မီဒီယာသတ်ကွင်းထဲက ယနေ့အစ္စရေးနှင့် ပါလက်စတိုင်း
မြင့်မြတ်
ယနေ့ခေတ်သစ်စစ်ပွဲများဟာ စစ်သည်၊ လက်နက်ကျည်ဆန်ချင်း တိုက်ကြခိုက်ကြသည်သာ မဟုတ်တော့ဘဲ စပ်စစ်ပွဲ (Hybridwarfare)၊ အလုံးစုံ- ပေါင်းစပ်စစ်ပွဲ (Total Hybridwarfare) တွေဆိုပြီး သတိထားစရာတွေ၊ သင်ခန်းစာယူစရာတွေရှိလာပြီ ဖြစ်ပါတယ်။
မဟာဗျူဟာမြောက် စစ်ပွဲသဏ္ဌာန်တွေဟာ ရောနှောရှုပ်ထွေးမှုတွေရှိလာကြပါပြီ။ သမားရိုးကျပုံသဏ္ဌာန်တွေကနေ ဖောက်ထွက်ပြီး ပုံမှန်မဟုတ်တဲ့ စစ်ပွဲသဏ္ဌာန်တွေဟာ ဒီဘက်ခေတ်မှာ ပိုပြီးထင်ရှားလာပါတယ်။ ဆိုက်ဘာတိုက်ခိုက်မှုတွေ ပြုလုပ်လာကြတယ်။ သတင်းတု၊ သတင်းမှားလွှင့်ပြီး ပုံမှားရိုက် မီဒီယာထိုးနှက်ချက်ကို အများဆုံးတွေ့လာနေရတယ်။ နိုင်ငံရေးအရစွက်ဖက်မှုတွေ၊ သံခင်းတမန်ခင်းစီးချင်းထိုးမှုတွေ၊ နိုင်ငံခြားတိုင်းပြည်တွေရဲ့ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်စွက်ဖက်ပြီး ကိုယ်လိုချင်တဲ့ပါတီ အနိုင်ရအောင်နဲ့ ကြိုးကိုင်အစိုးရဖန်တီးမှုတွေ၊ ဆန့်ကျင်ဘက်ကို ဥပဒေအရ တရားမဝင်အောင်၊ ဥပဒေယိုယွင်းပျက်ပြားအောင်လုပ်တာကအစ နည်းမျိုးစုံနဲ့ ဝင်ရောက်စွက်ဖက်တာတွေဟာ အလုံးစုံ- ပေါင်းစပ်စစ်ပွဲပုံသဏ္ဌာန်တွေပါပဲ။
မယုံသင့်သည့်အမှားတွေကြောင့် လူ့အဖွဲ့အစည်းအထိ သက်ရောက်မှုရှိနိုင်
အလုံးစုံ-ပေါင်းစပ်စစ်ပွဲဟူသည် ပြီးဆုံးဖို့ကာလအားဖြင့် ခန့်မှန်းရခက်လောက်အောင် ကြာရှည်တတ်ပါတယ်။ အထူးသဖြင့် မီဒီယာအားကို အသုံးချကြတာများပါတယ်၊၊ တစ်နည်းအားဖြင့် သတင်းအချက်အလက်စစ်ဆင်ရေးအသွင်ကို တလွဲအသုံးချခြင်းပါပဲ။ သတင်းတွေရဲ့ အတိမ်အနက်အရ မှန်ချင်မှန်မှားချင်မှားမယ်၊ ဒါပေမယ့် အစွဲကိုယ်စီနဲ့ဆိုတော့ မှားဖို့ကများပါတယ်။ အမှားကများ အမှန်ကနည်းပြီး နောက်ပိုင်းမှာ အမှားနဲ့ အမှန်ရောထွေးပြီး ဝါဒဖြန့်ထုတ်လွှင့်လာကြတယ်။
ကောလာဟလဖြန့်ချိတာမျိုး အမြောက်အမြားကြုံဖူးကြမှာပါ။ သတင်းတု၊ သတင်းမှားတွေနဲ့ သတင်းဖောင်းပွမှုတွေများလွန်းပြီး အချက်အလက်တင်ပြဖို့ထက် ဝါဒဖြန့်သက်သက်ချည်းသာ တွေ့လာရတယ်။ သတင်းလှိုင်းတွေကြားမှာ နှစ်ဖက်ပြိုင်ဆိုင်မှုက ပိုပြီးပြင်းထန်သွားတဲ့အခါ မလိုလားအပ်တဲ့သက်ရောက်မှုကို ကြားကပြည်သူတွေ ကြီးကြီးမားမားခံစားကြရပါတယ်၊၊
ယနေ့အစ္စရေး- ဟားမားစ်စစ်မှာလည်း ထိုနည်းအတိုင်းပါပဲ။ မီဒီယာချင်းအသည်းအသန် စစ်ခင်းနေကြတာတွေ့ရပါတယ်၊၊ လက်နက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်ခြင်းက စစ်တပ်တစ်ခု၊ ဒေသတစ်ခုကိုသာ အနိုင်ရနိုင်ပေမယ့် မီဒီယာနဲ့ဝါဒဖြန့်အားသာချက်က လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးအပေါ် ဂယက်ရိုက်သွားနိုင်ပါတယ်။ ဥပမာ-တိုက်ပွဲမဖြစ်တဲ့နေရာမှာ တိုက်ပွဲတွေနဲ့မငြိမ်းချမ်းသယောင်၊ ပြည်သူလူထုကြားစိမ့်ဝင်မြှုပ်နှံပြီး လူတွေကြားထဲ တိုက်ကွက်ဖော်၊ အကြမ်းဖက်လုပ်ရပ်တွေလုပ်ပြီး ပြန်လည်အတိုက်ခံရတဲ့အခါ ကျဆုံးဒဏ်ရာရခါမှ ပြည်သူတွေကိုပဲ ပစ်သတ်နေသယောင်၊ တစ်ဖက်က အကျအဆုံးများနေပြီ၊ အင်အားမရှိတော့ဘူးဆိုပြီး ကိုယ့်အပေါ်ထောက်ခံနေသူတွေ အားမလျော့သွားအောင် လုပ်ကြံဝါဒဖြန့်ခြင်းမျိုးတွေကို... breaking news နဲ့ထပ်တလဲလဲပြသခြင်းဟာ လူတွေမှာ စိတ်လှုပ်ရှားမှုများစွာဖြစ်သွားစေပါတယ်။ နှစ်ဖက်လေလုံးထွားမှုတွေဟာ သဘောထားကွဲလွဲမှုတွေကို ပိုပြီးနက်ရှိုင်းသွားစေတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ဖြစ်တတ်တဲ့ စိုးရိမ်ပူပန်မှုသောကကို အခွင့်ယူပြီးဖြစ်ပေါ်လာတဲ့ မဟုတ်မမှန်ဝါဒဖြန့်ချက်တွေကို အလွန်အမင်းမယုံကြည်ဘဲ သေချာဆန်းစစ်ဖို့သာ လိုအပ်ကြောင်း တွေ့ရပါတယ်။
မီဒီယာထောင်ချောက်ထဲရောက်သွားရတဲ့ အစ္စရေး
ဒီလိုစပ်စစ်ပွဲပုံစံမျိုးစုံနဲ့ ယနေ့ခေတ်စစ်ပွဲတွေမှာ အသုံးပြုလာကြတဲ့နေရာမှာ မီဒီယာစစ်ပွဲအသွင်သဏ္ဌာန်ကို ဟားမားစ်နဲ့ပါလက်စတိုင်းတို့ ဘယ်လိုအသုံးပြုနေသလဲ လေ့လာစေချင်၊ သင်ခန်းစာယူစေချင်ပါတယ်။ ယနေ့အစ္စရေး-ဟားမားစ်စစ်ဟာ အောက်တိုဘာ ၇ ရက်က ဟားမားစ်တို့က အစ္စရေးနယ်ထဲ လျှပ်တစ်ပြက် ဝင်တိုက်ခိုက်လို့စတင်ဖြစ်ခဲ့တယ်။ အစ္စရေးစစ်သည်အရပ်သား ၁၄၀၀ ကျော်လောက် ကျဆုံးသေဆုံးပြီး ၂၃၀ ခန့် ပြန်ပေးဆွဲခံရတယ်...အားလုံးသိပြီးသား၊ ဒီအပေါ်မှာ အစ္စရေးဘက်ကတုံ့ပြန်ပုံက အဆမတန် ပြင်းထန်ခဲ့ပါတယ်။ မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်ကိုကျော်ပြီး ဂါဇာဒေသက အရပ်သားကလေးဒုက္ခသည်မချန်၊ အရပ်သား၊ အကြမ်းဖက်မရွေးဗုံးကြဲတိုက်ခိုက်တယ်၊ ဆေးရုံ၊ ဒုက္ခသည်စခန်း၊ မြို့ရွာ၊ လူနေအိမ်ခြေနေရာမရွေး၊ အစာရေစာ၊ ရိက္ခာ၊ ဆက်သွယ်ရေးအကုန်ဖြတ်တောက်လိုက်တဲ့အခါ ဂါဇာလူ့အဖွဲ့အစည်းကြီးဟာ ပြိုကွဲပျက်စီးသွားရပါတော့တယ်၊၊
အစ္စရေးဟာ ကမ္ဘာပေါ်မှာ အင်မတန်မှအညှာအတာကင်းပြီး၊ စစ်လိုလားပြီး စစ်ရာဇဝတ်ကျူးလွန်သော၊ လူ့အခွင့်အရေးကိုလုံးဝမကြည့်သော၊ လူသားချင်း စာနာထောက်ထားစိတ်မရှိသော နိုင်ငံတစ်နိုင်ငံအဖြစ်ကို နေ့ချင်းညချင်း ရောက်သွားရပါတော့တယ်။
၈-၁၁-၂၃ ရက်က ဂါဇာမြို့လယ်ကောင်အထိ ထိုးဖောက်ဝင်ရောက်ပြီး ဂါဇာကို ဝိုင်းထားနိုင်ပြီဖြစ်တဲ့ အစ္စရေးဟာ နိုင်ငံတကာနဲ့ဆက်ဆံရေးမှာတော့ အနုတ်သဘောဆောင်လာနေပြီး နိုင်ငံတကာရဲ့ ဖိအားပေးခြင်းတွေကို အလူးအလဲခံနေရပါတော့တယ်။ ကုလသမဂ္ဂနဲ့အဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှုတွေအောက်က ဖိအားတွေနဲ့အတူ နောက်ဆုံးခေါင်းကိုင်ဆရာ အမေရိကန်ကြီးတောင် မနေသာတော့ဘဲ လူသားချင်းစာနာထောက်ထားမှုကို ရှေးရှုပြီး ခေတ္တအပစ်ရပ်ဖို့ ဆော်ဩရတဲ့အထိ ဖြစ်သွားရတယ်။
ဒါပေမယ့် အစ္စရေးကဂရုမစိုက်တဲ့အတွက် မကြာခင်ကမ္ဘာမှာ ဂျူးဆန့်ကျင်ရေးတွေ အားကောင်းလာနိုင်တဲ့ အလားအလာတွေတွေ့နေရပါတယ်။ မီဒီယာအားက ဘယ်လောက်ကောင်းသလဲဆိုရင် အနောက်နိုင်ငံက မြို့ကြီးတွေမှာ ပါလက်စတိုင်းထောက်ခံတဲ့လူတွေ သိန်းနဲ့ချီ လမ်းပေါ်ထွက်လာတဲ့အထိဖြစ်လာပြီး သမ္မတ ဘိုင်ဒင်ရဲ့ ဒီမိုကရက်ပါတီအတွင်းမှာတောင် ပါလက်စတိုင်းထောက်ခံသူနဲ့ ဆန့်ကျင်သူ နှစ်ပိုင်းကွဲသည်အထိ ဖြစ်သွားရပါတယ်။
ကာတာနိုင်ငံအခြေစိုက် အရှေ့အလယ်ပိုင်း အယ်လ်ဂျာဇီးယားသတင်းဌာနဟာ ယနေ့ ဂါဇာအခြေအနေကိုဖော်ပြရာမှာ အပီပြင်ဆုံးပါပဲ။ နေ့စဉ် အချိန်ပြည့်ဂါဇာအရေးချည်း တင်ဆက်နေရာမှာ အစ္စရေးကြောင့် ပါလက်စတိုင်းတွေ သေကျေထိခိုက်နေရပုံတွေကို ဇာတ်နာအောင်ရိုက်ပြထားပါတယ်။ ကြမ်းတမ်းစက်ဆုပ်ဖွယ် တိုက်ပွဲမြင်ကွင်းတွေ၊ လေကြောင်းက ဗုံးကြဲလို့အဆောက်အအုံတွေ၊ ဆေးရုံတွေ၊ ဒုက္ခသည်စခန်းတွေ တစ်စစီအုတ်ခဲအုတ်ပုံတွေအဖြစ် စိစိညက်ညက်ကြေ ပြိုကျပျက်စီးပုံတွေ၊ သွေးသံတရဲရဲနဲ့ အော်ဟစ်ညည်းတွားနေကြတဲ့ ဒုက္ခိတပုံတွေ၊ သေဆုံးသွားတဲ့ မိခင်ဖခင်တွေမရှိတော့လို့ မိဘမဲ့ ကလေးငယ်တွေရဲ့အဖြစ်၊ ပြိုကွဲကြေမွသွားတဲ့ မိသားစုအသိုက်အမြုံလက္ခဏာတွေ၊ မသေမရှင် ကလေးတွေကို ပြိုကျနေတဲ့ အုတ်ပုံတွေကနေဆွဲထုတ်နေပုံ အနိဋ္ဌာရုံတွေနဲ့အတူ ကမ္ဘာတစ်ဝန်းမှာ ပါလက်စတိုင်းထောက်ခံတဲ့ ဆန္ဒပြပွဲသတင်းတွေဟာလည်း နေ့စဉ်ရက်ဆက်ပါပဲ။
ဒီမြင်ကွင်းတွေကို အချိန်တိုင်း၊ နာရီတိုင်းနေ့စဉ်မပြတ် ထပ်တလဲလဲထုတ်လွှင့်ခြင်းဖြင့် စိတ်ထိခိုက်ကြေကွဲရတဲ့ ကမ္ဘာ့ပြည်သူတွေရဲ့ စာနာသနားမှုကို ရယူသွားပုံကို သတိထားလိုက်မိပါတယ်။ ကမ္ဘာကြီးရဲ့ညှာတာထောက်ထားမှုကို ပါလက်စတိုင်းတွေရလိုက်ပါပြီ။ တစ်ဆက်တည်း အစ္စရေးအပေါ် နိုင်ငံတကာရဲ့ သက်ရောက်မှုက တစ်ရက်ပြီးတစ်ရက် ပိုမိုပြင်းထန်လာတာကို တွေ့ရပါတယ်။ ပါလက်စတိုင်းတွေဟာ နိုင်ငံတကာရဲ့စာနာမှုကို ရယူရာမှာ ဒီလိုမြင်ကွင်းတွေက အလွန်ကိုထိရောက်လှပါတယ်။
အစ္စရေးအားပေးမီဒီယာဘက်ကကြည့်ရင်
မီဒီယာတိုက်ပွဲတွေဟာ တစ်ဖက်တည်းကချည်းမဟုတ်ပါဘူး။ နှစ်ဖက်မီဒီယာတွေဟာ ပဋိပက္ခကို အကြောင်းပြု၊ အားနည်းချက်ကို အခွင့်ကောင်းယူအသုံးချပြီး ကိုယ်လိုရာဆွဲ ပုံဖော်တင်ပြကြတာဟာ ယနေ့ခေတ်မှာ အဆန်းမဟုတ်တော့ပါဘူး။ အစ္စရေးဘက်ကနေ အနောက်တိုင်းမီဒီယာတွေက ဖော်ပြပေးရာမှာ ဟားမားစ်တွေကအစ္စရေးကိုဝင်တိုက်လို့ လူပေါင်း ၁၄၀၀ ကျော်သေဆုံးတဲ့သတင်းနဲ့ ဓားစာခံအဖမ်းခံရတဲ့သတင်းတွေ၊ အစ္စရေးဝန်ကြီးချုပ်ရဲ့ ရှေ့တန်းစစ်မြေပြင်အရောက် သွားရောက်အားပေးညွှန်ကြားနေပုံတွေ၊ ဂါဇာနယ်မြေထဲအထိ အစ္စရေးတပ်တွေ ထိုးဖောက်တိုက်ခိုက်တဲ့အခါ မြေအောက်လိုဏ်ခေါင်းတွေမှာ စီးနင်းတိုက်ခိုက်ကြပုံ၊ အထူးသဖြင့် စာသင်ကျောင်းတွေ၊ ဗလီတွေနဲ့ ဆေးရုံတွေအောက်မှာ မြေအောက်စစ်ဆင်ရေးလိုဏ်ခေါင်းတွေကို ဖော်ထုတ်နိုင်ပုံ၊ အစ္စရေးတွေ စိတ်ဓာတ်တက်ကြွစေမယ့် အစ္စရေးနိုင်ငံပေါ်ပေါက်လာပုံ သမိုင်းမြင်ကွင်းတွေနဲ့ အစ္စရေး-အာရပ်စစ်ပွဲသတင်းတွေကို အသားပေးဖော်ပြတာကို တွေ့ရတာဟာ တစ်ဖက်သတ် ဆန်လွန်းနေသလိုပါပဲ။ ဒါပေမယ့် မီဒီယာအားမှာတော့ အစ္စရေးထက် ပါလက်စတိုင်းတွေဘက်က အနည်းငယ်သာနေသယောင် တွေ့ရပါတယ်၊၊
သင်ခန်းစာယူသင့်တာယူရမည့်အချက်များ
သင်ခန်းစာက ဘာရလိုက်သလဲဆိုတော့ တစ်ခါတလေ တိုက်စွမ်းရည်နဲ့ သေနတ်ကျည်ဆန်ထက် မီဒီယာကျည်ဆန်က ပိုပြီးအစွမ်းထက်တာတွေ့ရသလိုပါပဲ၊၊ စစ်ရေးအရ အောင်ပွဲတွေရနေပေမယ့် နိုင်ငံရေးအရ ရှုံးနိမ့်သွားနိုင်တဲ့ သဘောလည်းရှိချင်ရှိနိုင်တယ်။ မီဒီယာဖိအားက နိုင်ငံတကာဖိအားနဲ့ နိုင်ငံတကာ ဆက်ဆံရေးအပေါ်မှာ သက်ရောက်တယ်ဆိုပေမယ့် နိုင်ငံတကာဖိအားကို လုံးဝဂရုမစိုက်ဘဲ စစ်တိုက်ရမယ့်အချိန်မှာ ညှိနှိုင်းမှုမလုပ်၊ နိုင်ငံတကာဥပဒေမှန်သမျှ ဘေးချိတ်၊ နေတန်ယာဟုလို ပြတ်သားပြတတ်တဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အနာဂတ်မှာ နိုင်ငံတကာဆက်ဆံရေးကို ဘယ်လိုပုံစံနဲ့သွားမလဲ၊ သူဘာတွေ ကြိုတင်မျှော်တွေးထားမလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါ။
စစ်ရေးအရ အောင်မြင်မှုတသီကြီးရနိုင်ပေမယ့် နိုင်ငံတကာအလယ်မှာ ဖြေရှင်းရမယ့်ကိစ္စတွေ အများကြီးရှိလာမှာ သေချာပါတယ်။ လောလောဆယ်ကို အစ္စရေးရဲ့ စီးပွားရေးတိုးတက်နှုန်းက ကျဆင်းသွားပြီး သူ့ပြည်သူတွေကဆန္ဒပြနေကြပါပြီ။ ဒါကြောင့်လည်း ပဋိပက္ခတိုင်းမှာ ချင့်ချိန် လုပ်ရတာတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဘာပဲလုပ်လုပ်သက်ရောက်မှုတိုင်းမှာ အဆိုးအကောင်းက ဒွန်တွဲစမြဲဖြစ်တဲ့အတွက် အများကြီးဆင်ခြင်ရပါတယ်။
အထူးသဖြင့် အရပ်သားပြည်သူတွေနဲ့ ရောနှောတိုက်ခိုက်နေရတဲ့ အခြေအနေမျိုးတွေမှာ အရပ်သားကိုလူတံတိုင်းကာပြီး တိုက်ခိုက်တတ်တဲ့ အကြမ်းဖက်တွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ကြားညှပ်ပြီး မီဒီယာထောင်ချောက်မှာ ပိတ်မိမခံရဖို့ကအရေးကြီးပါတယ်။ လူကောင်းကို လူဆိုး၊ လူဆိုးကို လူကောင်းဖြစ်အောင် မမျှမတစွပ်စွဲချက်တွေနဲ့ တရားခံဖြစ်အောင်ဖန်တီး၊ အချို့ပြဿနာတွေမှာ တရားသောစစ်ကိုဆင်နွှဲသူကိုပင် အကြမ်းဖက်သမားဖြစ်အောင် ပုံဖော်လေ့ရှိကြတာကိုသတိပြု ဖို့လိုပါတယ်။
အဓိကက ပညာတတ်ပြီး စဉ်းစားဉာဏ်ရှိဖို့ပါ။ ကမူးရှူးထိုးထမလုပ်ဘဲ အန္တရာယ်အနည်းအများနဲ့ စွန့်စားရမှု အနည်းအများကို တွက်ချက်နိုင်စွမ်း Calculated risk ရှိရပါမယ်။ အကျိုးစီးပွားတွက်ချက်ရမှုလည်း ရှိနိုင်ပါတယ်။ တစ်ကိုယ်ရေစိတ်ခံစားမှုထက် တစ်နိုင်ငံလုံး အကျိုးစီးပွားကို အဓိကထားတွက်ချက်ပြီး စဉ်းစားကောင်းစဉ်းစားရနိုင်ပါတယ်။ တရားသဘောအရတော့ သဒ္ဓါနဲ့ပညာမျှဖို့ပေါ့။ ပြည်သူတွေအသိမဲ့ရင် နောက်ကွယ်ကကြိုးကိုင်နေတဲ့ မီဒီယာတွေရဲ့ လွှမ်းမိုးအနိုင်ယူခြင်းခံရနိုင်သလို သဒ္ဓါနည်းပြီး ပညာသိပ်တတ်သွားရင်လည်း ဆိုးရွားတဲ့အပြုအမူနဲ့ မကောင်းတဲ့ရလဒ်တွေဖြစ်လာနိုင်တဲ့ သင်ခန်းစာတွေ ရှေ့မှာအများကြီးပါ၊၊
နိုင်ငံတကာမှာလည်း ထိုနည်းတူပါပဲ...။ အမျိုးသားရေးနဲ့မျိုးချစ်စိတ်ကို အခွင့်ကောင်းယူပြီး ကိုယ့်အကျိုးစီးပွားအတွက် ဝါဒဖြန့်သက်သက် အလွဲသုံးစားအသုံးချနေပုံတွေကို သေချာကြည့်နိုင်မြင်နိုင်ရပါမယ်။ နား၊ မျက်စိနဲ့ အာရုံတွေအပေါ်လိုက်ပြီး စိတ်ကူးယဉ်ခံစားမှုထက်ဦးနှောက်သုံးပြီး လက်တွေ့ကျတဲ့ လက်တွေ့သမားတွေသာ ဖြစ်စေလိုပါတယ်။
အဓိကအချက်ကတော့ အမှားများတော့ အမှန်ထင်ဆိုသလို အစွန်းတစ်ဖက်ဆီ သိသိသာသာကြီး ရောက်မသွားအောင် အထိန်းအကွပ်အများကြီးလိုတယ်ဆိုတာပါပဲ၊၊ လိုရာဆွဲ ပုံကြီးချဲ့ပုံဖျက်သတင်းမှားနဲ့ ဖြတ်ညှပ်ကပ်လုပ်ကြံသတင်းတုတွေကြားမှာ စဉ်းစားဉာဏ်နဲ့ ပိုင်းခြားစိစစ်နိုင်ဖို့ လိုအပ်ပါတယ်။ သို့မှသာ မဟုတ်တာ မမှန်တာတွေအပေါ် ပညာဉာဏ်နဲ့ အန်တုရင်ဆိုင်နိုင်မှာဖြစ်ပြီး အမှားနည်း၍ အမှန်များလာမှာဖြစ်ကာ အားလုံးအတွက် ထာဝရငြိမ်းချမ်းရေးဆိုတာလည်း ပိုမိုသေချာလာမှာဖြစ်ပါတယ်။ ။