစ်ပွားသည်ကိုတွေ့ရသဖြင့် အမျိုးသား ရင်ကြားစေ့ရေး မပျက်ပြားစေရေး ကြိုတင်တားဆီးရေး သည် များစွာအရေးပါပါကြောင်း၊ သို့သော်လည်း ရင်ကြားစေ့ရေးသည် ငြိမ်းချမ်းရေးသဘောတူချက် အားလုံးနီးပါး၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်သော်လည်း ရင်ကြားစေ့ရေး တိုးတက်ရန် အမှန်တကယ်လုပ်ဆောင် ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ နားလည်မှု မရှိတတ်ကြကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဟောင်း ကိုဖီအာနန်က ဆိုပါသည်။

သို့ဖြစ်ရာ မိမိတို့မြန်မာနိုင်ငံတွင်လည်း အသွင်ကူးပြောင်းရေးဆိုင်ရာ တွေးဆစရာ တစ်ခုရှိ လာသည်မှာ စည်းလုံးညီညွတ်မှုအတွက် အသွင်ကူးပြောင်းခြင်းလား သို့တည်းမဟုတ် သွေးကွဲမှုအတွက် အသွင်ကူးပြောင်းခြင်းလား သို့တည်းမဟုတ် မည်သည့်ရည်ရွယ်ချက်အတွက် အသွင်ကူးပြောင်းခြင်းလဲဆိုသည့် မေးခွန်းသည် မေးရန်လွယ်သလောက် ဖြေရန်ခက်ခဲနိုင်ပါ၏။

ဗိုလ်ချုပ်အောင်ဆန်း၏ သဘောတရားပါသော လက်တွေ့

မြန်မာနိုင်ငံလွတ်လပ်ရေးနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၏ ပဲ့ကိုင်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က ဗြိတိသျှနန်းရင်းဝန် အက်တလီနှင့် အမှတ် ၁၀ ဒေါင်းနင်းလမ်းနေအိမ်တွင် တွေ့ဆုံစဉ် “ကျုပ်တို့ဗမာပြည် အကြောင်း ပြောကြားတဲ့အခါတိုင်း စည်းလုံး ညီညွတ်ပြီး လွတ်လပ်တဲ့ ဗမာပြည် တစ်ပြည်လုံးကို မျက်စိထဲမှာ မြင်ယောင်ပြီး ပြောတာ ဖြစ်တယ်။ ကျုပ်တို့တစ်ပြည်လုံး စည်းလုံးညီညွတ်ရေးအတွက် ဆောင်ရွက်ရာမှာ ကျွန်ုပ်တို့နိုင်ငံတွင်းမှာရှိတဲ့ လူမျိုးစုအားလုံးကို ပြည်ပပယောဂမပါဘဲ လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးခွင့်ပေးရင် ကျွန်ုပ်တို့ မကျော်လွှားနိုင်တဲ့ အခက်အခဲဆိုလို့ ဘာမျှရှိမည် မဟုတ်ဘူး၊ အားလုံး စည်းလုံးညီညွတ်လာမှာ အမှန်ပါပဲ” (ဦးဖေခင်၊ ကိုယ်တွေ့ ပင်လုံ)။

ယင်းပြောကြားချက်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံစည်းလုံးညီညွတ်ရေးစိတ်ဓာတ်နှင့် မျှော်မှန်းချက်ကို ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အမြော်အမြင်၊ အပြောနှင့် အလုပ်ညီစွာပင် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်မှာ လက်တွေ့ပင်မဟုတ်ပါလား။

ညီညွတ်မှုဖြင့် ပြည်ထောင်စုတည်

ယခုကဲ့သို့ အတိတ်သမိုင်းကြောင်းတို့အား တူးဆွ၍ သာဓကထုတ်ရခြင်းမှာ ပို၍ပို၍ စည်းလုံး ညီညွတ်သော နိုင်ငံတော်ကြီးတည်ဆောက်ရေး အထောက် အပံ့ဖြစ်စေလိုရေး ရည်ရွယ်ရင်း ဖြစ်ပါ၏။ ယနေ့ ကျင်းပနေဆဲ (၂၁)ရာစုပင်လုံသည် ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးများကို ရည်ရွယ်၍ တွေ့ဆုံညှိနှိုင်း အဖြေရှာမှုများ အကောင်အထည်ဖော်ခြင်းပင်ဖြစ်သည်။

အမျိုးသား ရင်ကြားစေ့ရေးဆိုသည်မှာ မတူကွဲပြား သောလူများနှင့် ကွဲပြားခြားနားသော အရာများအကြား သဟဇာတဖြစ်မှုကို ရှာဖွေခြင်းဟု နားလည်လက်ခံမိပါသည်။ အောင်မြင်သော အမျိုးသားရင်ကြားစေ့ရေးသည် ကြိုတင်သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်း များမဟုတ်၊ ပညာဉာဏ်နှင့်ယှဉ်သော လမ်းညွှန်ချက် များအပေါ်တွင်သာ မူတည်သည်ဟု မှတ်သားဖူးပါ၏။ မိမိတို့နိုင်ငံကဲ့သို့ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်သောနိုင်ငံတွင် အရှိတရားဖြစ်သည့် မတူကွဲပြားမှုများကို နားလည်လက်ခံရန်နှင့် သဟဇာတဖြစ်သော ဘုံသဘောတူညီချက် ရှာဖွေနိုင်မှသာ စည်းလုံးညီညွတ်စွာဖြင့် ဒီမိုကရေစီဖက်ဒရယ်နိုင်ငံတော်ကြီး တည်ဆောက်နိုင်မည် ဖြစ်ပေသည်။

သိန်းထွန်း (IR)