သဘာဝကုန်ကြမ်းပစ္စည်းများဖြင့် အဓိကအသုံးပြုထုတ်လုပ်ထားသည့် မြတ်ဧကရီ ဆံသားထိန်းသိမ်းမှု အသေးစားထုတ်ကုန်လုပ်ငန်း
တွေ့ဆုံမေးမြန်း-ဒေါ်လှလှဌေး၊ လက်ထောက်ညွှန်ကြားရေးမှူး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သထုံခရိုင်
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသည် အသေးစား၊ အငယ်စားနှင့် အလတ်စားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးက အရေးပါလှသည့် အခန်းကဏ္ဍ၌ ပါဝင်နေပါသည်။
မြန်မာနိုင်ငံ၌လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသေးစား၊ အငယ်စားနှင့် အလတ်စားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ချက်ချမှတ်ပြီး တွန်းအားပေး ထောက်ပံ့ကူညီမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသကဲ့သို့ MSME လုပ်ငန်းများသည် မတူညီသည့် အတွေးအခေါ်များ ဆန်းသစ်တီထွင်မှုများနှင့်အတူ ဈေးကွက်ထိုးဖောက်နိုင်ရေးအတွက် အရည်အသွေးမြင့်မားအောင် ကြိုးစားဆောင်ရွက်လျက်ရှိပြီး ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းများကိုပါ ဖန်တီးပေးလျက်ရှိသည်။
ပြည်တွင်း၌ရှိသည့် စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းခန့်မှာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများပင်ဖြစ်ပြီး ပုဂ္ဂလိကစီးပွားရေးကဏ္ဍမှာလည်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အများဆုံးပါဝင်နေသည်။
မွန်ပြည်နယ်အတွင်း အလားအလာကောင်းသည့် ဒေသထွက် ကုန်ကြမ်းများထုတ်လုပ်ခြင်းနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို တစိုက်မတ်မတ် အားပေးလျက်ရှိပြီး တီထွင်ဆန်းသစ်မှုနှင့် အရည်အသွေးမြင့်ထုတ်ကုန်များအား ဈေးကွက်အတွင်း ယှဉ်ပြိုင်ထိုးဖောက်နိုင်မှုဖြင့် အလားအလာကောင်းများ ပေါ်ထွန်းလာစေရေး၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု အစီအစဉ်ဖြစ်မြောက်ရေးတို့ကိုလည်း ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းများအနက် သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာ၌ရှိသည့် မြတ်ဧကရီဆံသားထိန်းသိမ်းမှု အသေးစားထုတ်ကုန်လုပ်ငန်းမှာ သဘာဝကုန်ကြမ်းပစ္စည်းစစ်စစ်များကို အဓိကအသုံးပြုပြီး ထုတ်လုပ်ထားခြင်းကြောင့် ဈေးကွက်ဝင်ပြီး လူကြိုက်များသည့် ထုတ်ကုန်တစ်ခုလည်းဖြစ်ရာ လုပ်ငန်းတည်ထောင်သူတစ်ဦးဖြစ်သည့် မစန်းချိုနွဲ့အား သွားရောက်တွေ့ဆုံ မေးမြန်းမှုကို ပြန်လည်မျှဝေလိုက်ပါသည်။
မေး ။ ။ ဒီလုပ်ငန်းစတင်ဖြစ်ခဲ့ပုံကို ရှင်းပြပေးပါဦးရှင်။
ဖြေ ။ ။လုပ်ငန်းစဖို့အတွက် ၂၀၁၉ ခုနှစ်မှာ သင်တန်းတွေတက်တယ်။၂၀၂၀ ပြည့်နှစ်လောက်မှာ စမ်းပြီးထုတ်တယ်။ ပထမဆုံး ထုတ်တာက တရော်ကင်ပွန်းခေါင်းလျှော်ရည်၊ မိတ်ဆွေတွေကို စမ်းပြီးပေးသုံးကြည့်တယ်။ သူတို့ကြိုက်တယ်ဆိုတော့ ဈေးကွက် တင်ဖို့ကြိုးစားရတယ်။ အရင်ဆုံး အသေးစားစက်မှုလုပ်ငန်းမှာ မှတ်ပုံတင်တယ်။ ပစ္စည်းနမူနာကို ဓာတ်ခွဲစမ်းသပ်တာလုပ်တော့ အဆင်ပြေတယ်။ မှတ်ပုံတင်ကျပြီဆိုတော့ ပစ္စည်းကို ဈေးကွက်ပို့ပါတယ်။
မေး ။ ။ လုပ်ငန်းလုပ်နေတဲ့အချိန်မှာ ဘယ်လိုအခက်အခဲတွေ တွေ့ကြုံခဲ့ရပြီး ဘယ်လိုကြိုးစားခဲ့ရတာကိုလည်း မျှဝေပေးပါဦးရှင်။
ဖြေ ။ ။ ပထမဆုံး တရော်ကင်ပွန်းခေါင်းလျှော်ရည်တစ်မျိုးတည်းကိုပဲ ထုတ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ လုပ်ငန်းကို အရှိန်ကောင်းကောင်းလုပ်နေဆဲမှာပဲ ကိုဗစ်ကာလဖြစ်တာကြောင့် နှောင့်နှေးမှုဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ စိတ်ဓာတ်မကျဘဲ ထုတ်ကုန်တွေကို ထပ်တိုးလုပ်ဖို့ အားစိုက်ခဲ့တယ်။ ကျွန်မတို့အမျိုးသမီးတွေက ဆံသားအမျိုးမျိုးရှိတာကြောင့် အဆင်ပြေနိုင်မယ့်ဟာကို စဉ်းစားတဲ့အခါမှာ နောက်ထပ်ခေါင်းလျှော်ရည်နှစ်မျိုး ထပ်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒါတွေကတော့ အောင်မဲညိုခေါင်းလျှော်ရည်နဲ့ ရှားစောင်းလက်ပပ် ခေါင်းလျှော်ရည်တို့ဖြစ်ပါတယ်။
ထုတ်ကုန်အားလုံးကို သဘာဝကုန်ကြမ်းစစ်စစ်တွေကိုပဲ အခြေခံထားတယ်။ တရော်ကင်ပွန်းဆိုရင် တရော်ခေါက်နဲ့ ကင်ပွန်းသီးကအဓိက၊ အောင်မဲညိုဆိုလည်း အောင်မဲညိုက အဓိကဖြစ်ပြီး ရှားစောင်းလက်ပပ် ဆိုရင်လည်း ရှားစောင်းလက်ပပ်ကို အဓိကအသုံးပြုထားပါတယ်။ အခြားပါဝင်ပစ္စည်းတွေကလည်း လက်လှမ်းတမီ အလွယ်တကူရနိုင်တဲ့ သဘာဝအသီးအရွက်အမြစ်တွေကို သုံးထားပါတယ်။ ဆံသားကောင်း စေဖို့အတွက် တမာရွက်၊ ကြိတ်မှန်ရွက်၊ ထောလပတ်ရွက်တို့လို စတာတွေကို ထည့်သွင်းအသုံးပြုထားပါတယ်။
မေး ။ ။ ထုတ်ကုန်တွေရဲ့ အားနည်းချက်နဲ့ နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်ဆောင်ရွက်ခဲ့တဲ့ အခြေအနေကိုလည်း ရှင်းပြပေးပါဦးရှင်။
ဖြေ ။ ။ အရင်ကတော့ သဘာဝကုန်ကြမ်းပစ္စည်းအားလုံးကို ပြုတ်ရည်လုပ်ပြီး သုံးတယ်။ ဒီပြုတ်ရည်ရဲ့အားနည်းချက်က အရောင်ပြောင်းတာ၊ အနံ့ပြောင်းတာတွေရှိလာတယ်။ ဒီလိုမဖြစ်အောင် နိုင်ငံတကာမှာသုံးနေတာတွေကိုလေ့လာတယ်။ သင်တန်းတွေ ထပ်ပြီးတက်တယ်၊ အဲဒီအခါကျတော့ ပေါင်းခံစနစ်နဲ့သွားတာက အာနိသင်မပျက်ဘဲ အရည်အသွေးအကောင်းဆုံးကို ရတယ်ဆိုတာ သိလာတာကြောင့် အခုဆိုရင် ထုတ်ကုန်တွေကို ပေါင်းခံရည်စနစ်နဲ့ပဲ ထုတ်လုပ်ပါတယ်။
မေး ။ ။ လက်ရှိအချိန်မှာ ထုတ်ကုန်အမျိုးအစား ဘယ်လောက်ထုတ်လုပ်နေပြီးတော့ ဈေးကွက်အခြေအနေကိုလည်း ရှင်းပြပေးပါဦးရှင်။
ဖြေ ။ ။ အခုဆိုရင် အမျိုးသမီးတွေရဲ့ ဆံကေသာထိန်းသိမ်းမှုနဲ့ ပတ်သက်တဲ့ ထုတ်ကုန်ခြောက်မျိုးကို ထုတ်ပါတယ်။ တရော်ကင်ပွန်း၊ ရှားစောင်းလက်ပပ်၊ အောင်မဲညိုခေါင်းလျှော်ရည် သုံးမျိုးနဲ့ Hair Growth Oil၊ Hair Treatment Mask၊ Hair Coat ဆိုပြီးတော့ပေါ့။ ဈေးကွက်ကတော့ ဒီမြို့မှာဆိုရင် ဒီမှာရှိတဲ့ မီနီမားကတ်နဲ့ စတိုးဆိုင်တွေမှာ တင်ပါတယ်။ ဒီနေ့ခေတ်က အွန်လိုင်းခေတ်ဖြစ်တာကြောင့် ကျွန်မကိုယ်တိုင်လည်း အွန်လိုင်းမှာ Page ဖွင့်ပြီးရောင်းသလို ရန်ကုန်မှာရှိတဲ့ City Mall လို အွန်လိုင်း Market တွေ Website မှာ လည်း တင်ပြီးရောင်းချပါတယ်။ ရန်ကုန်ဈေးကွက်ကတော့ အဓိကပါပဲ။
မေး ။ ။ ထုတ်ကုန်တွေကို အခုလို တရားဝင်မှတ်ပုံတင်ခြင်းကြောင့် ရရှိခံစားရတဲ့ အခွင့်အရေးတွေကိုလည်း ရှင်းပြပေးပါဦးရှင်။
ဖြေ ။ ။ အခုဆိုရင် ထုတ်ကုန်အားလုံးကို တရားဝင်မှတ်ပုံတင်ပြီး ထုတ်လုပ်ခွင့်လိုင်စင် ရရှိထားပြီးပါပြီ။ ဒီလိုရထားပြီးတဲ့ အတွက်ကြောင့် MSME ဈေးရောင်းပွဲတော်တွေမှာ ဖိတ်ခေါ်ခြင်းခံရတယ်။ ဈေးရောင်းပွဲတော်ရဲ့ ဆိုင်ခန်းတွေမှာ အခွန်လွတ်ဈေးရောင်းရတယ်။ ဒီလိုအခွင့်အရေးတွေရသလို အခြားအွန်လိုင်းစနစ်နဲ့သွားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအချင်းချင်း Group တွေ ဖွဲ့ပြီးတော့ ကိုယ့်ရဲ့ထုတ်ကုန်တွေကို ပြည်တွင်းနဲ့ နိုင်ငံတကာကို ထိုးဖောက်နိုင်မယ့် နည်းလမ်းတွေကို မကြာမကြာ Zoom Meeting နဲ့ သင်တန်းလုပ်ပေးတာတို့ ဒီလိုအခွင့်အရေး တွေရပါတယ်။
မေး ။ ။ မြတ်ဧကရီ ဆံသားထိန်းသိမ်းမှု ထုတ်ကုန်လုပ်ငန်းဟာဆိုရင် လက်ရှိအချိန်မှာတော့ ထိုက်သင့်တဲ့ အောင်မြင်မှုနဲ့အတူ အကျိုးခံစားခွင့်တွေကိုလည်း ရရှိနေပြီလို့သိရပါတယ်။ အလားတူ ဒီလိုမိသားစုတစ်နိုင်တစ်ပိုင်ကနေ အသေးစားလုပ်ငန်းရှင်ဖြစ်လိုသူတွေအတွက် ဘယ်လိုတိုက်တွန်းအားပေးစကားတွေ မျှဝေပေးချင်ပါသလဲ။
ဖြေ ။ ။ ဒီလိုလုပ်ငန်းသေးလေးတွေက မိသားစုတစ်နိုင်တစ်ပိုင် လုပ်နိုင်ပါတယ်။ အဓိကက လုပ်ချင်စိတ်ရှိဖို့ပဲလိုတယ်။ လုပ်ချင်တယ်ဆိုရင် ကျွမ်းကျင်မှုရှိဖို့ သင်တန်းတွေတက်ပါ၊ လေ့လာပါ။ ဒီနေ့ခေတ်က အွန်လိုင်းခေတ်ဖြစ်တာကြောင့် လေ့လာစရာတွေများပါတယ်။ ဘယ်လုပ်ငန်းပဲဖြစ်ဖြစ် အရှုံးနဲ့အမြတ်ဆိုတာရှိပါတယ်။ အခက်အခဲတွေကိုကျော်နိုင်မှ အောင်မြင်မှုရမှာပါ။ နောက်ပြီး ထုတ်လုပ်ခွင့်လိုင်စင်လုပ်ဖို့အတွက်လည်း မကြောက်ကြပါနဲ့။ ကျွန်မကိုယ်တွေ့အရလည်း သက်ဆိုင်ရာတွေက အမြဲတမ်းကြိုဆိုကြတယ်၊ ကူညီကြတယ်။ နောက်ဆုံးပြောချင်တာကတော့ အလုပ်ကိုလုပ်ကြည့်ပါ မခက်ခဲပါဘူး စဖို့ပဲလိုတယ်လို့ စကားလက်ဆောင်ပါးချင်ပါတယ်။
မြတ်ဧကရီ ဆံသားထိန်းသိမ်းမှု ထုတ်ကုန်လုပ်ငန်းသည် လုပ်ငန်းစတင်ခဲ့သည့်ကာလမှ ယနေ့အချိန်အထိ လေးနှစ်တာကာလခန့် ကြာမြင့်ခဲ့ပြီးဖြစ်သည်။ စတင်လုပ်ကိုင်ခဲ့ချိန်က ထုတ်ကုန်တစ်မျိုးတည်းကိုသာ ထုတ်လုပ်နိုင်ခဲ့သော်လည်း မလျှော့သောဇွဲဖြင့် အမျိုးမျိုးသောအခက်အခဲ စိန်ခေါ်မှုတို့ကို ရင်ဆိုင်ကျော်ဖြတ်ကာ လက်ရှိအချိန်၌ ထုတ်ကုန်ခြောက် မျိုးကို ဈေးကွက်ချဲ့ထွင် ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်သည်။ မိသားစု တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေသော်လည်း ဆန်းသစ်သောစိတ်ကူးများဖြင့် လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာမှ ထိုက်တန်သည့် အကျိုးအမြတ်များရရှိနေပြီဖြစ်သော်လည်း လုပ်ငန်းချဲ့ထွင်နိုင်ပြီး နိုင်ငံတကာဈေးကွက်အထိ ထိုးဖောက်နိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်နေသူဖြစ်ပြီး ၎င်းကဲ့သို့ လုပ်ချင်စိတ်ရှိသူ၊ ရည်မှန်းချက်တူသူ၊ ကြိုးစားလိုသူတို့ကိုလည်း အစဉ်တစိုက် အားပေးကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ။