မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် စဉ်ဆက်မပြတ်သုတေသန
ဒေါက်တာစန်း (ဆေးဝါးဗေဒ)
(၂၁) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်နေ့နှင့် ၉ရက်နေ့တို့တွင် နေပြည်တော်၌ ကျင်းပခဲ့သည်။ ဒီဇင်ဘာလ ၈ ရက်နေ့က ကျင်းပသော မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ညီလာခံကိုယ်စားလှယ် ငါးဦးတို့က အဆိုပြုချက် ငါးရပ်ကို တင်သွင်းခဲ့ပြီး ငါးဦးတို့က ထောက်ခံကြောင်း ပြောဆိုကြပြီး ညီလာခံတက်ရောက်လာကြသူများက တညီတညွတ်တည်း သဘောတူခဲ့ကြသည်။ အဆိုပါ အဆိုပြုချက် ငါးရပ်မှာ -
၁။ နယကြီး (၄) ပါးကို အခြေခံသော မြန်မာ့တိုင်းရင်းဆေးပညာ ကုထုံးနည်းစနစ်များကို အမျိုးသားရေးအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်၍ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်ရန်၊
၂။ နဝရတ်ကတိသစ္စာနှင့် သမားတော်တို့၏ ကျင့်ဝတ်သိက္ခာကို စွဲမြဲစွာနှလုံးသွင်း စောင့်ထိန်းပြီး စည်းလုံးညီညွတ်၍ ဂုဏ်သိက္ခာမြင့်မားသည့် မြန်မာ့တိုင်းရင်းဆေးသမားတော်များဖြစ်စေရေး ဝိုင်းဝန်းထိန်းသိမ်း ကြိုးပမ်းဆောင်ရွက်ရန်၊
၃။ ခေတ်မီ၍ အရည်အသွေးပြည့်ဝသော မျိုးဆက်သစ် တိုင်းရင်းဆေးပညာရှင်များ ပိုမိုမွေးထုတ် ပေးနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရန်၊
၄။ အရည်အသွေးပြည့်ဝ၍ အစွမ်းထက်မြက်သော တိုင်းရင်းဆေးဝါးများ ပေါ်ထွက်လာစေရေး အတွက် သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်၊
၅။ ရိုးရာတိုင်းရင်းဆေး ကုထုံးနည်းစနစ်များနှင့် ဆေးဝါးများအား လက်တွေ့အသုံးချနိုင်ရေး အတွက် စနစ်တကျ ပြန်လည်ဖော်ထုတ်ရန် စသည်တို့ဖြစ်ကြပါသည်။
အဆိုပါအဆိုပြုချက် ၅ ရပ်တွင် ကျွန်မအထူးပြု လေ့လာထားသော ဆေးဝါးဗေဒဘာသာရပ်နှင့် သက်ဆိုင်သည့် အဆိုပြုချက်နှစ်ရပ်ဖြစ်သော စတုတ္ထနှင့် ပဉ္စမအဆိုပြုချက်များနှင့် ပတ်သက်၍ ရေးသားဖော်ပြ ဆွေးနွေးပါမည်။
စတုတ္ထအဆိုပြုချက်ကို ပဲခူးတိုင်းဒေသကြီး ညီလာခံကိုယ်စားလှယ် ဦးဟန်ငြိမ်းက အဆို တင်သွင်းပြီး ချင်းပြည်နယ် ညီလာခံကိုယ်စားလှယ် ဒေါ်မြမြခိုင် က ထောက်ခံဆွေးနွေးခဲ့ပါသည်။ ပဉ္စမအဆိုကို မကွေးတိုင်းဒေသကြီး ညီလာခံကိုယ်စားလှယ် ဦးသိုက်ထွန်းက အဆိုတင်သွင်းပြီး ရခိုင် ပြည်နယ်ကိုယ်စားလှယ် ဒေါ်သန်းသန်းရီ က ထောက်ခံဆွေးနွေးခဲ့ကြပါသည်။
မြန်မာ့တိုင်းရင်းဆေးဖုံများကို ရန်ကုန်မြို့ရှိ ဆေးသုတေသနဦးစီးဌာနတွင် လည်းကောင်း၊ ပြင်ဦးလွင်မြို့ရှိ ဆေးသုတေသနဦးစီးဌာနတွင် လည်းကောင်း သုတေသနပြုခဲ့သည်များ ရှိခဲ့ပါသည်။
ထို့ပြင် မန္တလေးမြို့ရှိ တိုင်းရင်းဆေးတက္ကသိုလ်တွင် လည်း မဟာမြန်မာတိုင်းရင်းဆေးဘွဲ့ (MMTM) ဟူသော ဘွဲ့လွန်သင်တန်း စတင်ဖွင့်လှစ်သည့်အချိန်မှစ၍ ဘွဲ့လွန်အတွက် လိုအပ်သော သုတေသန ပြုလုပ်ကြရာတွင် တချို့က ကုထုံး၊တချို့က တိုင်းရင်းဆေးဝါးကို သုတေသနပြုကြပါသဖြင့် ဆေးဝါးသုတေသနပြုမှုသည် နှစ်စဉ်ရှိလာခဲ့ပါသည်။ နိုင်ငံတော်က သုတေသနစရိတ်ပံ့ပိုးမှုဖြင့် ပြုလုပ်သောသုတေသနများလည်း ရှိပါသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလာသောအခါ အဆိုပါရောဂါအသစ်၏ ရောဂါလက္ခဏာများကို ထုတ်ပြန်ကြေညာခဲ့ကြပါသည်။ မြန်မာ့တိုင်းရင်းဆေးကျမ်းတွင် ဤကဲ့သို့သော ရောဂါလက္ခဏာများ ရှိပါက “ဝိသမအဖျား"ဟု ခေါ်ဆိုပြီး ကုသသော ဆေးနည်းလည်း ရှိပါသည်။
ထို “ဝိသမအဖျား”ရောဂါကို ပျောက်စေသော ဆေးနည်းဖြစ်သည့် “ဝိသမအဖျားပျောက်ဆေး” ဆိုသော တိုင်းရင်းဆေးဖုံကို ဆေးတက္ကသိုလ် မန္တလေးသုတေသနကျင့်ဝတ်ကော်မတီက ကျင့်ဝတ် နှင့်ညီသောကြောင့် ခွင့်ပြုချက်အရ ဦးဌေးလွင် (ပါမောက္ခ/ဌာနမှူး၊ ဆေးပညာဌာန၊ တိုင်းရင်းဆေး တက္ကသိုလ်) နှင့် ဒေါက်တာထွန်းမြင့်အေး (ညွှန်ကြားရေးမှူး၊ တိုင်းရင်းဆေးပညာဦးစီးဌာန)တို့က ဦးဆောင်လျက် ကိုဗစ်-၁၉ လူနာများနှင့် ကျန်းမာသန်စွမ်းသောသူများတွင် အာနိသင်ရှိကြောင်း တွေ့ရှိခဲ့ပါသည်။ ဤသို့ တွေ့ရှိကြောင်းကိုလည်း ယခုနှစ် တိုင်းရင်းဆေးညီလာခံ၏ တိုင်းရင်းဆေးပညာဦးစီးဌာနပြခန်းတွင် ပြသထားပါသည်။ ထို့ပြင် လတ်တလောဘေးထွက်ဆိုးကျိုး များ မရှိကြောင်းကိုလည်း စမ်းသပ်တွေ့ရှိခဲ့ကြပါသည်။
ရိုးရာတိုင်းရင်းဆေး ကုထုံးနည်းစနစ်များနှင့် တိုင်းရင်းဆေးများကို လက်တွေ့အသုံးချနိုင်ရေး အတွက် ပြန်လည်ဖော်ထုတ်ရန် စာတမ်းများကိုလည်း ညီလာခံနှင့် တစ်ဆက်တည်း ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျင်းပသည့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲနေ့တွင် တင်သွင်းဖတ်ကြား၍ ဆွေးနွေးကြကြောင်း သိရှိရပါသည်။ အထူးသဖြင့် နက္ခတ္တနယဆေးပညာကုထုံးကို ပြန်လည်ဖော်ထုတ်ရန် ဆောင်ရွက်နေကြောင်း သိရှိခဲ့ရပါသည်။
ဤညီလာခံတွင် အစွမ်းအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို သုတေသနပြုထားကြောင်းနှင့် စဉ်ဆက်မပြတ် သုတေသနပြုမည်ဖြစ်ကြောင်း တို့ကိုသိရှိခဲ့ရပြီး ရိုးရာတိုင်းရင်းဆေးဝါးကုထုံးများ လည်း မပျောက်ပျက်၊ မတိမ်မြုပ်ဘဲ ရှိတော့မည်ဖြစ်၍ ဝမ်းသာအားရစရာ ကောင်းလှပါကြောင်း ဤဆောင်းပါးဖြင့် (၂၁) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့ တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကြီးကို ဂုဏ်ပြုလိုက်ရပါသည်။