ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့
ကိုဇော်ဌေး(ယဉ်ကျေးမှု)
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်သောနိုင်ငံဖြစ်သည်။ နိုင်ငံကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။
ပြည်ထောင်စုကို ပြည်နယ်နှင့် တိုင်းများပေါင်းစည်း၍ ဗဟိုအာဏာပိုင်အဖွဲ့က စီမံခန့်ခွဲသည်ဟု မြန်မာအဘိဓာန်ကဖွင့်ဆိုသည်။ ၂၀၀၈ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို တိုင်းဒေသကြီးခုနစ်ခုနှင့် ပြည်နယ်ခုနစ်ခုတို့ဖြင့် ပေါင်းစည်းသတ်မှတ်ထားသည်။ အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ မှီတင်းနေထိုင်ကြသည်။
ပြည်ထောင်စုစနစ်
၁၉၄၇ ခုနှစ် မေလ ၁၉ ရက်နေ့တွင် တိုင်းပြုပြည်ပြုလွှတ်တော်ကို တည်ထောင်နိုင်ခဲ့ပြီး နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို လွှတ်တော်သို့မတင်သွင်းမီ ပြည်သူ့ကိုယ်စားလှယ်များပါဝင်သော ဂျူဗလီဟောပဏာမပြင်ဆင်မှုညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းက “ကျွန်တော်တို့ ဗမာပြည်သစ်ကိုတည်ထောင်တော့ ပြည်ထောင်စုသဘောတည်ထောင်မလား၊ လူမျိုးကြီးတစ်မျိုးတည်းပဲဆိုတဲ့ တိုင်းပြည်မျိုး (Unitary State) တည်ထောင်မလားဆိုတဲ့မေးခွန်းကို ဖြေဆိုလိုတယ်။ ကျွန်တော့်အမြင် အရဆိုရင်တော့ အထက်လူမျိုးရေးအရ ရသင့်ရထိုက်တဲ့အခွင့်အရေးမျိုးတွေကို စည်းကမ်း သတ်မှတ်ပေးပြီးတော့ (Unitary States) လူမျိုးကြီးတစ်မျိုးတည်းဆိုတဲ့ နိုင်ငံမျိုးတော့ ထောင်လို့မဖြစ်ဘူး၊ ပြည်ထောင်စုသဘောမျိုးပဲဖြစ်ရမယ်” ဟု နိုင်ငံတော်၏ရှေ့ခရီးလမ်းကို တွက်ဆပြခဲ့သည်။ ထို့ပြင် “အထူးသဖြင့် ပြည်ထောင်စုဟာစီးပွားရေးတိုးတက်မှုကိုစုပေါင်းပြီး စနစ်တကျစီစဉ်နိုင်မယ့် ပြည်ထောင်စုမျိုးဖြစ်ရလိမ့်မယ်။ ဒါမှ လူမျိုးအားလုံး တိုင်းသူပြည်သားအများဆုံး တိုးတက်မှုကိုလုပ်နိုင်မှာပဲ၊ ပေါင်းတယ်ဆိုတာ အချင်းချင်းကောင်းကျိုးရှိအောင်ပေါင်းကြတာဖြစ်ပြီး ဆိုးကျိုးရှိအောင်ပေါင်းတာမျိုး ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး” ဟု ပေါင်းစည်းရခြင်း၏ ရည်မှန်းချက်ကိုလည်း ပြောပြခဲ့သည်။ ပြည်ထောင်စုဟူသည့် စကားလုံး၏ရှေ့ပြေးနိမိတ်ပင်ဖြစ်သည်။
ငြိမ်းချမ်းရေး
“ငြိမ်းချမ်း” ကို ဆူပူလှုပ်ရှားထကြွခြင်း၊ နှောင့်ယှက်ခြင်းကင်းသည်ဟုလည်းကောင်း၊ “ငြိမ်းချမ်းရေး” ကို ဆူပူလှုပ်ရှားထကြွခြင်း၊ စစ်မက်စသည်တို့ကင်းမဲ့သော အဖြစ်ဟုလည်းကောင်း မြန်မာအဘိဓာန်ကဖွင့်ဆိုသည်။ စင်စစ်ရန်လိုမှုနှင့် အကြမ်းဖက်မှုကင်းစင်လျက် လူမှုအသိုက်အဝန်း၌ ချစ်ကြည်မှုနှင့်သဟဇာတဖြစ်မှုကို ရှေးရှုသည့် သဘောတရားပင်ဖြစ်တော့သည်။ ငြိမ်းချမ်းရေးသည် လူတစ်ဦးချင်းစီ၏ လွတ်မြောက်မှုပင်ဖြစ်သည်။ ငြိမ်းချမ်းရေးသည် လွတ်လပ်မှုပင်ဖြစ်သည်။ ငြိမ်းချမ်းရေးသည် ချစ်ခြင်းမေတ္တာပင်ဖြစ်သည်။ ငြိမ်းချမ်းရေးသည် သစ္စာတရားပင်ဖြစ်သည်။
ငြိမ်းချမ်းရေးဆိုသည်မှာ အပြောလွယ်သလောက် အတိအကျအဓိပ္ပာယ်ဖော်ရခက်သော ဝေါဟာရဖြစ်သည်ဟုလည်း ဆိုကြသည်။ ငြိမ်းချမ်းရေးကို အလွယ်ကူဆုံးနားလည်နိုင်ရန်အတွက် လူတစ်ဦးချင်းစီ၏ သဘာဝအလျောက်ငြိမ်းချမ်းသည်ဟု ဆိုနိုင်သောအခြေအနေတွင် မည်သို့မည်ပုံခံစားရသည်ကို စတင်လေ့လာသင့်သည်ဟု ယူဆကြသည်။ အဘယ်ကြောင့်ဆိုသော် ပညာရှင်အများအပြားက ငြိမ်းချမ်းမှုဟူသည် သဘာဝအလျောက်ဖြစ်တည်နေသည့် လူမှုဆက်ဆံရေးအခြေအနေတစ်ခုဟု လက်ခံကြသောကြောင့်ဖြစ်သည်။
လူမှုရေးသဘောတရားအရ လူတစ်ဦးချင်း သို့မဟုတ် မျိုးကွဲ (ပြည်ပ သို့မဟုတ် ကွဲပြားသော) အုပ်စုများအကြား (စစ်ပွဲကဲ့သို့) ပဋိပက္ခများကင်းစင်ခြင်း သို့မဟုတ် အကြမ်းဖက်မှုအား ထိတ်လန့်ကြောက်ရွံ့မှုမှကင်းဝေးခြင်းကို ရည်ညွှန်းသည့်အချိန်တိုင်း၌ ငြိမ်းချမ်းရေးစကားလုံးအား သုံးနှုန်းကြသည်။ ငြိမ်းချမ်းရေးစကားဝိုင်းနှင့် ပဋိပက္ခများမှတစ်ဆင့် နိုင်ငံများ၊ ခေါင်းဆောင်များအတွက် နာမည်ကျော်ကြားရေပန်းစားခြင်းကဲ့သို့ အကျိုးအမြတ်ရရှိစေတတ်သည်။
ဤသို့ ဖွင့်ဆိုရင်းမှပင် ကျွန်ုပ်တို့ပြည်ထောင်စုကြီး မငြိမ်းချမ်းလို့ငြိမ်းချမ်းရေးလုပ်နေကြရတာ လားဟု မေးခွန်းထုတ်နိုင်သည်။ ပွတ်တိုက်မှုအချို့သည် ပဋိပက္ခကိုဆောင်စေသည်။ ပဋိပက္ခကင်းစင်ခြင်းသည် ငြိမ်းချမ်းခြင်းပင်ဖြစ်သည်။ ငြိမ်းချမ်းရေးသည် ပဋိပက္ခများကိုအကြမ်းဖက်မှုအသွင်မဖြစ်စေရန် ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်း ရေးပင်ဖြစ်သည်။
မြန်မာနိုင်ငံသည် ပဋိပက္ခများနှင့် မတည်ငြိမ်မှုအကြား လူးလွန့်လျက်ရှိသည့် နိုင်ငံဖြစ်နေသည်။ ဖွံ့ဖြိုးတိုးတက်မှုပုံရိပ်တို့သည် သမင်မွေးရင်းကျားစားရင်းဖြစ်နေခဲ့သည်။ ပဋိပက္ခများနှင့် မတည်ငြိမ်မှုများက အရိပ်ပမာအုပ်မိုးထားသောကြောင့် ပတ်ဝန်းကျင်နှင့် အခြားရပ်ဝန်းကမ္ဘာတို့၏ ဆိုညည်းမှုမှလွတ်ကင်းရန် ရုန်းကန်နေရသည်။ ထိုသို့ရုန်းကန် နေမည့်အစား ကွဲပြားနေသောအစုအဖွဲ့အများအပြားတို့ စုစည်းညီညွတ်လိုက်ကြခြင်းသည်သာ ပဋိပက္ခများနှင့် မတည်ငြိမ်မှုအကြား လူးလွန့်နေမှုမှ လွတ်မြောက်မည်ဖြစ်သည်။ ပါဝင်ပတ်သက်သူတို့၏ ဉာဏ်ရည်၊ နှလုံးရည်၊ ယုံကြည်ချက်တို့သည် ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့သာ ဖြစ်သင့်သည်။ မိမိနိုင်ငံ၊ မိမိပြည်ထောင်စုအတွက် မွန်မြတ်သောစေတနာ၊ ထကြွလုံ့လရှိသောစွမ်းအားတို့ဖြင့် ပူးပေါင်းဆောင်ရွက်ကြပါက လိုရာခရီးပေါက်၊ စိတ်အကြံမြောက်မည်သာဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏တည်ရှိမှုသည် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုအပေါ် များစွာတည်သည်။ ငြိမ်းချမ်းသာယာသောနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်ဝယ် အရှိန်အဟုန်မပြတ်ရှေ့ဆက်နေကြသည်။ ငြိမ်းချမ်းသောနိုင်ငံ၏ နိုင်ငံသူ နိုင်ငံသားများသည်လည်း အလိုအလျောက်ဂုဏ်သိက္ခာရှိနေကြသည်။ မြန်မာလူမျိုးတို့၏ ဂုဏ်သိက္ခာသည် ကမ္ဘာ့အလယ်တွင်မြင့်မားနေစေရန် ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့လိုသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးသည် မလွဲမသွေလိုအပ်သည်။
ဝါဒအမြင်များကြောင့် ပဋိပက္ခများသည် ပိုမိုရှင်သန်လာခဲ့သည်။ အမြင်မတူမှုများကြောင့်ပင် လွတ်လပ်ရေးကိုဖော်ဆောင်ရာ၌ တစ်ပါးသူ၏အကြည့်စိမ်းကို ခံရဖူးသည်။ နန်းရင်းဝန်အက်တလီ၏ ဖိတ်ခေါ်ချက်အရ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ထွက်ခွာသည်။ ထိုနေ့တွင်ပင် နယူးဒေလီမြို့သို့ရောက်သည်။ နယူးဒေလီတွင် ခြောက်ရက်မျှနေခဲ့သည်။ ထို့နောက် လန်ဒန်သို့ရောက်ရှိပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် နန်းရင်းဝန်အက်တလီတို့ တိုင်းပြည်ရှေ့ရေးကို အကျေအလည်ဆွေးနွေးကြသည်။ ဗိုလ်ချုပ်အောင်ဆန်းက တောင်တန်းသားများသည်လည်း ဗမာလူမျိုးများနှင့် တပေါင်းတစည်းတည်းပူးတွဲ၍ လွတ်လပ်ရေးကိုရယူလိုကြောင်း စသည်ဖြင့် ဆွေးနွေးနေခိုက်ဖြစ်သည်။
အက်တလီထံသို့ တစ်နေ့သောအခါ သံကြိုးစာတစ်စောင်ရောက်လာသည်။ အက်တလီက ထိုသံကြိုးစာကိုဖတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းကို ထိုးပေးလိုက်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းက ထိုသံကြိုးစာကိုဖတ်ပြီး မျက်နှာပျက်သွားလေသည်။ ထိုသံကြိုးစာမှာ ရှမ်းစော်ဘွားများက ရိုက်ကြားလိုက်သည်ဆိုသော သံကြိုးစာဖြစ်သည်။ သံကြိုးစာတွင် “ဗိုလ်ချုပ်အောင်ဆန်းသည် သူတို့ (ရှမ်းစော်ဘွားများ)က ရွေးချယ်စေလွှတ်သောကိုယ်စားလှယ်မဟုတ်၊ ဗိုလ်ချုပ်အောင်ဆန်းပြောသော စကားများကို သူတို့တာဝန်မခံနိုင်ပါ” ဟူ၍ပင်ဖြစ်သည်။
ဝါဒအမြင်ကြောင့်ပင် လွတ်လပ်ရေးခရီးကို လျှောက်လှမ်းရင်းပဋိပက္ခသည် စတင်လာခဲ့သည်။ သို့သော်လည်း ငြိမ်းချမ်းရေး၊ လွတ်လပ်ရေးကို အမှန်တကယ်ရယူလိုသော ရှမ်းပြည်လူငယ် ခေါင်းဆောင်များက ထိုသံကြိုးစာကိစ္စကိုကြားသိလျှင် ကြားသိချင်း တောင်ကြီးမြို့တွင် လူထုအစည်းအဝေးကြီးတစ်ရပ်ကို ချက်ချင်းခေါ်ယူကာ “ဗမာနိုင်ငံတော်နှင့် လက်တွဲပူးပေါင်းပြီး လွတ်လပ်ရေးကိုအရယူမည်” ဟူသော ဆုံးဖြတ်ချက်ကိုချလိုက်ကြသည်။ ထို့နောက် ထိုသဘောမျိုးသက်ရောက်သည့် သံကြိုးစာများကိုလည်း နန်းရင်းဝန်အက်တလီသို့ တစ်စောင်၊ ဗိုလ်ချုပ်အောင်ဆန်းသို့တစ်စောင် ပို့လိုက်ကြလေသည်။ ထိုအခါမှ ဗိုလ်ချုပ်အောင်ဆန်းက နန်းရင်းဝန်အက်တလီအား သူ့သံကြိုးစာကို ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြလေသည်။ စကားလုံးများဖြင့် သာမန်ဖြေရှင်းသင့်ရာမှ မလိုအပ်သောနှောင့်နှေးမှု ကိုဖြစ်စေခြင်းသည် သင်ခန်းစာပင်ဖြစ်သည်။
သံကြိုးစာနှစ်စောင်၏ နောက်ဆက်တွဲဂယက်ကား မနည်းလှပါချေ။ နန်းရင်းဝန်အက်တလီက “တောင်တန်းသားများ၏ဆန္ဒကား…မည်သို့” ဟူ၍ လက်တွေ့လေ့လာစုံစမ်းရန်အတွင်း ဝန်ကလေးအသာဘော့တွန်လီ (British Undersecretry of State for Dominion Affairs , Mr, A. G Bottomley) ကိုဖေဖော်ဝါရီလဆန်းတွင်ဗမာနိုင်ငံတော်သို့ စေလွှတ်လိုက်သည်။
သို့အတွက်ကြောင့်ပင် ဗိုလ်ချုပ်အောင်ဆန်းသည် ခရီးရောက်မဆိုက်ပင် ပင်လုံကွန်ဖရင့် ခေါ် ပင်လုံညီလာခံကြီးကို ကျင်းပရတော့သည်။
ညီလာခံမကျင်းပမီ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညပိုင်းတွင် ပင်လုံညီလာခံထမင်းစားပွဲကြီး၌ “ယနေ့ညဟာ ရက်ကောင်းဖြစ်တဲ့ညပဲ၊ အခုကျင်းပတဲ့ ပင်လုံအစည်းအဝေးကြီးဟာ ရာဇဝင်မှာမကြုံဖူးတဲ့ အစည်းအဝေးကြီးဖြစ်ပါတယ်၊ ရှေးအခါက ရှမ်း၊ ဗမာ၊ ကရင်၊ ကချင်၊ ချင်းအမျိုးသားတို့အချင်းချင်း အထင်မှားသဘောကွဲလွဲချက်များရှိခဲ့သော်လည်း ယခုတော့ ဒီသဘောကွဲလွဲချက်များမရှိကြတော့ပါဖူး၊ ဗမာနှင့် ရှမ်း စသော တောင်တန်း နယ်သားများအားလုံးတို့ ကောင်းရာကောင်းကြောင်းအချိန်သို့ ဆိုက်ရောက်လာပါပြီ၊ ဒီအစည်း အဝေးကြီးမှာ ကျွန်တော်တို့အချင်းချင်း သွေးကွဲအောင်ခြေထိုးသူတွေရှိကြောင်းကို သိပါတယ်၊ သူတို့ရှိပေမယ့် ကျွန်တော်တို့မအပါဘူး၊ ကျွန်တော်တို့လိုလားတဲ့ လွတ်လပ်ရေးပန်းတိုင်ကို အသက်နဲ့လဲပြီးဆွတ်ခူးသွားမယ်ဆိုတာယုံကြည်ပါ…” အစရှိသော တောင်ပိုင်းစော်ဘွားကြီး၏ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ဖွင့်ဟပြောကြားချက်သည်လည်းကောင်း၊ “ကျွန်တော် ဒီရောက်လာတဲ့ကိစ္စ နားလည်တာတစ်ခုပဲရှိပါတယ်၊ ဘာလို့လဲဆိုရင် ဗမာပြည် လွတ်လပ်စေချင်တယ်၊ ညီညွတ်စေချင်တယ်၊ ကြီးပွားစေချင်တယ်၊ဒီဟာပါပဲ…” အစချီသည့် ဗိုလ်ချုပ်အောင်ဆန်း၏ ပွင့်ပွင့်လင်းလင်းပြောကြားချက်ဖြင့်လည်းကောင်း ဖြတ်ကျော်နိုင်ခဲ့ကြသည်။ ပင်လုံညီလာခံကြီးသည် လွတ်လပ်ရေးခရီးလမ်း ဝယ် မှတ်တမ်းတင်ခဲ့ရသည့် နေ့ထူးနေ့မြတ်ဖြစ်ခဲ့ရသည်။ မတူညီမှုများကားရှိနေမည်သာဖြစ်သည်။ ဘုံရည်မှန်းချက်ကား တစ်သဘောတည်းဖြစ်ကြသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးဝယ် ထိုသဘောထားသည် အရေးပါဆဲဖြစ်သည်။
ထိုနှယ်ပင် မတူညီမှုများသည် ပေါင်းစည်းနေကြရာမှ အက်ကွဲတတ်သည့်သာဓကလည်း ရှိဖူးသည်။ လွတ်လပ်ရေးကို အတိုတောင်းဆုံးသောအချိန်အတွင်းရကြတော့မည်ဟု မြန်မာတိုင်းရင်းသားထုတို့ဝမ်းသာနေချိန်တွင် ကိုယ်စားလှယ်အဖွဲ့ဝင်နှစ်ဦးက “ယခုရမည့်လွတ်လပ်ရေးမှာ အစစ်အမှန်လွတ်လပ်ရေးမဟုတ်” ဟူသောသဘောမျိုးဖြင့် လက်မှတ်မထိုးဘဲနေကြပြန်သည်။ ဗိုလ်ချုပ်အောင်ဆန်းက “ကျွန်တော်တို့အထဲ လူနှစ်ယောက်ပါလာတယ်၊ အစကတည်းက တစ်မူးဖိုးပိုရှူဖို့ပါလာပြီး အဲဒီတစ်မူးဖိုးပိုရှူဖို့ နေရာတကာလုပ် တယ်၊ တိုတိုပြောရရင် နောက်ဆုံးအထိ ကျွန်တော်တို့တင်တဲ့ကိစ္စမှာ အကုန်လုံးဆွေးနွေးပြီးလို့ လက်ခံပါပြီပြောမှ… အဲဒီတော့မှ…ကျွန်တော်တို့မပါပါဘူးလို့ ပြောကြတယ်၊ ကျွန်တော့်ကို ချောက်ချဖို့ပါပဲ၊ ဒါပေမဲ့မကြောက်ဘူး…” ဟု ပြောကြားခဲ့သည်က မှတ်သားစရာပင်ဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် လက်မှတ်ရေးထိုးခါနီးမှ နောက်ဆုတ်သွားကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နှယ် ဖြစ်စဉ်တူညီလေတော့သည်။
အပြန်အလှန်ယုံကြည်ခြင်းသည် ငြိမ်းချမ်းခြင်းပင်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရက ၂၀၂၂ ခုနှစ်တွင် ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များစခဲ့သည်ကို တွေ့ရသည်။ သက်ဆိုင်သူအဖွဲ့အစည်းအားလုံးကိုလည်း ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ရန်ဖိတ်ခေါ်ခဲ့ သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် “ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး” ရည်မှန်းချက်နှစ်ရပ်ဖြင့် သဘောထားကွဲလွဲသည့် မည်သည့်အဖွဲ့အစည်းမဆို ဆွေးနွေးမည်ဟုဖိတ်ခေါ်ခဲ့သည်။ ငြိမ်းချမ်းရေးဆွေးနွေးမှုနှင့်အတူ မြန်မာနိုင်ငံကြီးပိုမိုတည်ငြိမ်အေးချမ်းပြီး သာယာဝပြောရန်နှင့် စားရေရိက္ခာဖူလုံစေရန် တိုင်းရင်းသားပြည်သူများနှင့် တက်ညီလက်ညီဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဟုလည်းဆိုခဲ့သည်။ ကမ္ဘာ့နိုင်ငံများက ပဋိပက္ခများနှင့် ပြည့်နှက်နေပါသည်ဆိုသည့် နိုင်ငံဝယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ လက်တွေ့ဆောင်ရွက်ပြနေခြင်းများသည် ငြိမ်းချမ်းရေးကို လိုလားသောပြည်သူများအတွက် အားတက်စရာပင်ဖြစ်သည်။ တိုင်းရင်းသားတို့အတွက် စိတ်အေးစရာပင်ဖြစ်ပါသည်။
လတ်တလောမြင်ကွင်းများသည် ပီတိဖြစ်ဖွယ်ရှိသည်။ အောင်မြင်မှုများ၊ နားလည်မှုများ၏ ရောင်စဉ်ကိုမြင်နေရသည်။ ပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းရန် ဘက်နှစ်ဖက်၊ တစ်နည်းအားဖြင့် ပါဝင်ပတ်သက်သူတို့ မျက်နှာချင်းဆိုင်ဆွေးနွေးကြသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား အစိုးရက မည်သို့ချဉ်းကပ်နေသနည်းဟူသည့် အဖြေပင်ဖြစ်သည်။
မြန်မာနိုင်ငံ၏ တစ်စိတ်တစ်ပိုင်းသောပဋိပက္ခသည် တိုင်းရင်းသားများနှင့်ဆက်စပ်နေသည်။ လူမျိုးတစ်ရာကျော်ရှိနေသည့်နိုင်ငံဝယ် တစ်ဦးနှင့်တစ်ဦး နားလည်ကြရန်၊ ကိုယ်ချင်းစာတရားထားတတ်ကြရန်၊ သည်းခံတတ်ရန်လည်း မွေးမြူကျင့်သုံးသင့်သည်။ အများစုကိုလေးစားရန်လိုအပ်သလို အနည်းစု၏လိုအင်ဆန္ဒကိုလည်း မျက်ကွယ်မပြု တတ်ရန်လိုသည်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင် သွားကြရေးအတွက် ပဋိပက္ခများကို ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဖြေရှင်းသင့်သည်။ ဒီမိုကရေစီသည် ပဋိပက္ခများကို အကြမ်းနည်းဖြင့်ဖြေရှင်းခြင်းကို အားမပေးကြောင်းတွေ့နိုင်သည်။ သို့ကြောင့်ပင် လက်ရှိအစိုးရ၏ နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်စလုံးတွင် “ဒီမိုကရေစီစနစ်”၊ “ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်” ဟူသည့် ဒီမိုကရေစီကိုအခြေခံသည့် ရည်မှန်းချက်များကို အကောင်အထည်ဖော်နေခြင်းဟု ခန့်မှန်းနိုင်သည်။
လူတစ်ဦးနှင့်တစ်ဦး မသိမကျွမ်းသော်လည်း၊ ဒေသတစ်ခုနှင့်တစ်ခု ဝေးကွာနေကြသော်လည်း၊ ပြည်ထောင်စုအတွင်းမှီတင်းနေထိုင်ကြသူအားလုံး၏ လူမျိုး၊ ယဉ်ကျေးမှုနှင့် ဘာသာတရား စုံလင်ထွေပြားနေသော်လည်း ပဋိပက္ခဟူသည် ပြည်ထောင်စုသား ညီအစ်ကိုမောင်နှမများ ဟူသည့် ကြာရှည်ခိုင်မြဲနေသည့်သံယောဇဉ်ကြောင့် ကျော်လွှားနိုင်သည်ချည်းဖြစ်သည်။ ရောဂါဖြစ်လိုက် ဆေးသောက်လိုက်နှင့် ဆေးမယဉ်ကြရန်သာ သတိပြုသင့်သည်။
“အေးအေးချမ်းချမ်းနဲ့ လုပ်ကိုင်စားသောက်လို့ရရင်တော်ပါပြီ” ဟူသောစကားသည် မငြိမ်မသက်သောဒေသနေလူတို့ပြောစကားဖြစ်သည်။ ထိုသူတို့သည် ပစ်ခတ်မှုများ၊ အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုများမှကင်းလွတ်ကာ အေးချမ်းစွာရောင်းဝယ်ဖောက်ကား နေထိုင်ကြလိုသူများဖြစ်သည်။ ငြိမ်းချမ်းရေးရရှိပါက ဘေးကင်းလုံခြုံစွာနေထိုင်နိုင်မည်ဟူသော အသိရှိကြသည်။ ငြိမ်းချမ်းမှသာ တရားဥပဒေစိုးမိုးသောနယ်မြေကို တည်ထောင်နိုင်မည်။ ငြိမ်းချမ်းရေးသည် လူထုပါဝင်လာမှုအင်အားကို ဖြစ်တည်စေသည်။ ထို့အတူ ငြိမ်းချမ်းရေးသည် ပြည်သူတို့ကို သက်သောင့်သက်သာဖြစ်စေသည်။ သို့ကြောင့်ပင် ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းနေရခြင်းဖြစ်သည်။
မိုးရေစက်များ စုပေါင်းအားဖြင့် ရေစီးကောင်းသောချောင်းဖြစ်ခဲ့ရသည်။ ချောင်းမှသည် မြစ်၊ မြစ် မှသည် ပင်လယ်၊ ပင်လယ်မှသည် သမုဒ္ဒရာထိတိုင် တက်လှမ်းနိုင်သည်သာဖြစ်သည်။ တိုင်းရင်းသားတို့၏ နှလုံးသားများပေါင်းစုကာ တိုင်းပြည်စွမ်းအားကိုဖြစ်စေသည်။ ထိုစွမ်းအားသည် ငြိမ်းချမ်းရေးကို ရယူနိုင်ရေးအတွက်ကြိုးပမ်းကြရာ၌ အင်အားအဖြစ် တည်ရှိမည်သာဖြစ်သည်။ ပြည်ထောင်စု၏ ရေရှည်အကျိုးစီးပွားနှင့် မျိုးဆက်သစ်သားမြေးများအတွက် ပန်းမွေ့ရာလမ်းခင်းနိုင်ရေးသည် ယနေ့မျက်မှောက်နိုင်ငံသားတိုင်း၌ တာဝန်ရှိသည်။ တာဝန်ရှိသည်ဟုလည်းခံယူကာ ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုသည်။ သို့မှသာ “ကမ္ဘာတည်သရွေ့မြန်မာတည်ရှိနေမည်” မဟုတ်ပါလော။ ။
မှီငြမ်း-
၁။ ဗိုလ်မှူးဘသောင်း(မောင်သုတ)၊ ဗမာ့တော်လှန်ရေးသမိုင်း။
၂။ သုတပဒေသာစာစောင်(၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလထုတ်။)