Skip to main content

မသန်စွမ်းသူများ၏ စွမ်းဆောင်ရည်မြင့်မားစေရန် မြှင့်တင်ဆောင်ရွက်ကြပါစို့

မြတ်သန္တာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အဆိုအရ ကမ္ဘာ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်းခန့်၊ လူဦးရေ တစ်ဘီလီယံကျော်ခန့်သည် မသန်စွမ်းမှုပုံစံဖြင့် နေထိုင်ကြသည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၁၉ ခုနှစ် Myanmar Inter-Censal Survey က ထုတ်ပြန်ထားသော ကိန်းဂဏန်းများအရ မြန်မာနိုင်ငံ လူဦးရေ၏ ၁၂ ဒသမ ၈ ရာခိုင်နှုန်း (ခန့်မှန်းခြေလူဦးရေ ၅ ဒသမ ၉ သန်း) သည် မသန်စွမ်းသူများ ဖြစ်သည်။

မြန်မာနိုင်ငံသည် အခြားနိုင်ငံများကဲ့သို့ပင် မသန်စွမ်းသူများ ပိုမိုပါဝင်နိုင်သော လူ့အဖွဲ့အစည်း တစ်ခုဖန်တီးရန် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ထင်ရှားသောမှတ်တိုင်တစ်ခုမှာ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (CRPD) ကို ၂၀၁၁ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ဤအချက်သည် မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများ၏အခွင့်အရေး၊ တန်းတူညီမျှခံစားခွင့်များကို မြှင့်တင်ရန်၊ ကာကွယ်ရန်နှင့် အာမခံချက်ပေးရန် အစဉ်အလေးထားကြောင်းကို ပြသနိုင်ခဲ့သည်။

အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်

သို့သော် သိသာထင်ရှားသော အတားအဆီး၊ စိန်ခေါ်မှုများလည်း ရှိနေသေးသည်။ ဥပမာ မသန်စွမ်းသူများအနေဖြင့် အများသူငါနေရာများ၊ သယ်ယူပို့ဆောင်ရေးကို အခက်အခဲနည်းစွာ အသုံး ပြုနိုင်ခြင်းနှင့် သတင်းအချက်အလက်များ ရယူနိုင်မှုမရှိခြင်းတို့က ကဏ္ဍမျိုးစုံတွင် မသန်စွမ်းသူများ အပြည့်အဝပါဝင်နိုင်မှုကို အဟန့်အတားဖြစ်စေသည်။ ထိုပြဿနာများကို ဖြေရှင်းရာတွင် အစိုးရ မဟုတ်သောအဖွဲ့အစည်းများ (NGO) နှင့် အရပ်ဘက်အဖွဲ့အစည်းများက အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေသည်။

ယင်းအဖွဲ့အစည်းများက အသိပညာများ မြှင့်တင်ရန်၊ ပံ့ပိုးကူညီရန်နှင့် အားလုံးပါဝင်နိုင်မှုကို မြှင့်တင်ရန်ရည်ရွယ်သည့် မူဝါဒဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်ကူညီလျက်ရှိသည်။ ယင်းတို့အနက် အဖွဲ့အစည်းတစ်ခုမှာ လွတ်လပ်သော လူနေမှုဘဝမြှင့်တင်ရေး (Myanmar Independent Living Initiative (MILI) အဖွဲ့ကြီးဖြစ်သည်။ ၎င်းအဖွဲ့ကြီးသည် မသန်စွမ်းသူများ လုပ်ငန်းခွင်ကျွမ်းကျင် ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးနှင့် ရပ်ရွာဖြင့် ထိတွေ့ဆက်ဆံမှု၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် ကိုယ်ပိုင်ခံစားချက်များကို မြှင့်တင်ပေးခြင်းဖြင့် မသန်စွမ်းသူတစ်ဦးချင်းအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း တို့ကို လုပ်ဆောင်သည်။

စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေ

ပြည်တွင်း၌သာမက နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများကလည်း မြန်မာ နိုင်ငံ၏မသန်စွမ်းသူများအတွက် ကြိုးပမ်းအားထုတ်မှုများတွင် သိသိသာသာ အထောက် အကူပြုသည်။ နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်မှုများက ကျွမ်းကျင်မှုများ၊ အရင်းအမြစ်များနှင့် ကမ္ဘာလုံးဆိုင်ရာ ရှုထောင့်တစ်ရပ်ကို ဆောင်ကြဉ်းပေးသဖြင့် စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေပါသည်။

ပညာရေးသည် မသန်စွမ်းသူတစ်ဦးချင်း၏ စွမ်းဆောင်ရည်နှင့် လူမှုအသိုင်းအဝိုင်း အတားအဆီးများကို ဖြိုဖျက်ရာတွင် အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်သည်။ မြန်မာနိုင်ငံတွင် ကလေးသူငယ်များနှင့် မသန်စွမ်းလူကြီးများ ပညာသင်ကြားခွင့်ရရှိရေးမြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ Myanmar Education Consortium (MEC) ကဲ့သို့သော အဖွဲ့အစည်းများသည် မတူကွဲပြားသောလိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် အားလုံးပါဝင်နိုင်သည့် ပညာရေးစနစ်ကို ဖန်တီးရန်လုပ်ဆောင်နေကြသည်။ သို့သော်လည်း အထူးပြု ဆရာ၊ ဆရာမများ ရှားပါးမှု၊ လက်လှမ်းမီနိုင်သော အခြေခံအဆောက်အအုံများမရှိခြင်းနှင့် မသန်စွမ်းမှုဆိုင်ရာ လူမှုရေး သတ်မှတ်ချက်များအပါအဝင် စိန်ခေါ်မှုများ ဆက်လက်ရှိနေပါသည်။

မသန်စွမ်းသူများသည် အတားအဆီးများနှင့် ရင်ဆိုင်ရလေ့ရှိ

အလုပ်အကိုင် အခွင့်အလမ်းနှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံတွင် မသန်စွမ်းသူများသည် အလုပ်အကိုင်နှင့် စီးပွားရေးအခွင့်အလမ်းများအတွက် အတားအဆီးများနှင့် ရင်ဆိုင်ရလေ့ရှိသည်။ ၎င်းတို့၏ စွမ်းဆောင်ရည်များနှင့်ပတ်သက်၍ အထင်အမြင်လွဲမှားမှုများက လုပ်သားအင်အား လျော့နည်းစေသည်။ ထို့ကြောင့် မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့်ရေးပရိုဂရမ်များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကဲ့သို့သော ဆောင်ရွက်ချက်များက မသန်စွမ်းသူများ ပိုမိုပါဝင်နိုင်သည့် အလုပ်အကိုင်စျေးကွက်ကို ဖန်တီးရာတွင် အရေးပါ သည်။

ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးသည် အခြေခံအခွင့်အရေးဖြစ်သော်လည်း မသန်စွမ်းသူများသည် အရည်အသွေးပြည့် ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများ ရရှိရေးတွင် အတားအဆီးများနှင့် ရင်ဆိုင်ရလေ့ရှိသည်။ ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခြေခံအဆောက်အအုံများ ပိုမိုကောင်းမွန်လာစေရန်၊ မသန်စွမ်းသူများ၏ အလေ့အကျင့်များအကြောင်း၊ ၎င်းတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကျွမ်းကျင်ပညာရှင်များကို လေ့ကျင့်ပေးခြင်း၊ မသန်စွမ်းသူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များအကြောင်း အသိပညာပေးခြင်းဖြင့် ပြဿနာကိုဖြေရှင်းရန် တွန်းအားဖြစ်စေနိုင်သည်။

မသန်စွမ်းသူများအတွက် အထောက်အကူဖြစ်သော အသိုက်အဝန်းတစ်ခု တည်ဆောက်ရာတွင် အသိဉာဏ်နှင့် နားလည်မှုများကို မြှင့်တင်နိုင်ရန် အရေးကြီးသည်။ ထိုသို့ဆောင်ရွက်ရာတွင် ရပ်ရွာလူထုက တက်ကြွစွာပါဝင်မှသာ မသန်စွမ်းသူများအား တန်ဖိုးထားမှုနှင့် လက်ခံသည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

အစိုးရအနေဖြင့်လည်း မသန်စွမ်းသူများ၏ အခွင့်အရေးများကို အကာအကွယ်ပေးသည့် ဥပဒေများကို စဉ်ဆက်မပြတ် ခိုင်မာအားကောင်းအောင် လုပ်ဆောင်သင့်ပြီး မသန်စွမ်းသူများအား ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေးဥပဒေများ၊ စံနှုန်းများနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးအစီအမံများ အပါအဝင် မူဝါဒများ၏ ထိရောက်မှုကို အကဲဖြတ်ရန်နှင့် စောင့်ကြည့်ရန်လည်း လိုအပ်ပါသည်။

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့သည် မသန်စွမ်းသူများအနေဖြင့် ကမ္ဘာကြီးတွင် ပိုမိုပါဝင် နိုင်သော ကမ္ဘာကို ဖန်တီးရန်အတွက် ဆက်လက်ကြိုးစားအားထုတ်သွားရန် အရေးကြီးကြောင်း သတိပေးသောနေ့ တစ်နေ့ဖြစ်သည်။ မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများ၊ အခွင့်အလမ်းများ အပြည့်အဝခံစားနိုင်ရေး ဆောင်ရွက်ရာတွင် တိုးတက်မှုရှိသော်လည်း စိန်ခေါ်မှုများ ရှိနေသေး၍ ရရှိထားသော အောင်မြင်မှုများကို အသိအမှတ်ပြုခြင်း၊ အတားအဆီးများကို ကိုင်တွယ် ဖြေရှင်းခြင်းနှင့် အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းဖြင့် မြန်မာနိုင်ငံအတွင်း မသန်စွမ်းသူများ ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်၍ လူ့အဖွဲ့အစည်းတွင် အပြည့်အဝပါဝင်နိုင်ပြီး အကျိုးပြုနိုင်သည့် အနာဂတ်ဆီသို့ လှမ်းကြရမည်ဖြစ်သည်။ ။