ဗိဿနိုးမြို့ဟောင်းသို့ သွားရောက်လေ့လာခဲ့ရသော ခရီးသွားအတွေးအမြင်များ
နှင်းလဲ့ (Tourism)
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း မိမိအနေဖြင့် အုပ်စုဖွဲ့၍ ခရီးထွက်ဖြစ်သည်မှာ ပထမအကြိမ် ပြင်ဦးလွင်ခရီးစဉ်ပြီးလျှင် ပြီးခဲ့သော ဒီဇင်ဘာ ၁၀ ရက်က ဗိဿနိုးမြို့ဟောင်းသို့ သွားရောက် လည်ပတ်ခွင့်ရခြင်းသည် ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပျူမြို့ဟောင်း သုံးမြို့ဖြစ်သည့် ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ မြို့တို့ကို ၂၀၁၄ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့အမွေ အနှစ် စာရင်းဝင်မြို့များအဖြစ် သတ်မှတ်ပြီးနောက်ပိုင်း နာမည်ကျော်ကြားထင်ရှားလာခဲ့သည်။ ထိုအချိန်ကတည်းက ၎င်းမြို့များသို့ သွားရောက်လေ့လာချင်ခဲ့သော်လည်း အခွင့်မသာခဲ့။ ယခုတစ်ကြိမ်တွင် မိမိလေးစားခင်မင်ရသော စာရေးဆရာတစ်ဦး၏ စီစဉ်ပေးမှုဖြင့် ပထမဦးဆုံးအကြိမ်အဖြစ် ဗိဿနိုးမြို့ဟောင်းသို့ သွားရောက်လေ့လာခွင့်ရခဲ့လေသည်။
ခရီးစဉ်အစ
မိမိတို့အဖွဲ့တွင် မိမိအပါအဝင်ဆရာနှင့် ဆရာ၏ ပညာဒါနသင်တန်းသူ သင်တန်းသားအချို့၊ သာသနာ့တက္ကသိုလ်(မန္တလေး)မှ ပါမောက္ခဆရာကြီး၊ ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ဆရာနှင့် ဆရာဝန်များစသည့် နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ် ၁၂ ဦး ပါဝင်သည်။ ကားဆရာက မိမိတို့၏ စုရပ်အသီးသီးသို့ ဝင်ရောက်ခေါ်ယူပြီး နံနက် ၆ နာရီခွဲတွင် မန္တလေးရွှေမြို့တော်မှ ဗိဿနိုးမြို့ဟောင်းသို့ ခရီးစတင်ထွက်ခွာကြသည်။
မန္တလေးမှ ဗိဿနိုးမြို့ဟောင်းသို့သွားရာ လမ်းခရီး၌ နတ်မောက်ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်သို့ ဝင်ရောက်လေ့လာခွင့်ရလေသည်။ အဆိုပါနေအိမ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၂၉ ခုနှစ်အထိ နေထိုင်ခဲ့ပြီး ဗိုလ်ချုပ်၏ မိခင်ဒေါ်စုနှင့် သူမ၏မောင်နှမသားချင်းများ အိမ်ဝင်းအတွင်း စုပေါင်းနေထိုင်ခဲ့ကြသည်။ ၁၉၇၀ ပြည့်နှစ်တွင် ဗိုလ်ချုပ်အစ်ကို ဦးဘဝင်း၏ ဇနီး၊ ဗိုလ်ချုပ်၏ ဇနီးနှင့် ဦးအောင်သန်းတို့က နေအိမ်ကြီးအား နိုင်ငံတော်သို့လှူဒါန်းရန် တိုက်တွန်းခဲ့ကြသဖြင့် ၁၉၇၃ ခုနှစ် ဇူလိုင် ၁၆ ရက်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ယူထိန်းသိမ်းခဲ့သည်။ ၁၉၇၄ ခုနှစ် ဧပြီ ၈ ရက်တွင် နတ်မောက်မြို့ အောင်ဆန်းရပ်ကွက် မီးလောင်သွားခဲ့ရာ နေအိမ်လည်းပါဝင်ခဲ့ပြီး နိုင်ငံတော်က အများပြည်သူ ဝင်ရောက်လေ့လာနိုင်ရန် နေအိမ်ကို ရှေးမူမပျက် ပြန်လည်ပြင်ဆင် တည်ဆောက်ခဲ့သည်။
နေအိမ်ပြတိုက်သည် နှစ်ထပ်ကျွန်းသစ် အိမ်ဟောင်းကို ရှေးမူမပျက်ရေနံချေးသုတ်၍ ပြင်ဆင်မွမ်းမံထားခြင်းဖြစ်ပြီး အောက်ထပ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဆွေစဉ်မျိုးဆက်ဇယား၊ နေအိမ်ပြတိုက်သမိုင်းကြောင်းနှင့် ဗိုလ်ချုပ်သက်ရှိ ထင်ရှားစဉ်က ဆောင်ရွက်ခဲ့သော သမိုင်းမှတ်တမ်း ဝင်ဓာတ်ပုံများ၊ မိသားစုဓာတ်ပုံများကို ပြသထားသည်။ အပေါ်ထပ်အလယ်တွင် ဗိုလ်ချုပ်အောင်ဆန်း စာဖတ်နေသည့် ပုံတူရုပ်တုထားရှိပြီး ဘေးပတ်လည်တွင် ဗိုလ်ချုပ်အောင်ဆန်းလာစဉ်အိပ်သည့် အိပ်ခန်း၊ မိခင်ဒေါ်စုအိပ်ခန်း၊ ဗိုလ်ချုပ်၏ မိသားစုအိပ်ခန်း၊ အမျိုးသမီးပြင်ဆင်ခန်း၊ မီးဖိုခန်းဟူ၍ အခန်းများ စုဖွဲ့ထားရှိသည်။
ဧည့်ခန်းထဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ အဆိုအမိန့်များနှင့် ပညာရှင်များရေးသားထုတ်ဝေခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ စာအုပ်များကို ခင်းကျင်းပြသထားသည်။ ဗိုလ်ချုပ်နေအိမ်ပြတိုက်ထဲတွင် ဝင်ရောက်လေ့လာရင်း ဗိုလ်ချုပ်ငယ်စဉ်ပုံရိပ်ဘဝများ၊ သမိုင်းအဖြစ်အပျက်များကို မြင်ယောင်မိသည်။ ခေတ်ကပေးအပ်လာသောတာဝန်များကို ကျေပွန်စွာထမ်းရွက်ခဲ့သူတို့သည် ခေတ်ကအောက်မေ့သတိရသော မှတ်တမ်းတင်ရသည့် စံပြပုဂ္ဂိုလ်များဖြစ်လာပေသည်။ အဆိုပါ နေအိမ်ပြတိုက်သည် ရန်ကုန်ရှိ သမိုင်းဝင်နေအိမ်ပြတိုက်ကဲ့သို့ စုံလင်မှုမရှိသော်လည်း ဗိုလ်ချုပ်၏ငယ်စဉ်ဘဝကို ထင်ဟပ်ပြသနေပေသည်။
ဗိဿနိုးမြို့ သို့မဟုတ် ပျူရှေးဟောင်းမြို့တော်
ထို့နောက် မိမိတို့အဖွဲ့သည် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်တွင် အုပ်စုမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ပြီးနောက် ဗိဿနိုးမြို့သို့ခရီးဆက်ခဲ့ရာ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ကမ္ဘာ့အမွေအနှစ် ဗိဿနိုးပျူရှေးဟောင်းမြို့တော်သို့ ရောက်ရှိခဲ့သည်။ ဗိဿနိုးမြို့ကို ပျူမြို့ဟောင်းများဟုခေါ်ရခြင်းမှာ ၂၀၁၄ ခုနှစ်တွင် ယူနက်စကိုကသရေခေတ္တရာ၊ ဟန်လင်းနှင့် ဗိဿနိုးမြို့ဟောင်းသုံးခုကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အဖြစ် တစ်ဆက်တည်း သတ်မှတ်အတည်ပြုခဲ့သောကြောင့်ဖြစ်သည်။ ပျူမြို့ဟောင်းများသည် အရှေ့တောင်အာရှတွင် အစောဆုံးမြို့ပြယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာအစောဆုံး ကိုးကွယ်မှုအထောက်အထားများကို လေ့လာတွေ့ရှိရပြီး ဘီစီ ၂ ရာစုမှ အေဒီ ၉ ရာစုအထိ ထောင်စုနှစ်တစ်ခုစာ သက်တမ်းရှိသော မြို့ဟောင်းများဖြစ်ကြသည်။
ဗိဿနိုးပျူမြို့ဟောင်းသည် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့၏ အနောက်ဘက် ၁၂ မိုင်အကွာ တောင်တွင်းကြီး-မကွေးကားလမ်းမပေါ်တွင် တည်ရှိသည်။ မြို့ဟောင်းသည် ၃ ဒသမ ၃ စတုရန်းမိုင်ကျယ်ဝန်းပြီး မြို့ဟောင်း၏ ပုံသဏ္ဌာန်မှာ လေးထောင့်မကျတကျ ပုံသဏ္ဌာန်ဖြစ်သည်။ မြို့ဟောင်း၏ပတ်လည်တွင် ကျေးရွာ ၁၁ ရွာ ဝန်းရံလျက်ရှိပြီး ဗိဿနိုးပျူယဉ်ကျေးမှုဒေသကို ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသ (Property Zone) ကို ၂၉၃၅ ဒသမ ၆၁ ဧက၊ ကြားခံဒေသ (Buffer Zone) ကို ၇၁၁၄ ဒသမ ၁၆ ဧကစသည်ဖြင့် ပိုင်းခြားသတ်မှတ်ထားကာ စုစုပေါင်း ဇုန်နယ်နိမိတ်ဧရိယာ ၁၀၀၄၉ ဧက သတ်မှတ်ထားသည်။ ဗိဿနိုးပျူယဉ်ကျေးမှုဒေသသည် အပူပိုင်းမိုးနည်းရပ်ဝန်းတွင်ပါဝင်ပြီး ယင်းချောင်းလွင်ပြင်တွင်တည်ရှိရာ စိုက်ပျိုးရေးအတွက် မြေသြဇာကောင်းမွန်သဖြင့် အဆိုပါဒေသတွင် နေထိုင်သူတို့သည် များသောအားဖြင့် ဆန်စပါးနှင့် သီးနှံမျိုးစုံ စိုက်ပျိုးလုပ်ကိုင်ကြသည်။
မြို့အဝင်မုခ်ဦးတွင် “ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ” ဆိုင်းဘုတ်နှင့် ယူနက်စကို (UNESCO) အသိအမှတ်ပြု အမှတ်တံဆိပ်ကျောက်စာ ကမ္ပည်းထားရှိပြီး မြို့ကိုစောင့်ရှောက်ကာကွယ်ခဲ့သည့် စစ်သူကြီးရုပ်တုနှစ်ခုကို မုခ်ဦးတစ်ဖက်တစ်ချက်တွင် စိုက်ထူထားသည်။ မုခ်ဦးမှတစ်ဆင့် ကားလမ်းတစ်လျှောက်ဆက်သွားရာ စိမ်းလန်းအုံ့မှိုင်းနေသည့် အလေ့ကျပေါက်ရောက်နေသော သစ်ပင်များဖြင့် သာယာလှပေသည်။ ထိုသို့သွားနေရင်း ထိုခေတ်အခါက ရှေးပျူလူမျိုးများအကြောင်းနှင့် ဗိဿနိုး၏ဇာတ်လိုက် ပန်ထွာဘုရင်မအကြောင်း တွေးနေမိသည်။
ဗိဿနိုးမြို့သမိုင်းအစ
ဗိဿနိုးမြို့ဟုဆိုလိုက်လျှင် ဗိဿနိုးဘုရင်မကြီး ပန်ထွာဘုရင်မအကြောင်းကို ချန်လှပ်ထား၍မရပေ။ နေမျိုးမင်းလှသီရိသင်္ခယာရေးသော တောင်တွင်းကြီး သမိုင်းစာအုပ်တွင် ဗိဿနိုးမြို့(ပန်ထွာပြည်) အကြောင်းကို သမိုင်းထဲတွင်ထင်ရှားသော တကောင်းမှ မျက်မမြင်ညီနောင် မဟာသမ္ဘဝနှင့် စူဠသမ္ဘဝ တို့ဖောင်မျှောခန်းနှင့် ဆက်စပ်ဖြစ်တည်လာခဲ့ကြောင်း၊ ညီနောင်နှစ်ပါးတို့၏ အစားအစာများကို ခိုးယူစားသောက်သော စန္ဒမုခိဘီလူးမသည် ညီနောင်နှစ်ပါးအနက် မဟာသမ္ဘဝနှင့် ပဋိသန္ဓေကပ်ငြိခဲ့လေသည်။ ညီနောင်နှစ်ပါး၏ စက္ခုအမြင်ကို ကုသပေးပြီး နောက်ဘီလူးမသည် တောင်တွင်းကြီးမြို့ အနောက်ဘက် တောအရပ်တွင် သမီးမိန်းကလေး မွေးဖွားခဲ့ပြီးနောက်တွင် ရသေ့ကြီးက ခေါ်ယူမွေးစားခဲ့သည်။ ထိုသမီးမိန်းကလေးသည်နောင်တွင်ဗိဿနိုးမြို့ကို အုပ်ချုပ်ခဲ့သော ပန်ထွာဘုရင်မဖြစ်လာခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။
ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုပြတိုက်နှင့် မှတ်တမ်းများ
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ဗိဿနိုးမြို့ဟောင်းတွင် ၁၉၅၉ ခုနှစ်မှ တူးဖော်သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ တူးဖော်သုတေသနလုပ်ငန်းမှရရှိလာသော ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ လူနှင့်သဘာဝဘေးဒဏ်တို့ကြောင့် မပျောက်ပျက်ဘဲ ရေရှည်တည်တံ့နေစေရန်အတွက်လည်းကောင်း၊ အများပြည်သူလေ့လာနိုင်စေရန်အတွက် လည်းကောင်းရည်ရွယ်၍ ဗိဿနိုးရှေးဟောင်းသုတေသန ပြတိုက်ဆောက်လုပ်ဖွင့်လှစ်၍ ပြသထားသည်ကို လေ့လာတွေ့ရှိနိုင်သည်။
အဆိုပါပြတိုက်တွင် ပြကွက်များအလိုက် ခင်းကျင်းပြသထားသော ရှေးဟောင်းဝတ္ထုပစ္စည်းအများစုသည် ပျူခေတ်ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများဖြစ်ပြီး ဗိဿနိုးမြို့ဟောင်းကို တူးဖော်သုတေသနပြုရာတွင် တွေ့ရှိခဲ့သော ကျောက်ဝတ္ထုပစ္စည်းများ၊ မြေထည်ပစ္စည်းများ၊ အင်္ဂတေပစ္စည်းများ၊ ကြေးထည်ပစ္စည်းများ၊ သံထည်ပစ္စည်းများ၊ ငွေထည်ပစ္စည်းများ၊ ရွှေထည်ပစ္စည်းများ၊ သတ္တုရောပစ္စည်းများ၊ အရိုးအိုးများ စသည်ဖြင့် ပျူခေတ်ကာလ ဗိဿနိုးမြို့ဟောင်းတွင် နေထိုင်ခဲ့ကြသော ပျူလူမျိုးတို့၏ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု၊ စိတ်ပိုင်း ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတို့ကို သက်သေပြုဖော်ဆောင်နေသော ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ၊ ဗိသုကာအနုသုခုမလက်ရာများကို ဗိဿနိုးရှေးဟောင်း သုတေသနပြတိုက်တွင် စနစ်တကျ ခင်းကျင်းပြသ၍ အင်္ဂလိပ်/မြန်မာဘာသာနှစ်မျိုးဖြင့် ရှင်းလင်းထားသည့်အတွက် လာရောက်လေ့လာသော ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များအတွက် သေချာဖတ်ရှုလေ့လာနိုင်သည်ကို တွေ့ရှိရပါသည်။
ဗိဿနိုးမြို့ဟောင်း ဗိသုကာလက်ရာများ
ဆက်လက်၍ မိမိတို့အဖွဲ့သည် ဗိဿနိုးမြို့ဟောင်းရှေးဟောင်းအဆောက်အအုံများသို့ သွားရောက်လေ့လာရာ ဒေသခံဧည့်လမ်းညွှန်က ဗိဿနိုးမြို့ဟောင်းအတွင်း၌ စေတီပုံပန္နက်ရှိသော အဆောက်အအုံနှင့် ဘုန်းကြီးကျောင်းသဏ္ဌာန်ရှိသော အဆောက်အအုံများအကြောင်း ရှင်းလင်းပြောကြားသည်။ ထိုအဆောက်အဦများကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် ဤအရပ်ဒေသမှစ၍ ဗုဒ္ဓဘာသာပြန့်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ပုဂံနှင့် ပျူမြို့ဟောင်းသုံးမြို့ကဲ့သို့ ကမ္ဘာ့အမွေအနှစ် ယဉ်ကျေးမှုနေရာများရှိသော်လည်း ကမ္ဘောဒီးယားရှိ အန်ကောဝပ်နှင့် နှိုင်းယှဉ်လျှင် ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှုနည်းပါးကြောင်း ဧည့်လမ်းညွှန်ကပြောပြသည်။
မိမိအနေဖြင့် ကိုဗစ်ရောဂါမဖြစ်ပွားမီ ခရီးသွားလုပ်ငန်းတွင်လုပ်ကိုင်ရင်း ၂၀၁၉ ခုနှစ်တွင် အလုပ်ကိစ္စဖြင့် ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်သို့ရောက်ရှိခဲ့ရသည်။ မိမိအန်ကောဝပ်သို့ ရောက်ခဲ့စဉ်အချိန်က ထိုဧည့်လမ်းညွှန်တွေးသကဲ့သို့ ကမ္ဘာ့အမွေအနှစ်ဒေသချင်းတူသော်လည်း မြန်မာနိုင်ငံရှိ ပုဂံနှင့်ပျူဒေသများနှင့် နှိုင်းယှဉ်လျှင် အန်ကောဝပ်တွင် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ဘာကြောင့်ပိုများနေရသည်ကို တွေးကြည့်မိဖူးသည်။
ပုဂံနှင့် အန်ကောဝပ်သည် ခေတ်ပြိုင်ထွန်းကားခဲ့သော ယဉ်ကျေးမှုအမွေအနှစ်ဒေသများဖြစ်သည်။ အန်ကောဝပ်နှင့်ယှဉ်လျှင် ပုဂံတွင် ရှေးဟောင်းစေတီပုထိုးများ ထောင်ပေါင်းများစွာတည်ရှိပြီး နံရံဆေးရေးပန်းချီများ၊ ပန်းပုလက်ရာများ၊ ယဉ်ကျေးမှုလက်ရာ မြောက်မြားစွာပိုင်ဆိုင်ထားသည်။ အန်ကောဝပ်တွင်ထင်ရှားသော ဘုရားစေတီများမှာ ဘေရွန်ဘုရားကျောင်း၊ တဖရွန်ဘုရားကျောင်း စသည်ဖြင့် ရှေးဟောင်းဘုရားစေတီ စုစုပေါင်း ၇၂ ဆူသာတည်ရှိသည်။ ပုဂံနှင့် အန်ကောဝပ်တွင် နေဝင်ဆည်းဆာမြင်ကွင်းနှင့် ဓာတ်ပုံရိုက်လျှင် မည်သည့်ရှုထောင့်ကရိုက်သည်ဖြစ်စေ ပုဂံကပို၍သာသည်၊ လှပသည်၊ ယဉ်ကျေးမှုအမွေအနှစ် လက်ရာဟောင်းများ ပို၍ကြွယ်ဝသည်ဟု ခံစားမိသည်။
အန်ကောဝပ်နှင့်ပုဂံ ကွာခြားချက်မှာ အန်ကောဝပ်သည် ကမ္ဘာ့အမွေအနှစ်ခရီးစဉ်ဒေသအဖြစ် ဖန်တီးပြုလုပ်ထားသည်မှာ ပုဂံထက်ပို၍ စနစ်ကျသည်။ ရှေးဟောင်းဘုရားများ ပျက်စီးနေလျှင် ယခုခေတ်လက်ရာများဖြင့် ပြင်ဆင်မွမ်းမံခြင်းမပြုလုပ်။ နဂိုအရှိအတိုင်း ပြသထားသည်။ ရှေးဟောင်းယဉ်ကျေးမှုဇုန်နှင့် ဟိုတယ်ဇုန်၊ လည်ပတ်စရာ Night Market ဇုန်ဟူ၍ စနစ်တကျခွဲထားရာ ခရီးသွားများအနေဖြင့် သေချာလေ့လာနိုင်သည်။ အန်ကောဝပ်ညစျေးသည် ညတွင် ခြောက်ကပ်မနေဘဲ ရောင်စုံမီးရောင်များအောက်တွင် ခရီးသွားများသည် Night life အနေဖြင့် မိမိကြိုက်နှစ်သက်သော အစီအစဉ်များကို ပါဝင်လှုပ်ရှားပျော်ပါးနိုင်သည်။ များသောအားဖြင့် အန်ကောဝပ်လာလည်သော ခရီးသည်များသည် နေ့အခါတွင် ရှေးဟောင်းဘုရားစေတီများသို့ သွားရောက်လေ့လာပြီး ညအခါတွင် ညစျေးတန်းတွင် သွားရောက်လည်ပတ်အချိန်ဖြုန်းလေ့ရှိကြသည်။ တစ်နည်းအားဖြင့်ဆိုသော် အန်ကောဝပ်သည် လေ့လာစရာနှင့် ပျော်ပါးစရာခံစားမှုနှစ်မျိုးကို အပြည့်အဝခံစားနိုင်သော ခရီးစဉ် ဒေသတစ်ခုဟုဆိုလျှင် မှားမည်မထင်ပေ။
ထို့ပြင် အန်ကောဝပ်သည် ကမ္ဘာကျော်မင်းသမီး အန်ဂျလီနာဂျိုလီ၏ Tomb Rider ဇာတ်လမ်းတွဲဖြင့် နာမည်ကျော်ကြားလာပြီး ကမ္ဘာလှည့်ခရီးသွားများသည် အဆိုပါဇာတ်ကားရိုက်ကူးထားသော နေရာများတွင် ဓာတ်ပုံမှတ်တမ်းတင် ရိုက်ကူးလေ့ရှိသည်။ မိမိအနေဖြင့် တွေးမိသည်မှာ ခရီးစဉ်ဒေသများသည် မည်မျှပင် ပြည့်စုံကောင်းမွန်သာယာလှပနေပါစေ၊ ထိရောက်သော ခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်ကြော်ငြာခြင်း၊ ခရီးစဉ်ဒေသစီမံခန့်ခွဲခြင်းနှင့် ခရီးသွားများ စိတ်ဝင်စားဖွယ်အစီအစဉ်များ ဖန်တီးပြုလုပ်ထားခြင်းမရှိပါက ခရီးသွားများ လာရောက်လည်ပတ်မည်မဟုတ်ချေ။
ယနေ့ခေတ်တွင် လူတို့သည် ပညာရပ်ဆိုင်ရာခရီးသွားခြင်းထက် စိတ်အပန်းဖြေရန်အတွက် ခရီးသွားခြင်းက ပိုမိုများသည်ကို စစ်တမ်းများအရ သိရှိရသည်။ လူသားတို့၏ ခရီးသွားလာခြင်းပုံစံသည် အချိန်နှင့်အမျှ ပြောင်းလဲလာသည်ဖြစ်ရာ မိမိတို့အနေဖြင့် ခရီးသွားများအားဆွဲဆောင်နိုင်မည့် ပုံစံမျိုးစုံကို မျက်ခြည်မပြတ် လေ့လာသုတေသနပြုလုပ်၍ အစိုးရ၊ ပုဂ္ဂလိက၊ ဒေသခံပြည်သူလူထုပူးပေါင်း၍ တက်ညီလက်ညီဆောင်ရွက်မှသာ ခရီးသွားများအစဉ်သဖြင့် လာရောက်လေ့လာသော ခရီးစဉ်ဒေသတစ်ခု ဖြစ်လာမည်မှာ ဧကန်ဖြစ်သည်။
ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသများသည် ခရီးသွားများဆွဲဆောင်ရန် ကောင်းသောနေရာများဖြစ်သကဲ့သို့ ယူနက်စကို၏ သတ်မှတ်စံနှုန်းများနှင့်အညီ ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်စေဘဲ ရေရှည်တည်တံ့စေရန်၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးစေရန် ဟန်ချက်ညီညီ ဂရုတစိုက်လုပ်ဆောင်ရသော ခရီးစဉ်ဒေသများလည်းဖြစ်သည်။ ယဉ်ကျေးမှု အမွေအနှစ်ဒေသများတွင် ခရီးသွားလုပ်ငန်း တိုးတက်လာသည်နှင့်အမျှ ၎င်းဒေသ၏ အမွေအနှစ်များကို ဒေသခံပြည်သူလူထုတို့ ထိန်းသိမ်းကာကွယ်လိုစိတ်၊ တန်ဖိုးထားစိတ်ရှိလာခြင်း၊ ခရီးသွားများသိရှိစေရန် ရှင်းလင်းပြောပြနိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိလာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။
ပေလေးပင် နတ်မှီတောရ
ဆက်လက်၍ မိမိတို့အနေဖြင့် ဗိဿနိုးမြို့ဟောင်းအတွင်းရှိ လည်ပတ်ရန်ထင်ရှားသောနေရာများအနက် ဗိဿနိုးဘုရင်မကြီးတည်ခဲ့သော ရွှေရောင်တော်စေတီနှင့် မြန်မာစာပေ၊ ဘာသာရေးသမိုင်းတွင် နာမည်ကျော်ကြားခဲ့သော ဆရာတော်ရှင်ဥက္ကဋ္ဌ သီတင်းသုံးခဲ့သည့် ပေလေးပင်နတ်မှီတောရသို့ ဝင်ရောက်ဖူးမြော်လေ့လာခဲ့ရသည်။ နတ်မှီတောရကျောင်းတွင် လှည့်ပတ်လေ့လာရင်း ညနေစောင်းမှောင်လုနီးပါးဖြစ်လာပြီဖြစ်၍ မိမိတို့တည်းခိုမည့် တောင်တွင်းကြီးမြို့ ညောင်ဝန်းရွာ ရွာလူကြီးဥက္ကဋ္ဌအိမ်သို့ အမြန်ပြန်ကာ ခရီးဆက်ရလေသည်။
ညောင်ဝန်းရွာနှင့် ကံလှကန်ရွာ သက်ကြီးရွယ်အိုပူဇော်ကန်တော့ပွဲ
နောက်တစ်နေ့မနက်တွင် မိမိတို့အဖွဲ့သားများသည် ဆရာ၏ ညောင်ဝန်းရွာနှင့် ကံလှကန်ရွာတို့ရှိ သက်ကြီးရွယ်အို ၁၂၁ ဦး ပူဇော်ကန်တော့ပွဲအတွက် ပြင်ဆင်ကြလေသည်။ ဆရာ၏ အဘိုးအဘွားများ နေထိုင်ခဲ့ရာ ဇာတိရပ်သို့လာရောက်၍ ပူဇော်ကန်တော့ပွဲ လာရောက်ပြုလုပ်သည့်အတွက် ရပ်ရွာသူရပ်ရွာသားများက ပျော်ရွှင်နေကြသည်။ ရပ်ရွာသူရပ်ရွာသားများသည် သာရေးနာရေးကိစ္စရပ်များတွင် ပရဟိတအဖွဲ့ဖွဲ့ထား၍ စည်းစည်းလုံးလုံး ဆောင်ရွက်ကြသည်ကို တွေ့ရသည်။ ဧည့်သည်များနေရေးထိုင်ရေး၊ စားသောက်ရေးအတွက်လည်း လိုလေသေးမရှိ ဧည့်ဝတ်ကျေပွန်စွာ ဆောင်ရွက်ပေးကြသည်ကို တွေ့ရသည်။ ဤသည်မှာ ကျေးလက်တောရွာများတွင် တွေ့ရတတ်သော ချစ်စရာမြန်မာ့ယဉ်ကျေးမှု ဓလေ့ပင်ဖြစ်ပေ၏။ ရွာထဲရှိ အိမ်အတော်အများ ရှေးဟောင်းကျွန်းသစ်လုံးကြီးများကို ရေနံချေးသုတ်ထား၍ ရှေးမူမပျက်အုတ်ဖြင့် ပြင်ဆင်မွမ်းမံထားသည့် နှစ်ထပ်အိမ်ကြီးများဖြစ်ကြ၏။ ရွာခံများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး ခင်မင်ရိုးသားဖွယ်ကောင်းလှ၏။
ရွာဓလေ့ထုံးစံအတိုင်း ရွာထဲတွင် အလှူပွဲတစ်ခုခုရှိလျှင် ဘုန်းကြီးကျောင်းတွင်ပြုလုပ်၍ သက်ကြီးရွယ်အိုများက ပူဇော်ကန်တော့ခံမည့် နေရာအသီးသီးတွင် နေရာယူကာ ရွာထဲရှိ ပရဟိတအဖွဲ့များ၊ ကလေးသူငယ်များက လုပ်အားပေးရန်၊ ပူဇော်ကန်တော့ရန် ဆောင်ရွက်ကြ၏။ အလှူပွဲကြီး ပြီးဆုံးပြီးနောက် ကူညီဆောင်ရွက်ပေးခဲ့ကြသော ဒေသခံများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ မိမိမရောက်ဖူးသော အရပ်ဒေသသို့လာရောက်၍ ကုသိုလ်အလှူတစ်ခုဖြစ်ဖို့ဆိုရန်မှာ ဒေသခံများ၏ စည်းလုံးမှု၊ အင်တိုက်အားတိုက် ကူညီဆောင်ရွက်လိုစိတ်မပါဘဲ မဖြစ်မြောက်မအောင်မြင်နိုင်ဟု တွေးမိသည်။
ခရီးစဉ်အဆုံး
အိမ်ပြန်လမ်းတွင် မိမိသွားရောက်ခဲ့ရသော ခရီးစဉ်လေးသည် တစ်ညအိပ်နှစ်ရက် တိုတောင်းသောခရီးစဉ် ဖြစ်သော်လည်း ဆရာ၏ကျေးဇူးဖြင့် နယ်ပယ်စုံမှ ဆရာသမားများ၊ မိတ်ဆွေများနှင့် ရင်းနှီးခဲ့ရရုံသာမက ကမ္ဘာ့အမွေအနှစ်မှတ်တမ်းဝင် ဗိဿနိုးမြို့အကြောင်း လေ့လာနိုင်ခြင်းနှင့် သက်ကြီး ရွယ်အိုပူဇော်ကန်တော့ပွဲတွင် ပါဝင်ကုသိုလ်ယူခဲ့ရခြင်းအတွက် အဆိုပါခရီးစဉ်လေးကို အမှတ်ရနေမည်ဖြစ်ကြောင်းတွေးရင်း မန္တလေးရွှေမြို့တော်ဆီသို့ ခရီးဆက်ခဲ့ရပါတော့သည်။ ။