Skip to main content

ဟိုဆေးရာမို့စ်ဟော်တာဆိုသူ တီမောလက်စတေသမ္မတကြီးအား သိစေချင်ပါသည်

စွမ်းပြည့်

အရှေ့တောင်အာရှက ဧရိယာအသေးငယ်ဆုံး အရှေ့တီမော၊ တရားဝင်အမည် တီမောလက်စတေ ဆိုတဲ့ ကျွန်းနိုင်ငံငယ်ဟာ စတုရန်းမိုင်အားဖြင့် ၅၇၄၃ စတုရန်းမိုင်ပဲရှိပြီး လူဦးရေက ၁ သန်း ၁ သိန်းပဲရှိပါတယ်။ ပေါ်တူဂီကိုလိုနီလက်အောက်ခံ နိုင်ငံဖြစ်ခဲ့ဖူးတဲ့ တီမောဟာ အင်ဒိုနီးရှားလက်အောက် ကနေ ၂၀၀၂ ခုနှစ်ကမှ လွတ်လပ်ရေးရခဲ့တဲ့ နိုင်ငံ ပါ။ ၁၁ နိုင်ငံမြောက် အာဆီယံနိုင်ငံအဖွဲ့ဝင်အဖြစ် ၂၀၂၂ ခုနှစ်ကမှ မူအားဖြင့် သဘောတူထားပြီးဖြစ်တဲ့ အရှေ့တီမောဟာ သမိုင်းကြောင်းမထင်မရှားနဲ့ သမိုင်းမှတ်တမ်းမှတ်ရာ များများစားစား မတွေ့ ရတဲ့နိုင်ငံပါ။ အင်ဒိုနီးရှားတို့ သိမ်းပိုက်ထားစဉ်ကာလမှာ အကြမ်းဖက်မှုအတော်များများဖြစ်ခဲ့ပြီး ယခုလွတ်လပ်ရေးရပြီးနောက်မှာလည်း ဆင်းရဲတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ဆဲပါပဲ။

မြန်မာနိုင်ငံထဲကို တရားမဝင်ခိုးဝင်

သမ္မတက ဟိုဆေးရာမို့စ်ဟော်တာဆိုတဲ့သူ။ ၂၀၀၈ ခုနှစ်က လုပ်ကြံခံရလို့ ပြင်းထန်စွာဒဏ်ရာ ရဖူးတယ်၊၊ နိုင်ငံအခြေအနေမကောင်းတိုင်း UN နဲ့ ဩစတြေးလျလို နိုင်ငံခြားတပ်တွေ ခဏခဏ ဝင်ထိန်းနေရတဲ့နိုင်ငံရဲ့ သမ္မတဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်တုန်းက မြန်မာနိုင်ငံထဲကို တရားမဝင်ခိုးဝင် ဝင်ရောက်ခဲ့ဖူးပြီး ကရင်ပြည်နယ် မာနယ်ပလော မှာ ၁၀ ရက်ကြာနေထိုင်ခဲ့ကာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးခေါင်းစဉ်နဲ့ သင်တန်းတွေကို ပို့ချခဲ့ ဖူးသည်အထိ ဇရှိခဲ့သူပါ။

ဒီလိုသောင်းကျန်းသူနယ်စပ်ကို ဟီးရိုးဆန်ဆန် ဝင်ရောက်ဖူးရုံနဲ့ မြန်မာနိုင်ငံအရေးနဲ့ မြန်မာသမိုင်းကြောင်းကို ကောင်းကောင်းသိရှိသူတစ်ဦးအဖြစ် သူ့ကိုယ်သူ အထင်ကြီးနေပုံပါပဲ။ ရေနံကြွယ်ဝပြီး စီးပွားရေးကမကောင်း၊ အလုပ်လက်မဲ့ကများ၊ ဆင်းရဲမွဲတေပြီး စာမတတ်တဲ့နိုင်ငံရဲ့ လူဦးရေထက်ဝက်လောက်ကို အုပ်ချုပ်နေရတဲ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် သမ္မတဟိုဆေးရာမို့စ်ဟော်တာ ဆိုတဲ့လူကသမိုင်းအစဉ်အလာကြီးမားတဲ့ မြန်မာနိုင်ငံ၊ မြန်မာလူမျိုးနဲ့ မြန်မာ့တပ်မတော်ကို စော်ကား မော်ကားပြောခဲ့ခြင်းဟာ အလွန်စက်ဆုပ်ရွံရှာဖွယ် ကောင်းလှပါတယ်။

ဒီသမ္မတဟာ မြန်မာနိုင်ငံနဲ့ မြန်မာအရေးအပေါ် မကြာခဏဝင်ရောက်စွက်ဖက် ပြောဆိုလေ့ရှိသူပါ။ ယခုနှစ် ဇူလိုင်လဆန်းတုန်းကလည်း အာဆီယံထဲဝင်ရောက်ဖို့ စတင်လှုပ်ရှားစဉ်မှာ သူ့အနေနဲ့မဆီမဆိုင် မြန်မာနိုင်ငံအရေးကို အာဆီယံအဖွဲ့ကြီးက မဖြေရှင်းနိုင်သေးတဲ့အပေါ်မှာ သူ့အနေနဲ့ကသိ ကအောက်ဖြစ်ရကြောင်း၊ ဒါကြောင့်အာဆီယံ အနေနဲ့ မြန်မာအရေးကို မဖြေရှင်းနိုင်သေးရင် သူ့အနေနဲ့အာဆီယံထဲ ဝင်ရောက်မှာ မဟုတ်သေး ကြောင်း မဆီမဆိုင် ဂလိုင်ခေါက်၊ အခြားအာဆီယံ နိုင်ငံတွေကို ပိဿာလေးနဲ့ ဘေးပိတ်ပေါက်သလို ပညာမဲ့စကား မဖွယ်မရာဆိုခဲ့သူပါ။ ငါ့စကားနွားရ သူများခိုင်းစားတာ ခံနေရတဲ့ပုံပါပဲ။

သူနဲ့ ပုလင်းတူဘူးဆို့ဖက် ဝန်ကြီးချုပ် ဇာနာနာ ဂက်စမိုဆိုတဲ့လူကလည်း မြန်မာခေါင်း ဆောင်တွေ ကို စစ်အာဏာရှင်များအဖြစ် သမုတ်သွားခဲ့ပြီးအာဆီယံက မြန်မာကို ဖိအားပေးဖို့ တောင်းဆိုခဲ့သူ ဖြစ်ပါတယ်။ ဇူလိုင်လဆန်းကနိုင်ငံရဲ့သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဘုန်းကြီးရူးနဲ့ လှေလူးဆိုသလို အကြမ်းဖက်အဖျက်သမားတွေနဲ့ တစ်သား တည်းရပ်တည် ကြောင်းပြသခဲ့ပြီး သူရထားတဲ့ငြိမ်းချမ်းရေးဆုကြီးနဲ့ ပြဒါးတစ်လမ်း၊ သံတစ်လမ်း လျှောက်ခဲ့သူဖြစ်ပါတယ်။

သူကပြောပါတယ်။ မြန်မာဒီမိုကရေစီလှုပ်ရှား မှုအကြောင်း သူကောင်းကောင်း သိတယ်ဆိုပဲ။ သူ့ကိုယ်သူ မြန်မာနိုင်ငံအကြောင်း သူ့ထက်ပိုသိသူ ဘယ်ခေါင်းဆောင်မှမရှိဘူးဆိုပြီး ဘဝင်မြင့်နေပုံ ပါပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းနဲ့ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ ပြည်တွင်းသောင်းကျန်းမှုနဲ့ ပဋိပက္ခသမိုင်းကိုတော့ လေ့လာထား ဟန်မတူပါဘူး။ လူဦးရေ ၁ သန်းလောက် သာရှိတဲ့ ရန်ကုန်မြို့ထက် အနည်းငယ်သာကျယ်တဲ့ ရန်သူမရှိ၊ သူပုန်မရှိ၊ ကျွန်းနိုင်ငံ သေးသေးလေးကို အုပ်ချုပ်နေတဲ့သူ့ကိုယ်သူ ဒီမိုကရေစီဖခင် အမည်ခံသမ္မတကြီးတစ်ဦးရဲ့ဂုဏ်ယူစွာပြောနေပုံက ကျွန်တော်တို့အတွက်တော့ ဘာမှအံ့ဩစရာမရှိပါဘူး။

ကျွန်တော်တို့လို နိုင်ငံဧရိယာ ၂ သိန်း ၆ သောင်းကျော်ရှိပြီး လူဦးရေ ၅၅ သန်း လူမျိုးစုပေါင်း ၁၃၅ မျိုးနဲ့ လက်နက်ကိုင်အဖွဲ့ပေါင်း ဆယ်ဂဏန်းရှိတဲ့နိုင်ငံကိုသာ အုပ်ချုပ်ရရင် သူဘယ်လိုပြောမယ် မသိပါ။ ဒါကြောင့်သူ့ကို ပညာတတ်ပေမယ့်  အကြမ်းဖက်ကိုသာ အားပေးထောက်ခံတတ်သူ ပညာမရှိသူတစ်ဦးအဖြစ်သာ သတ်မှတ်ထိုက်ပါတယ်။

ဒီလူတွေရဲ့ မြန်မာနိုင်ငံအပေါ်မှာ သုံးသပ်ချက်တွေဟာ တလွဲတွေဖြစ်‌နေတယ်ဆိုတာသူတို့ ကိုယ်တိုင်မသိရှာကြပါဘူး။ ငြိမ်းချမ်းရေးဆုရ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ယူကရိန်းလိုပဲမြန်မာ သောင်းကျန်းသူတွေထံ လက်နက်တွေပေးဖို့၊ မြန်မာနိုင်ငံမှာ သွေးချောင်းစီးဖို့ အနောက်နိုင်ငံ တွေထံ တောင်းဆိုခဲ့ဖူးတယ်။ မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်နဲ့ မြန်မာပြည်သူတွေကို သွေးခွဲစကား ပြောခဲ့တယ်။ နိုင်ငံတော်ကို တည်ဆောက်နေတဲ့အစိုးရ၊ တပ်မတော်နဲ့ ရက်ရက်စက်စက်လူသတ်၊ ဗုံးခွဲ၊ ပြည်သူကြားတိုက်ပွဲဖော်၊ ဆေးရုံ၊ ကျောင်း၊ လမ်း၊ တံတား အကုန်ဖျက်ဆီးပြီး တိုင်းပြည်ကို အလုံးစုံပျက်သုဉ်းအောင်လုပ်နေတဲ့ အကြမ်းဖက် အကြားမှာ ခွဲခြမ်းစိတ်ဖြာ မဆန်းစစ်နိုင်လောက် အောင် အသိခေါက်ခက် အဝင်နက်သူတွေ ဖြစ်နေရ ရှာပါတယ်။

တပ်မတော်ကို ဖြိုခွဲဖို့ကြိုးစားရာရောက်

ဒီဇင်ဘာလ ၉ ရက်နေ့က NUG က ထုတ်ပြန်တဲ့ ဗီဒီယိုမှတ်တမ်းတစ်ခုမှာ ဟိုဆေးရာမို့စ်ဟော် တာရဲ့ ပြောကြားချက်မှာ မြန်မာတပ်မတော်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ အရာရှိ၊ စစ်သည်တွေအားလုံး လက်နက်ချပြီး ပြည်သူ့ဘက်မှာ ရပ်တည်ဖို့ ဝင်ရောက်စွက်ဖက် ပြောနေပုံဟာ တပ်မတော်ကို ဖြိုခွဲဖို့ကြိုးစားရာရောက်လို့ အလွန်စော်ကားရာ၊ မတရားရာကျ ပါတယ်။ သမ္မတတစ်ယောက်အနေနဲ့ အလွန်မိုက်မဲလွန်းတယ်လို့တောင် ပြောလို့ရပါတယ်။ သူ့ကိုကြည့်ရတာ မြန်မာနိုင်ငံမှာ တပ်မတော်ပြိုကွဲ၊ နိုင်ငံအစိတ်စိတ်အမြွှာမြွှာကွဲပြီး စစ်မီးပွားမှာအလွန် မြင်ချင်နေပုံပါပဲ။

သူ့ရဲ့ဗီဒီယိုမိန့်ခွန်းက ပြောင်ပြောင်တင်းတင်း ပြောကြားချက်တွေဟာ နိုင်ငံတစ်နိုင်ငံအပေါ် အလွန်စွက်ဖက်ရာကျပါတယ်။ အဓိပ္ပာယ်လည်း မဲ့လွန်းပါတယ်။ ပြည်သူဆိုတဲ့ အဓိပ္ပာယ်ကို မဖော်တတ်၊ မြန်မာ့တပ်မတော်ကိုထောက်ခံပြီး တည်ငြိမ်အေးချမ်းမှုကို လိုလားသူပြည်သူစစ်စစ် ဘယ်လောက်ရှိသလဲ၊ တည်ဆောက်နေသူက ဘယ်သူလဲ၊ အဖျက် သမားကဘယ်သူလဲ၊ ခွဲခြားမသိ၊ ဆိုးရွားလွန်းတဲ့ မှတ်ချက်ပါ။ သူ့ရဲ့ပြောကြားနေပုံဒီဇိုင်းကို ကြည့်ရတာမှာ သူ့ရဲ့မျက်နှာအသွင်အပြင်ကအစ မူမမှန်တာတွေ့ရပါတယ်။ ဒီလို ပညာမဲ့လွန်းတဲ့စကားမျိုးကို တစ်နိုင်ငံက အခြားတစ်နိုင်ငံအပေါ် ပြောခြင်းဟာ ကမ္ဘာ့ဘယ်နိုင်ငံဘယ်ခေါင်းဆောင်မျိုးမှာမှ မရှိပါဘူး။ သူ့မျက်နှာမှာ မြန်မာ့တပ်မတော်နဲ့ မြန်မာခေါင်းဆောင်တွေကို မုန်းနေတဲ့ အာဃာတအမုန်းတွေ၊ မနာလိုဝန်တိုမှု လက္ခဏာတွေ တွေ့မြင်နေရတာဟာ နှစ်နိုင်ငံအရေး၊ ဒေသအရေး၊ ကမ္ဘာ့အရေးအတွက် တော့ အလွန်စိတ်မအေးစရာဖြစ်ပါတယ်။

ရာမို့စ်ဟော်တာအနေနဲ့ သူကိုယ်တိုင် တော်လှန် ရေးသမားဖြစ်ခဲ့တယ်ဆိုသော်ငြား ဒီမိုကရေစီ တော်လှန်ရေးအဓိပ္ပာယ်နဲ့ အကြမ်းဖက်လမ်းစဉ်ပုံစံကို ကွဲကွဲပြားပြား ခွဲခြားသိပုံလည်း မပေါ်ပါဘူး။ သမ္မတသာဖြစ်လာတယ် သူ့ရဲ့မိန့်ခွန်းမှာပါတဲ့ ဒီမိုကရေစီနဲ့ တော်လှန်ရေး အကြောင်း ပြောဆိုချက်တွေမှာ ဒီမိုကရေစီကိုရေလဲသုံးပြီး လူပြိန်းကြိုက် လှုံ့ဆော်တက်ကြွ သူပုံစံသက်သက်သာ တွေ့ရခြင်းအားဖြင့် သူဟာလက်တွေ့မဆန်တဲ့ စိတ်ကူးယဉ်ဝါဒီ တစ်ဦးသာဖြစ်မယ်လို့ သုံးသပ်မိပါတယ်။ (သူ ကရင် ပြည်နယ်ထဲ သူရဲကောင်းကြီးတစ်ဦးသဖွယ် လှေနဲ့ ခိုးဝင်ခဲ့ပုံကိုပြန်လည်အမှတ်ရမိခြင်း)။

သူဟာ မြန်မာလူမျိုးတွေမသုံးတဲ့ ရိုဟင်ဂျာအသုံးကို သုံးနှုန်းပြီး မြန်မာတိုင်းရင်းသားတွေကို စော်ကားခဲ့တယ်။ သူဟာကမ္ဘာ့ခေါင်းဆောင်တွေကို မြန်မာအရေးအာရုံစိုက်ပေးဖို့ တိုက်တွန်းခဲ့တယ်။ ရန်ကုန်မြို့ လူဦးရေရဲ့ ခုနစ်ပုံ တစ်ပုံလောက်သာ အုပ်ချုပ်ရတဲ့ သမ္မတကြီးတစ်ဦးအနေနဲ့ သူများနိုင်ငံပြည်တွင်းရေး ဒီလောက်နက်နက်ရှိုင်းရှိုင်း ဝင်ရောက် စွက်ဖက်ချိန်ရအောင် အချိန်တွေအတော်အားနေဟန်တူပါတယ်။ ဒါပေမဲ့သမ္မတကြီး မေ့နေတာက ယနေ့ဂါဇာနယ်ထဲက သနားစရာ ပါလက်စတိုင်းလူမျိုး တွေနဲ့ကလေး သူငယ်တွေပါပဲ။ တစ်သောင်းကျော် လောက်သေဆုံးပြီးဖြစ်တဲ့ ဂါဇာဒေသက ပါလက် စတိုင်းတွေအတွက် အမေရိကန်နဲ့အတူ သူအရေး မစိုက်အားပါဘူး။ ထိုဒေသမှာ ဖြစ်ပျက်နေတဲ့ အနိဋ္ဌာရုံတွေအပေါ်မှာလည်း စိတ်ဝင်စားပုံမပေါ်ပါဘူး။ တရားမျှတမှုကို လိုလားရင် ယနေ့ကမ္ဘာမှာ ဒီမိုကရေစီအင်အားကြီး နိုင်ငံတစ်ခုက အင်အားနည်းတဲ့နိုင်ငံတွေအပေါ် ကျူးကျော်ဖြုတ်ချ၊ တိုင်းပြည်ဖြိုခွဲ၊ ထိုနိုင်ငံက ပြည်သူတွေ ယနေ့လက်ရှိခံစားနေရတဲ့ ဒုက္ခ‌တွေအတွက် တရားမျှတမှုကို ဘယ်လိုရှာဖွေ‌ပေးနိုင်ပါမလဲ၊ ဒီမေးခွန်းကိုမေးခဲ့ရင် လူ့အခွင့်အရေးနဲ့ တရားမျှတမှုကို အလွန်လေးစားတဲ့သမ္မတကြီးအနေနဲ့ ဘယ်လိုဖြေမလဲ သိချင်ပါတယ်။

သမ္မတကြီးမှာအဖြေရှိပါသလား

မြန်မာနိုင်ငံမှာလည်း ထို့အတူပါပဲ၊ အကြမ်းဖက်လက်နက်ကိုင်တွေ ရက်ရက်စက်စက် သတ်ဖြတ်လို့ သေသွားကြရတဲ့၊ ဒုက္ခိတဖြစ်သွားကြရတဲ့ သံဃာတော်တွေ၊ ကျန်းမာရေး၊ ပညာရေးဝန်ထမ်းတွေ အပါအဝင် အပြစ်မဲ့ဝန်ထမ်းနဲ့ ပြည်သူတွေအတွက်ကော မြန်မာပြည်သူ တွေအတွက် လုပ်ပေးချင်ပါတယ်ဆိုတဲ့ သမ္မတကြီးမှာ အဖြေရှိပါသလား၊ မြန်မာ ပြည်သူတွေအတွက် ဝေမျှပေးစေချင်ပါတယ်။

သမ္မတဟိုဆေးရာမို့စ်ဟော်တာ သိစေချင်ပါတယ်။ မြန်မာနိုင်ငံအရေးဟာ ထိုနိုင်ငံ၊ ထိုနိုင်ငံသား တွေရဲ့ ပြည်တွင်းရေးသာဖြစ်တယ်။ ဒေသအရေး လည်းမဟုတ်၊ နိုင်ငံတကာအရေးလည်းမဟုတ်၊ နိုင်ငံတကာငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေခြင်းလည်းမရှိပါ၊ အရှေ့တီမောနဲ့ဆိုအဝေးကြီး၊ ဆိုင်လည်းမဆိုင်ပါ။ တစ်နိုင်ငံပြည်တွင်းရေး ဝင်မစွက်ကြေး အာဆီယံမူနဲ့လည်းမညီပါ၊ အာဆီယံအဖွဲ့ဝင်ဖြစ်လာမယ့် နိုင်ငံတစ်နိုင်ငံအနေနဲ့ ယခုကတည်းကဆင်ခြင်ထားသင့်ပါတယ်။

မြန်မာနိုင်ငံရဲ့အခြေအနေဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနဲ့အတူ ဖြစ်ပေါ်လာတဲ့ မဲမသမာမှုတွေကြောင့် အရေးပေါ်အခြေအနေ ကြေညာခဲ့ရပြီးယခု ကာလဆောင်ရွက်ချက် တွေဟာ အရေးပေါ်ကာလပြဋ္ဌာန်းချက်များနဲ့အညီ ဆောင်ရွက်နေခြင်းဖြစ်တယ်ဆိုတာ ဒီမိုကရေစီကိုလေးစားသူသမ္မတကြီးသိဖို့ လိုအပ်ပါတယ်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေပါအချက်များအတိုင်း ရှေ့လုပ်ငန်းစဉ် ၅ ရပ်ချမှတ်ပြီး ဆောင်ရွက်နေပါတယ်။ ရှေ့လုပ် ငန်းစဉ်ပါအတိုင်းလည်း လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပပေးသွားမယ်၊ ပြီးရင်အနိုင်ရပါတီကို နိုင်ငံတော်တာဝန်ကို လွှဲသွားပေးမယ်စတဲ့ အချက်တွေဟာ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး လက်တွေ့ကျတဲ့ အချက်တွေဆိုတာ ဟိုဆေးရာမို့စ်ဟော်တာသမ္မတကြီး သိနေဖို့လိုပါမယ်။ အာဆီယံတူညီဆန္ဒ ၅ ချက်ကို အကောင်အထည်ဖော်ရာမှာလည်း မြန်မာနိုင်ငံပြည် တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကိုလေးစားပြီး အာဆီယံ ပဋိညာဉ်စာတမ်းပါ အချက်တွေအပေါ် အခြေခံပြီး ပူးပေါင်းဆောင်ရွက် သွားမယ်ဆိုတာလည်း အကြိမ်ကြိမ် ကတိကဝတ်ပြုပြီးသား ဖြစ်ပါတယ်။   

အချုပ်အားဖြင့်တော့ မြန်မာနိုင်ငံအရေး ဘယ်လောက်နက်နဲ ကျယ်ပြန့်တယ်ဆိုတာသမ္မတ ကြီးထက် မြန်မာနိုင်ငံပြည်သူတွေ၊ မြန်မာနိုင်ငံခေါင်း‌ဆောင်များနဲ့ မြန်မာ့တပ် မတော်ကသာ အသိဆုံးဖြစ်ပါတယ်။ နိုင်ငံတကာက ဘယ်ခေါင်းဆောင်ကမှအသိဆုံး ဖြစ်တယ်ဆိုတာလည်း မမှန်ပါဘူး။ မြန်မာ့အရေးစဉ်းစားရာမှာ သမိုင်းကြောင်းနဲ့အမျိုး သားရေးစရိုက်လက္ခဏာများ၊ ကိုလိုနီစနစ်ကြောင့်ဖြစ်ရတဲ့ စိတ်ဝမ်းကွဲပြားမှုများကို ကြိုတင်သိနားလည်ထားဖို့ လိုအပ်ပါတယ်၊၊ ကိုယ့်နိုင်ငံ၊ သူ့နိုင်ငံသမိုင်းကြောင်းတွေဟာ တစ်ခုနဲ့တစ်ခုမတူညီကြတဲ့အတွက် ယခုလို ဝင်ရောက်စွက်ဖက် ပြောကြားချက်တွေဟာ ဖိအားပေးသက်သက်သာ ဖြစ်တာကြောင့်အောင်မြင်မှုရနိုင်မှာ မဟုတ်ဆိုတဲ့အချက်ကို တီမောလက်စတေခေါင်းဆောင်တွေသိနှင့်ထား သင့်ပါတယ်။

အဆင့်တစ်ရပ်မှာရှိမနေသူတွေ

ယခုလိုကာလမှာ မြန်မာနိုင်ငံအစိုးရနဲ့ပြည်သူ တွေရဲ့ကြိုးစားမှုတွေကို နားလည်အောင် ကြိုးစား ပြီး အပြုသဘောအားပေးမှုနဲ့ အပေါင်းလက္ခဏာဆောင်တဲ့ အချက်တွေကသာ မြန်မာနိုင်ငံအပေါ် ကူညီ ရာရောက်ပါမယ်။ သို့သော်အရှေ့တီမောသမ္မတနဲ့ ဝန်ကြီးချုပ်တို့ဟာ မြန်မာနိုင်ငံအရေးအပေါ် ပြင်းပြင်းထန်ထန် စွပ်စွဲပြောခဲ့ကြသူတွေမို့ ကျွန်တော်တို့ကလည်း မြန်မာနိုင်ငံတော်နဲ့ မြန်မာပြည်သူတွေကိုယ်စားသူတို့အပေါ်မှာယခုလို ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်လိုက်ရခြင်းသာ ဖြစ်ပါတယ်။ အဆင့်တစ်ရပ်မှာ ရှိမနေသူတွေကို ယခုလို တုံ့ပြန် ခြင်းဟာ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိတပ်မတော်အတွက် မှန်ကန်တယ်လို့ ခံယူမိပါတယ်။