Skip to main content

ကလေးသူငယ်များအားလုံး အခွင့်အရေးများ ရရှိခံစားနိုင်စေရေး ဖော်ဆောင်ပေး

အိမ်တစ်အိမ်၏ ဆည်းလည်းရတနာဟု တင်စားခေါ်ဝေါ်ကြရသည့် ကလေးများသည် တိုင်းပြည်၏တာဝန်ကို ပခုံးလွှဲပြောင်းတာဝန်ယူကြရမည့် အနာဂတ်၏ မျိုးဆက်သစ်များ ဖြစ်သည်။ ထို့ကြောင့် အနာဂတ်၏ လူတော်လူကောင်းများ ဖြစ်လာစေရန် ကလေးများကို အသိပညာတိုးပွားစေရေး၊ ယဉ်ကျေးလိမ္မာ၍ ဘာသာတရားကိုင်းရှိုင်းစေရေး၊ မိမိတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်စေရေး၊ သူတစ်ပါးအပေါ် ကိုယ်ချင်းစာစိတ်ထားရှိတတ်စေရေး၊ တိုင်းပြည်နှင့် လူမျိုးအပေါ် ချစ်ခင်သည့်စိတ်များဖြစ်ပေါ်မည့် အလေ့အကျင့်ကောင်းများဖြင့် ပြုစုပျိုးထောင်ကြရမည်ဖြစ်သည်။

ထိုသို့ပျိုးထောင်ရာတွင် ကလေးများ၏အိပ်မက်နှင့် ဆန္ဒများကို အသိအမှတ်ပြု၍ ကလေးများ အားလုံးရထိုက်သည့် အခြေခံအခွင့်အရေးများဖြစ်သည့် လုံလောက်သော အစားအစာနှင့် အာဟာရ၊ ပညာသင်ကြားမှု အခွင့်အလမ်း၊ ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အလမ်းနှင့်ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်တို့ကို ပံ့ပိုးပေးရမည်ဖြစ်သည်။

ကလေးများအားလုံးအတွက် အဆိုပါ အခြေခံအခွင့်အရေးများကို ဖြည့်ဆည်းပေးခြင်းဖြင့် ကလေးများသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးလာမည်ဖြစ်သည်။ ထို့အပြင် ကျန်းမာ၍ ပညာသင်ယူခွင့်ရရှိသော ကလေးများသည် ဆင်းရဲနွမ်းပါးမှုသံသရာကို ကျော်ဖြတ်နိုင်ပြီး ပြည့်စုံသော ဘဝများဆီသို့ လျှောက်လှမ်းနိုင်မည် ဖြစ်သည်။ သို့ဖြစ်၍ ကလေးများအတွက် အဆိုပါအခြေခံအခွင့် အရေးများရရှိစေရေး ဆောင်ရွက်ရန်မှာ နိုင်ငံတော် အစိုးရသာမက မိဘများ၊ မိသားစုဝင်များနှင့် ရပ်ရွာလူထုများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ရမည်ဖြစ်သည်။ ကလေးသူငယ်များ၏ အခွင့်အရေးများအား အပြည့်အဝဖော်ဆောင် ပေးနိုင်ရေး နှိုးဆော်ပေးရန်အတွက် နှစ်စဉ် နိုဝင်ဘာလ ၂၀ ရက်နေ့ကို ကမ္ဘာ့ကလေးများနေ့ အဖြစ် သတ်မှတ်ကာ ကမ္ဘာတစ်ဝန်းကျင်းပလေ့ရှိပါသည်။

ကမ္ဘာ့ကလေးများနေ့ဖြစ်ပေါ်လာပုံ

ကုလသမဂ္ဂအထွေထွေညီလာခံ၏ ၁၉၅၄ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက် ဆုံးဖြတ်ချက်အမှတ် ၈၃၆(၉)အရ အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ကို ကမ္ဘာတစ်ဝန်းတွင် သတ်မှတ်ကျင်းပရန်နှင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ စံနှုန်းများ၊ ရည်မှန်းချက်များနှင့် ကမ္ဘာပေါ်ရှိကလေးများ၏ ဘဝသာယာရေးကို မြှင့်တင်ဆောင်ရွက်နိုင်‌ရေး လှုံ့ဆော်ပေးရန်အတွက် လှုပ်ရှားမှုနေ့အဖြစ် ကျင်းပရန် သင့်လျော် သည့်နေ့စွဲသတ်မှတ်ပေးရန် နိုင်ငံများက အကြံပြု ခဲ့ကြသည်။

ကုလသမဂ္ဂအထွေထွေညီလာခံက ၁၉၅၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကလေးသူငယ် အခွင့်အ‌ရေးများဆိုင်ရာ ကြေညာစာတမ်း(Declaration of the Rights of the Child)အား လည်းကောင်း၊ ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်(United Nations Convention on the Rights of the Child-UNCRC) အား လည်းကောင်း အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ ကလေးသူငယ်အခွင့်အရေးများနှင့် သက်ဆိုင်သည့် အဆိုပါကြေညာစာတမ်းနှင့် စာချုပ်များ အတည်ပြု ပြဋ္ဌာန်းခဲ့သည့် နှစ်စဉ် နိုဝင်ဘာလ ၂၀ ရက်နေ့ကို ကမ္ဘာ့ကလေးများနေ့(World Children’s Day)အဖြစ်သတ်မှတ်ကာ ကမ္ဘာတစ်ဝန်း ကျင်းပလျက် ရှိရာ ယခုနှစ်တွင် ၃၄ နှစ်ပြည့်မြောက်ပြီဖြစ်ပါသည်။

UNCRC အကောင်အထည်ဖော်ဆောင်ရွက်မှုများ

မြန်မာနိုင်ငံအနေဖြင့် UNCRC ကို ၁၉၉၁ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၉၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် စာချုပ်အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်လာခဲ့သည်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ကလေးသူငယ်များအား ရောင်းချခြင်း၊ ပြည့်တန်ဆာပြုလုပ်ခြင်း၊ ညစ်ညမ်းရုပ်ပုံများဆိုင်ရာ CRC နောက်ဆက်တွဲစာချုပ် (Optional Protocol to the Convention on the Rights of the Child on the Sale of Children, Child Prostitution and Child Pornography(CRC-OPSC))တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင် ဘာလ ၂၇ ရက်နေ့တွင် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂစာချုပ်၏ နောက်ဆက်တွဲ စာချုပ်ဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များပါဝင် ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲစာချုပ်( Optional Protocol to the Convention on the Rights of the Child on the Involvement of Children in Armed Conflict(CRC-OPAC))တွင် ပါဝင်လက်မှတ်ရေးထိုး ခဲ့ပြီး ဖြစ်ပါသည်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (UNCRC) တွင် ကလေးသူငယ်အခွင့်အရေးအပိုင်း၌ အပိုဒ် ၄၁ ပိုဒ် ပါရှိပြီး အပိုဒ် ၄၂ မှ ၄၅ အထိ အပိုဒ် ၁၃ ပိုဒ်မှာ အဖွဲ့ ဝင်နိုင်ငံတိုင်းက တာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ဝတ္တရားများဖြစ်သည်။ ထို့အပြင် အဖွဲ့ဝင်နိုင်ငံများအားလုံးက ကလေးများအတွက် ဖြည့်ဆည်းပေးရန် အဓိကအခွင့်အရေး လေးရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့် (Survival)၊ ဖွံ့ဖြိုး တိုးတက်ခွင့် (Development)၊ ကာကွယ်စောင့်ရှောက်မှုရရှိခွင့် (Protection)၊ ပါဝင် ဆောင်ရွက်ခွင့် (Participation) တို့ကိုလည်းကောင်း၊ ကလေးသူငယ်များနှင့် ပတ်သက်၍ အခြေခံမူ ၄ ရပ်အဖြစ် ကလေးသူငယ်၏အကောင်းဆုံး အကျိုးစီးပွားကို ဖြစ်ထွန်းစေသောမူ (The best interests of the child)၊ ခွဲခြားသတ်မှတ်မှု မရှိစေသောမူ (Non-discrimination)၊ အသက်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်စေသောမူ (Survival and Development)၊ ကလေးသူငယ်၏ ထင်မြင်ယူဆချက်အားအလေးပေးစေသောမူ (Respect to child’s opinion)ကို လည်းကောင်း ထည့်သွင်း ‌ရေးဆွဲထားကြောင်း တွေ့ရှိရသည်။

UNCRC ပါ ကလေးသူငယ်အခွင့်အရေးလေးရပ်နှင့်အခြေခံမူလေးရပ်နှင့်အညီ ကလေးသူငယ် အခွင့်အရေးများကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်နိုင်ရေးတို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီး ဌာနသည် ၁၉၉၃ ခုနှစ်တွင် ကလေးသူငယ် ဥပ‌ဒေ ကိုလည်းကောင်း၊ ၂၀၀၁ ခုနှစ်တွင် နည်းဥပဒေကိုလည်းကောင်း ပြဋ္ဌာန်းခဲ့သည်။ ခေတ်စနစ်နှင့် လိုက်လျောညီထွေမှုရှိစေရန်နှင့် UNCRC ပါ ကလေး သူငယ်များ၏ အခွင့်အရေးများကို အပြည့်အဝဖြည့်ဆည်းပေးနိုင်ရန်အတွက် ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပ‌ဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲခဲ့ရာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေသစ်အား ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ကလေးသူငယ်များအားလုံး အခွင့်အရေးအပြည့်အဝရရှိစေရန်နှင့် အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှုများ ရရှိစေရေးအတွက် နည်းဥပ‌ဒေရေးဆွဲပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉)တွင် ကလေးသူငယ်များအပေါ် ရုပ်ပိုင်း ဆိုင်ရာ အကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတို့အတွက် ပြစ်မှု၊ ပြစ်ဒဏ်များအပါအဝင် ပြစ်မှုကျူးလွန်သော ကလေးသူငယ်များအတွက် အခြားနည်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်း၊ မိဘပြုစု စောင့်ရှောက်မှုမရရှိသော ကလေးသူငယ်များအတွက် အခြားနည်းဖြင့် ပြုစုစောင့်ရှောက်ခြင်း ဆိုင်ရာဥပ‌ဒေအခန်းများ ပါရှိသဖြင့် ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားကို ဖော်ဆောင်ရာတွင် ထိရောက်သော ဥပဒေတစ်ခုဖြစ်သည်ကို တွေ့ရပါသည်။

ထို့အပြင် ကလေးသူငယ် ကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး မူဝါဒအား ရေးဆွဲလျက်ရှိသည်။ ထိုမူဝါဒသည် ကလေးသူငယ်များအပေါ် အကြမ်းဖက်ခြင်း (Violence)၊ အလွဲသုံးခြင်း(Abuse)၊ လျစ်လျူရှုခြင်း (Neglect)၊ ခေါင်းပုံဖြတ်ခြင်း (Exploitation) တို့အား ကာကွယ်တားဆီးရန်နှင့် တုံ့ပြန်ဆောင်ရွက်ရန် နည်းလမ်းများကို အခြေခံ၍ ရေးဆွဲထားခြင်းဖြစ်ပြီး ကလေးသူငယ်များ ဘေးကင်းလုံခြုံရေးနှင့် ဘဝသာယာ စေရေးအားလုံးမျှဝေ တာဝန်ယူဆောင်ရွက်ရန်အတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ပါဝင်မှုဖြင့် နိုင်ငံတော်အစိုးရက မိသားစုများနှင့် ရပ်ရွာသို့ ပံ့ပိုးပေးရန် မျှော်မှန်းထားပါသည်။

ကလေးသူငယ်ဥပဒေပါ ပြဋ္ဌာန်းချက်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ လိုအပ်သော မူဝါဒများ၊ လမ်းညွှန်ချက်များ ချမှတ်ဖော်ဆောင်နိုင်ရန်၊ ကလေးသူငယ်များ၏ အခွင့်အရေးများ အပြည့်အဝခံစားရရှိစေရန်နှင့် အကာအကွယ်ပေးနိုင်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ၁၉၉၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် လည်းကောင်း၊ ၂၀၂၁ ခုနှစ်တွင်လည်းကောင်း ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ဆက်စပ်ဝန်ကြီးဌာနများ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း ၃၇ ဦးဖြင့် ဖွဲ့စည်းထားရှိပါသည်။ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီများကိုလည်း အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း အသိပေးတင်ပြလိုပါသည်။

CRC အဖွဲ့ဝင်နိုင်ငံများ လိုက်နာဆောင်ရွက် ရမည့် တာဝန် ၅ ရပ်ပါရှိ

CRC အဖွဲ့ဝင်နိုင်ငံများ လိုက်နာဆောင်ရွက်ရမည့် တာဝန် ၅ ရပ်တွင် ပါရှိသည့် နိုင်ငံတော်၏ ဆောင်ရွက်ချက်များကို UNCRC Committee သို့ နိုင်ငံအဆင့် အစီရင်ခံစာများ တင်ပြရန်ဆိုသည့် တာဝန်နှင့်အညီ နိုင်ငံတော်အစိုးရအနေဖြင့် အစီရင်ခံစာများ တင်သွင်းဆောင် ရွက်လျက်ရှိရာ ပထမအကြိမ်အစီရင်ခံစာကို ၁၉၉၅ ခုနှစ်တွင် လည်းကောင်း၊ ဒုတိယအကြိမ် အစီရင်ခံစာကို ၂၀၀၂ ခုနှစ်တွင်လည်းကောင်း၊ တတိယနှင့် စတုတ္ထအကြိမ် အစီရင်ခံစာကို ၂၀၀၉ ခုနှစ်တွင် လည်းကောင်း၊ ပဉ္စမနှင့် ဆဋ္ဌမအကြိမ် အစီရင်ခံစာ ကို ၂၀၂၁ ခုနှစ်တွင် လည်းကောင်း တင်သွင်းခဲ့ပြီး ဖြစ်ပါသည်။

UNCRC ပါ ကလေးသူငယ်အခွင့်အရေးများနှင့် ဥပဒေပါ အချက်များကို အများပြည်သူသို့ အသိ ပညာပေးခြင်းနှင့် ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ခရိုင်နှင့် မြို့နယ်အဆင့်များအပါအဝင် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ် များတွင် UNCRC ပါ ကလေးသူငယ်အခွင့်အရေးများနှင့် ဥပဒေပါ အချက်များဆိုင်ရာ အသိပညာပေးခြင်းနှင့် ဟောပြောပွဲ (၃၄၉) ကြိမ်ဖြင့် လည်းကောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမခြောက်လပတ်အတွင်း တွင် (၁၆၇)ကြိမ်ဖြင့်လည်းကောင်း ဆောင်ရွက်ပြီးစီးခဲ့ပါသည်။

ထို့အပြင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကလေးသူငယ်များ ကိုယ်တိုင် ၎င်းတို့၏ အခွင့်အရေးများကို သိရှိစေရန်အတွက် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကျောင်းများတွင် ကျောင်းသား ကျောင်းသူများအား “ကလေးသူငယ် အခွင့်အရေးကိုယ်တိုင်သိရှိ‌နားလည်ရေး” ခေါင်းစဉ် ဖြင့် ၁-၇-၂၀၂၂ ရက်နေ့မှ ၃၀-၉-၂၀၂၂ ရက်နေ့ အထိ အသိပညာပေးလုပ်ငန်းဆောင်ရွက်ခဲ့ရာ အခြေခံပညာသင်ကျောင်း (၁၄၇)ကျောင်းတွင် ဆောင်ရွက်ပြီးစီးခဲ့ပါသည်။

ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် အတွက် လူမှုဝန်ထမ်းဦးစီးဌာနသည် ၂၀၁၅ ခုနှစ်မှ စတင်၍ ဖြစ်ရပ်စီမံခန့်ခွဲမှုစနစ် (Case Management System)ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်မှ စတင်၍ Nation-wide Case Management Supervision Unit(NCMSU) ကို ဖွဲ့စည်းကာ လူမှုရေးရာဖြစ်ရပ် ကြီးကြပ်သူ ၄၅ ဦး၊ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲသူ ၃၂၀ ဖြင့် နိုင်ငံတစ်ဝန်းရှိ လူမှုရေးရာဖြစ်ရပ် စီမံ ခန့်ခွဲမှုများကို ဆောင်ရွက်လျက်ရှိပါသည်။

လူမှုရေးရာဖြစ်ရပ်များ လွှဲပြောင်းချိတ်ဆက် နိုင်ခြင်း၊ ဖြစ်ရပ်အလိုက် မှတ်တမ်းတင်နိုင်ခြင်းနှင့် အကြမ်းဖက်ခံရသူများအား အချိန်နှင့် တစ်ပြေးညီ ကာကွယ်စောင့်ရှောက်နိုင်ရန် အတွက် Social Management Information System (SMIS) Digital Platform ကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)၊ သတင်း နည်းပညာဌာန၏ နည်းပညာအကူအညီဖြင့် ရေးဆွဲ ခဲ့ရာ ၁၈-၅-၂၀၂၃ ရက်နေ့တွင် စတင် အသုံးပြုနိုင်ခဲ့ပါသည်။

SMIS Umbrella အောက်တွင် Software လေးခု အနေဖြင့် ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသည့် အသက်နှစ်နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် (Maternal and Child Cash Transfer Program-MCCT)၊ လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်း (Social Pension Program -SP)၊ လူမှုရေးရာဖြစ်ရပ် စီမံ ခန့်ခွဲမှု သတင်းအချက်အလက်စနစ် (Case Management Information Management System- CMIMS)နှင့် မသန်စွမ်းသတင်း အချက် အလက်စနစ်(Disabled Management Information System-DMIS)တို့ ပါဝင်ကြောင်း သိရှိရပါသည်။

 ဖြစ်ရပ်များအား စီမံခန့်ခွဲသူများအနေဖြင့် စနစ်တကျ သုံးစွဲနိုင်ပြီ

 အဆိုပါ Software လေးခုအနက် လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (Case Management Information Management System- CMIMS)ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ကလေးသူငယ်များ၊ ဥပဒေနှင့် ငြိစွန်းသော ကလေးသူငယ်များ၊ ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခြင်းခံရသူ ကလေး သူငယ်များ၊ ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ ကိစ္စရပ်များ၊ လူကုန်ကူးခံရသူ ကလေးသူငယ်များနှင့် အမျိုးသမီးများ၏ ဖြစ်ရပ်များအား ဖြစ်ရပ်စီမံခန့်ခွဲသူများအနေဖြင့် စနစ်တကျ သုံးစွဲနိုင်ပြီဖြစ်ပြီး ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ကလေး သူငယ်များအား အချိန်မီကာကွယ်စောင့်ရှောက် နိုင်မည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။

ထို့အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလူမှု ဝန်ထမ်းဦးစီးဌာနသည် ကလေးသူငယ်များနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ၊ သက်ငယ် မုဒိမ်းမှုများကြုံတွေ့လာပါက အလွယ်တကူ တိုင်ကြားနိုင်ရန် Helpline ဖုန်းနံပါတ် (၀၆၇-၄၀၄၂၂၂)နှင့် (၀၆၇-၄၀၄၉၉၉)ဖြင့် (၂၄)နာရီ ဝန်ဆောင်မှုပေးခြင်းကို ၂၀၁၆ ခုနှစ်မှစတင် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စတင်၍ Helpline ဖုန်းခေါ်ဆို တိုင်ကြားမှုအပြင် Viber နှင့် Facebook Page များတွင် စာတိုပေးပို့ တိုင်ကြားနိုင်ပြီး ယခုအခါ ဝန်ဆောင်မှုရယူသူများ ဖုန်းခေါ်ဆိုရာတွင် မှတ်သားခေါ်ဆိုရန် လွယ်ကူသည့် အထူးချိတ်ဆက် ဖုန်းနံပါတ် ၁၅၆၆ သို့ ဆက်သွယ်တိုင်ကြားနိုင်ပြီဖြစ်ပါသည်။

လူမှုဝန်ထမ်းဦးစီးဌာနမှ စနစ်တကျလေ့ကျင့် ထားသော လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူများသည် ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ကလေးများ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသော ကလေး သူငယ်များအတွက် နစ်နာကြေးပံ့ပိုးပေးခြင်း၊ တရားရုံးရင်ဆိုင်နေရသူများအတွက် ခရီးစရိတ်များ ထောက်ပံ့ပေးခြင်း၊ ဥပဒေပိုင်းဆိုင်ရာ အကူအညီ များ(Legal Aids)ရရှိအောင် ချိတ်ဆက်ဆောက်ရွက် ပေးခြင်း၊ စိတ်လူမှုပိုင်းဆိုင်ရာ (Psycho Social Support) များ ဆွေးနွေးပေးခြင်း၊ ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ခံစားမှုများ (Severe Trauma and Stress) အတွက် ကျွမ်းကျင်သူ Counsellor များနှင့် ချိတ်ဆက်ပေးခြင်း၊ မိသားစုနှင့်ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးများ ဆောင်ရွက်ပေးခြင်းနှင့် အခြား လိုအပ်သော အကူအညီများရရှိရန် ချိတ်ဆက် ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၅ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဩဂုတ်လအထိ လူမှုဝန်ထမ်း ဦးစီးဌာနအနေဖြင့် ဖြစ်ရပ်စုစုပေါင်း ၆၅၆၉ ခုအား ဖြေရှင်းကူညီ ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အထိ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေး ၁၀၁၅ ဦးအတွက် ငွေကျပ်သန်း ၁၃၀ ဒသမ ၃၉၀ ထောက်ပံ့ပေးပြီးဖြစ်ပါသည်။

ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ

ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် အာဆီယံ၏ မဏ္ဍိုင်ကြီးသုံးရပ်အနက် အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်း (ASEAN Socio-Culture Community-ASCC) အောက်တွင်အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများအဆင့် အစည်းအဝေး (ASEAN Senior Officials Meeting on Social Welfare and Development- SOMSWD)၊ အာဆီယံအမျိုးသမီးရေးရာကော်မတီ (ASEAN Committee on Women – ACW) နှင့် အာဆီယံ အမျိုးသမီးနှင့်ကလေးသူငယ် အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေး ကော်မရှင် (ASEAN Commission on Promotion and Protection of the Rights of Women and Children – ACWC)တို့ကို Focal Point အဖြစ် ဆောင်ရွက်လျက်ရှိပြီး ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ အမျိုးသမီး နှင့်မိန်းကလေးငယ်များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ၎င်းတို့၏အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးတို့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိပါသည်။

ထို့အပြင်ကလေးသူငယ်များအပေါ် အကြမ်းဖက်မှု ပပျောက်‌ရေးအတွက် အာဆီယံထိပ်သီး အစည်းအဝေးအသီးသီး၌ အတည်ပြုခဲ့သည့် Regional Plan of Action on Elimination of Violence Against Children in ASEAN (RPA-EVAC)၊ Regional Plan of Action on the Rights of Children in the Context of Migration(RPA-CCM)နှင့် Regional Plan of Action on the Protection of Children from all Forms of Online Exploitation and Abuse in ASEAN(RPA-COEA)တို့အား အခြားသော အာဆီယံအဖွဲ့ဝင် နိုင်ငံများနည်းတူ လိုက်နာဆောင်ရွက်လျက်ရှိပြီး ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ကလေးသူငယ်အခွင့်အရေးများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့်အကြမ်း ဖက်ခြင်းတို့မှ ကာကွယ်စောင့်ရှောက်ပေးခြင်းတို့သည် အနာဂတ်လူ့အဖွဲ့ အစည်းအတွက် ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပြီး ကလေးသူငယ်အခွင့်အရေးများအား လေးစားလိုက်နာသော လူ့အဖွဲ့အစည်း သည် ငြိမ်းချမ်း၍ တည်ငြိမ်သော အသိုက်အဝန်းတစ်ခုကို ‌ဖော်ဆောင်နိုင်မည်ဖြစ်သည်။ တစ်နည်း အားဖြင့် ကလေးသူငယ်များ၏ အခွင့်အရေးများကို အပြည့်အဝဖော်ဆောင်ပေးခြင်းနှင့် ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်‌ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်သည့် လူမှုအသိုက်အဝန်းတစ်ခု ဖြစ်လာစေရန် အထောက်အကူပြုမည် ဖြစ်ပါသည်။

ကလေးသူငယ်များအနေဖြင့် ၎င်းတို့၏ အခွင့်အရေးများအား သိရှိစေရန်၊ မိမိကိုယ်မိမိ ကာကွယ်တတ်စေရန်၊ မိမိမကြိုက်သော အပြုအမူများအား သူတစ်ပါးက ပြုမူလျှင်မည်သို့တုံ့ပြန် ဆောင်ရွက် ရမည်ကို သိရှိစေရန် လက်ဦးဆရာဖြစ်သော မိဘများ၊ ဆရာ၊ ဆရာမများက ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ကလေးများ၏အခွင့်အရေး ဖြည့်ဆည်းပေးရန်နှင့် ကာကွယ်‌စောင့်ရှောက်ရန်အတွက် အခြားသောကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနည်းတူ မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့ကလေးများနေ့အား နိုင်ငံတစ်ဝန်း နှစ်စဉ်ကျင်းပလျက်ရှိပါသည်။

ယခုနှစ် ကမ္ဘာ့ကလေးများနေ့ ဆောင်ပုဒ်မှာ For Every Child, Every Right ဖြစ်ရာ ကလေး သူငယ်များအားလုံး အခွင့်အရေးများ ရရှိခံစားနိုင်စေရေး ဖော်ဆောင်ပေးရန် လမ်းညွှန်ချက် တစ်ခုပင်ဖြစ်သည်။ ထိုလမ်းညွှန်ချက်နှင့်အညီ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ကလေးသူငယ်အခွင့်အရေး ဖော်ဆောင်ပေးရေး လုပ်ငန်း များကို နိုင်ငံတော်အစိုးရနှင့်အတူ မိဘ၊ ရပ်ရွာလူထု၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ(NGOs)၊ အရပ်ဘက်အဖွဲ့အစည်းများ (CSOs)အားလုံး လက်တွဲပူးပေါင်း၍ ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။

ရည်ညွှန်းကိုးကားချက်        

- Background | World Children's Day | United Nations

- United Nations Convention on the Rights of the Child (UNCRC)(1989)

- ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ(၂၀၁၉)

- လူမှုဝန်ထမ်းဦးစီးဌာန၏ CRC ဆိုင်ရာအချက်အလက်များ

- လူမှုဝန်ထမ်းဦးစီးဌာန၏ Case Management ဆိုင်ရာ အချက်အလက်များ