ပဋိပက္ခအားပေးတဲ့ Yellow Journalism သတင်းတင်ဆက်မှုမျိုး မဖြစ်စေလိုပါ
ကိုပြည်
ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဝိတ်တန်းမတူဘဲ ဆင်းထိုးရတဲ့ လက်ဝှေ့သမားလိုတော့ဖြစ်နေပါတယ်။ ဘာမှရေရေရာရာမသိ၊ ထင်ရာမြင်ရာရမ်းသန်းပြောဆိုနေတဲ့ Yellow Journalism လောက်အဆင့်ရှိတဲ့ မီဒီယာတစ်ခုရဲ့ ထုတ်လွှင့်ချက်ကို တုံ့ပြန်ပြောဆိုရတာကိုတော့ တွေးပြီးရှက်မိသား။ ဒါပေမဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့အကျိုးနဲ့ယှဉ်လာလို့ မပြောချင်လည်း ပြောရတော့မယ်။
မြောက်ပိုင်းသုံးဖွဲ့လို့ဆိုတဲ့ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေရဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာစတင်ခဲ့တဲ့ လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး TNN World Today အွန်လိုင်းကနေ ဇန်နဝါရီလ ၂၃ ရက်နေ့က သတင်းတစ်ပုဒ်ထုတ်လွှင့်သွားတာ တွေ့ရပါတယ်။ အဲဒီသတင်းထဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်နေတဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေ၊ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေနဲ့ မြန်မာနိုင်ငံရဲ့ ဒေသတချို့မှာဖြစ်နေတဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေအကြောင်း ဖော်ပြသွားပါတယ်။ လက်နက်ကိုင်တိုက်ခိုက်မှုတွေနဲ့ ဆက်စပ်ပြီး ဘင်္ဂါလီနဲ့ မွတ်စလင်အသိုင်းအဝိုင်းအပေါ် ရိုက်ခတ်မှုရှိတယ်ဆိုပြီး လိုချင်တဲ့ အကွက်လေးတစ်ကွက်နဲ့ ချိတ်ဆက်တင်ပြသွားတာလည်း တွေ့ရပါတယ်။
လွတ်လပ်ရေးနဲ့အတူပါလာတဲ့ လက်နက်ကိုင်ပဋိပက္ခ
မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်တာ အခုမှမဟုတ်ပါဘူး။ လွတ်လပ်ရေးရပြီးကတည်းကရှိခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၇၀ ကျော်ကြာပြီဖြစ်တဲ့ အနာဟောင်းတစ်ခုဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခဟာ လွတ်လပ်ရေးနဲ့အတူပါလာခဲ့တဲ့ ဖွားဖက်တော်လို့တောင် ပြောလို့ရပါတယ်။ နယ်ချဲ့အင်္ဂလိပ်တွေက တောင်တန်းပြည်မခွဲခြားပြီး လွတ်လပ်ရေးပေးလိုပေမယ့် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ မြန်မာအမျိုးသားခေါင်းဆောင်တွေက လွတ်လပ်ရေးကို တစုတစည်းတည်း၊ တစ်ချိန်တည်းတစ်ပြိုင်တည်း ရယူလိုတာကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ခက်ခက်ခဲခဲတည်ဆောက်ပြီး ရယူခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ စလယ်ဝင်ဖင်မမည်းခင်ကကွဲဆိုတာလို လွတ်လပ်ရေးမရခင်ကတည်းက ခွဲထွက်ချင်တဲ့ တိုင်းရင်းသားတချို့ကလည်း ရှိနေခဲ့တာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဝါဒရေးရာကို အခြေခံတဲ့သူတွေကလည်း နိုင်ငံတော်အာဏာမရရှိတာနဲ့တင် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ် ခဲ့ကြပြန်ပါတယ်။ အဲဒီအကျိုးဆက်တွေဟာ ဒီနေ့အထိ အကင်းမသေနိုင်သေးဘဲ ဖွဲမီးလို တငွေ့ငွေ့လောင်လိုက်၊ ကောက်ရိုးမီးလို ဝုန်းခနဲထတောက် လိုက်ဆိုတာလို ဟိုတစ်ကွက်ဒီတစ်ကွက် ဖြစ်နေခဲ့တာပါ။ ဒီပဋိပက္ခဟာ အစိုးရအဆက်ဆက်အတွက် ခေါင်းခဲစရာတစ်ခု ဖြစ်နေခဲ့တာပါပဲ။
TNN World Today ကို မေးချင်တဲ့ မေးခွန်းတစ်ခု
ဒီနေ့ မြန်မာနိုင်ငံ ဒေသတချို့မှာ လက်နက်ကိုင်ပဋိပက္ခတွေ ရှိနေတယ်ဆိုတာ အမှန်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ဖြစ်ပေါ်ခဲ့တဲ့မဲမသမာမှုတွေကို နည်းလမ်းတကျ ဖြေရှင်းပေးခြင်း မရှိခဲ့တာကနေအကြောင်းခံပြီး ဖြစ်လာခဲ့တဲ့ ပဋိပက္ခမီးတောက်ဖြစ်ပါတယ်။ မဲမသမာမှုတွေ ရှိနေတယ်ဆိုတာကို အထောက်အထားတွေနဲ့တကွတင်ပြပြီး ဖြေရှင်းပေးဖို့ အဲဒီအချိန်က NLD အစိုးရ တာဝန်ရှိသူအဆင့်ဆင့်ကို တပ်မတော်က နည်းလမ်းမျိုးစုံနဲ့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် လျစ်လျူရှုခြင်းခံခဲ့ရတယ်။
ဒီအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတဲ့ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အာဏာထိန်းခဲ့ရတယ်။ ဒီအတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ အခွင့်အလမ်းရှိနေချိန်မှာ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းခြင်းမရှိဘဲ လက်နက်ကိုင်နည်းလမ်းနဲ့ ဖြေရှင်းခဲ့တာကြောင့် အခုလိုအခြေအနေတွေ ရောက်လာခဲ့တာဖြစ်ပါတယ်။ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တချို့ကလည်း ဒီလိုအခွင့်အရေးမျိုးစောင့်ပြီး တောမီးလောင် တောကြောင်လက်ခမောင်းခတ်ဆိုတာလို အကြမ်းဖက်မှုပိုကြီးလာအောင် မီးထိုးပေးခဲ့ကြပါတယ်။
အခုမြောက်ပိုင်းသုံးဖွဲ့လို့ ပြောနေတဲ့အဖွဲ့တွေဟာ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းကနေ ဝင်ငွေအများအပြားရပြီး လက်နက်ဝယ်၊ လူစု၊ အင်အားတည်ဆောက်ခဲ့ကြတဲ့အဖွဲ့တွေ ဖြစ်တယ်ဆိုတာကို TNN World Today မသိဘဲ မနေလောက်ပါဘူး။ ဒီနေ့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အကြောင်းပြောမယ်ဆိုရင် နိုင်ငံတော်အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခြင်းခံထားရတဲ့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဆိုသူ အခုဘယ်မှာနေနေလဲ၊ နှစ်သစ်ကူးညတစ်ညမှာ အိမ်အပြင်ထွက်ပြီး အရက်ဝယ်လို့ ရဲကဒဏ်ရိုက်ခံရတာ ဘယ်နိုင်ငံမှာလဲဆိုတဲ့အကြောင်း သတင်းရဲ့နောက်ခံလေးမှာ ထည့်ပြောလိုက်ရင် ပိုမကောင်းဘူးလား လို့ TNN World Today ကို မေးခွန်းတစ်ခုထုတ်ချင်ပါတယ်။ ဒီမေးခွန်းဟာ TNN World Today အတွက် အမှန်အတိုင်းဖြေချင်ရင် ခက်ခဲမယ့်မေးခွန်းတစ်ခု မဟုတ်လောက်ပါဘူး။
ထိုင်းအစိုးရနဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)(၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားမှာ အဲဒီအချိန်က ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sihasak Phuangketkeow က “မိမိတို့ရဲ့ ထောက်ခံအားပေးမှုမှာ ယနေ့ထိတိုင် ခိုင်မြဲစွာနဲ့ တစ်သမတ်တည်း ဆက်လက်တည်ရှိနေဆဲဖြစ်တဲ့အကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် လွန်ခဲ့သည့် (၈) နှစ်က NCA ရဲ့ ရည်မှန်း ချက်ပန်းတိုင်နဲ့ ရည်ရွယ်ချက်တို့အပေါ် ခိုင်မာစွာယုံကြည်ခဲ့တာ ယနေ့ထက်တိုင်ရှိကြောင်းကို အဆွေတော်တို့အား စိတ်ချယုံကြည်နိုင်ကြောင်း၊ မြန်မာပြည်သူများနဲ့ တစ်နိုင်ငံလုံးရဲ့ ပြင်းပြသောစိတ်ဆန္ဒ ပြည့်မြောက်စေရန်အတွက် သက်ဆိုင်သူများအားလုံး ထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်တဲ့လမ်းကြောင်းအပေါ်မှာ မြန်မာနိုင်ငံ အောင်မြင်စွာ လျှောက်လှမ်းသွားနိုင်ဖို့ ဆုမွန်ကောင်းတောင်းတဲ့အကြောင်း” ပြောကြားခဲ့ပါတယ်။
လက်ရှိထိုင်းအစိုးရက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ကူညီဆောင်ရွက်လိုတဲ့အကြောင်း ထုတ်ဖော်ပြောဆိုထားပြီးသားဖြစ်ပါတယ်။ မြန်မာအစိုးရနဲ့ ထိုင်းအစိုးရရဲ့ ဆက်ဆံရေးဟာလည်း အပြုသဘောဆောင်ပြီး ကောင်းမွန်ပါတယ်။ အစိုးရချင်း ဆက်ဆံရေးတင်မကဘဲ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးဟာလည်း နီးနီးကပ်ကပ်ရှိပါတယ်။ Thai News Network ရဲ့ ရုပ်သံသတင်းဌာနတစ်ခုဖြစ်တဲ့ TNN World Today အနေနဲ့ ပဋိပက္ခနဲ့ပတ်သက်တဲ့ သတင်းတွေကို တင်ဆက်ရာမှာ ပဋိပက္ခကို ပိုမိုဆိုးရွားစေတာမျိုးမဟုတ်ဘဲ ငြိမ်းချမ်းရေးကို ဦးတည်တဲ့တင်ဆက်မှုမျိုးသာ ဖြစ်သင့်ပါတယ်။
ထိုင်းနိုင်ငံ တောင်ပိုင်းမှာလည်း မွတ်စလင်ခွဲထွက်ရေးလှုပ်ရှားမှုကြောင့် ပဋိပက္ခတွေဖြစ်ခဲ့တာ မကြာသေးပါဘူး။ ဒါမျိုးကိုလည်း ဒေသတွင်းသတင်းဌာနတွေက ပဋိပက္ခပိုကြီးလာအောင် မီးထိုးပေးတဲ့ သတင်းတင်ဆက်ခဲ့တာမျိုး မတွေ့ရသလောက်ပါပဲ။ အခု TNN World Today ရဲ့ သတင်းတင်ဆက်ပုံဟာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ ဘာမှသက်ဆိုင်ခြင်းမရှိတဲ့ ဘင်္ဂါလီကိစ္စနဲ့ ဆက်စပ်ဖော်ပြတာမျိုးဟာ အရုပ်ဆိုးလွန်းပါတယ်။
တချို့သတင်းဌာနတွေဟာ သူတို့သတင်းကို လူစိတ်ဝင်စားမှုပိုရအောင် ပုံကြီးချဲ့တင်ပြတာမျိုး၊ ထိလွယ်ရှလွယ် တဲ့ကိစ္စမျိုးကို ထည့်သွင်းဖော်ပြလေ့ ရှိတတ်ကြပါတယ်။ ဒါကို စာနယ်ဇင်း လောကမှာတော့ Yellow Journalism လို့ ခေါ်ကြပါတယ်။ အခု TNN World Today ရဲ့ သတင်းတင်ဆက်ပုံမျိုးပါပဲ။ သတင်းဌာနတချို့ဟာ သတင်းလွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ်ပြီး သတင်းမီဒီယာကျင့်ဝတ်တွေကို မသိမသာတစ်မျိုး၊ သိသိသာသာတစ်မျိုး ချိုးဖောက်နေကြတာ တွေ့နေရပါတယ်။
လူအများစု ကိုးကွယ်ရာဘာသာကိုပင် စော်ကားသူတွေ
ဒါ့အပြင် မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ နိုင်ငံတကာက အာရုံစိုက်ဖို့လိုပြီဆိုတာမျိုး ပြောသွားသလို ထိခိုက်ခံစားနေရသူတွေအတွက်လည်း ကူညီထောက်ပံ့မှုတွေပေးဖို့လိုပြီဆိုပြီး ထုတ်လွှင့်သွားတာတွေ့ရပါတယ်။ လက်နက်ကိုင်ပဋိပက္ခ တစ်ခုဖြစ်လာပြီဆိုရင်တော့ ထိခိုက်ခံစား ရမှုတွေ အနည်းနဲ့အများဆိုတာရှိမှာပါ။ မြန်မာအစိုးရဟာ ကုလသမဂ္ဂအေဂျင်စီတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။
နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေနဲ့ပတ်သက်ပြီး အာရုံစိုက်သင့်တာတစ်ခုတော့ရှိပါတယ်။ အဲဒါကတော့ ဒီနေ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)လို့ အမည်ခံထားတဲ့ အကြမ်းဖက်သမားတွေရဲ့ အပြစ်မဲ့ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ ပြည်သူပိုင်အခြေခံအဆောက်အအုံတွေဖြစ်တဲ့ လျှပ်စစ်တာဝါတိုင်နဲ့ စာသင်ကျောင်းတွေ ဖျက်ဆီးခဲ့တာတွေ၊ ဘဏ်တွေဓားပြတိုက် လုယက်တာတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က ပြည်သူပိုင်လမ်း၊ တံတားတွေမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့တာတွေ၊ အတင်းအဓမ္မတပ်သားသစ် စုဆောင်းနေတာတွေ၊ ဆက်ကြေးကောက်ခံနေတာတွေ၊ မြန်မာနိုင်ငံမှာ လူအများစု ကိုးကွယ်ရာဘာသာတစ်ခုဖြစ်တဲ့ ဘုရားစေတီ ပုထိုးတွေကို ထုခွဲဖျက်ဆီးနေတာတွေပဲ ဖြစ်ပါတယ်။
ဒီလို လူသားမဆန်တဲ့ လုပ်ရပ်တွေကို လက်မခံနိုင်ကြတဲ့ ရဟန်းရှင်၊ လူ၊ ပြည်သူတွေက နိုင်ငံတစ်ဝန်းရှိ မြို့အသီးသီးမှာ ကန့်ကွက်ဆန္ဒဖော်ထုတ်နေကြတဲ့ မြင်ကွင်းတွေကိုလည်း မြင်တွေ့နိုင်ပါတယ်။ ထိုင်းနိုင်ငံလည်း ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက်ကြောင့် ဘာသာသာသနာ နဲ့ပတ်သက်ပြီး အခုလိုစော်ကားခံရတာမျိုးကို ထိုင်းပြည်သူတွေထပ်တူခံစားနိုင်မယ်လို့ ယုံကြည်ပါတယ်။ PDF အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့လုပ်ရပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အနောက်နိုင်ငံက မီဒီယာတွေမသိဘူးဆိုတာ လက်ခံပေးလို့ ရကောင်းရနိုင်ပေမယ့် ထိုင်းမီဒီယာတွေကတော့ ကောင်းကောင်းသိကြပါတယ်။ ထိုင်းကနေပြီး အကြမ်းဖက်မှုကို ထောက်ပို့လုပ်နေတဲ့သူအကြောင်း TNN World Today အနေနဲ့ သတင်းတစ်ပုဒ်တင်ဆက် နိုင်ရင်ကောင်းမယ်လို့ အကြံပြုချင်ပါတယ်။ PDF တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ပတ်သက်လို့ အကြမ်းဖက်မှုဆိုင်ရာ နိုင်ငံအလိုက်အစီရင်ခံစာ ၂၀၂၂ (Country Reports on Terrorism – CRT) မှာ ဖော်ပြပြီး နောက်မှပြန်ဖြုတ်သွားတာ ဖြစ်ပါတယ်။
ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကနေ သွေဖည်ခြင်းမရှိ
မြန်မာနိုင်ငံမှာ ဒီနေ့ဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတချို့ဟာ ဒီနေ့နိုင်ငံတော်တာဝန်ယူထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အာဏာထိန်းလို့ဆိုပြီး နိုင်ငံတော်အာဏာကို မတရားနည်းနဲ့ ရယူလိုသူတချို့နဲ့ တိုင်းရင်းသားလက်နက်ကိုင်တချို့က တံဆိပ်တပ်ကောင်းတပ်ကြပါလိမ့်မယ်။ အမှန်တော့ လက်နက်ကိုင်ပဋိပက္ခတွေဟာ ဒီနေ့နိုင်ငံတော်တာဝန်ယူထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကြောင့်မဟုတ်သလို တပ်မတော်ကြောင့် ပေါ်ပေါက်လာခဲ့တာလည်း မဟုတ်ပါဘူး။
ထိုင်းနိုင်ငံဆိုရင် ထိုင်းတပ်မတော်က အာဏာထိန်းခဲ့တာ မြန်မာနိုင်ငံထက် အကြိမ်ရေပိုများပါတယ်။ မှတ်မိသလောက်ဆိုရင် ၁၂ ကြိမ်နဲ့အထက်မှာရှိပါတယ်။ ဒါဟာ ထိုင်းပြည်တွင်းရေးဖြစ်တဲ့အတွက် မှားတယ်၊ မှန်တယ်ပြောစရာမရှိသလို တခြားဘာအကြောင်းအရာနဲ့မှလည်း ချိတ်ဆက်မပြောလိုပါဘူး။ ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူတွေရဲ့ ကိစ္စပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ကတော့ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်း နိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံရေးကိုသာ အမြဲဦးတည်ခဲ့တာဖြစ်ပါတယ်။ မြန်မာအစိုးရအဆက်ဆက်ဟာ ရန်သူ၊ ရန်ဘက်မရှိဘဲ အားလုံးနဲ့ ချစ်ကြည်ရေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့မှာ ကျင်းပခဲ့တဲ့ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ရဲ့ (၁၉)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ဒီဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ စတင်ထူထောင်ရာမှာပါဝင်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒုတိယဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရရဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းနေမှုတွေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ် တိုးတက်မှုအခြေအနေတွေကို ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ပါတယ်။
ဒီနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရဆိုတာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုတွေကို သက်ဆိုင်ရာတာဝန်ရှိအစိုးရက ဖြေရှင်းမပေးလို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန်ယူခဲ့ရတဲ့အစိုးရသာ ဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကနေ သွေဖည်ခြင်းမရှိဘဲ ပြန်လည်လျှောက်လှမ်းနိုင်ရေး ဖော်ဆောင်ပေးနေခြင်းသာဖြစ်ပါတယ်။ နိုင်ငံရေးအရ အယူအဆမတူသူတွေကိုလည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့လည်း အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးတံခါး အမြဲဖွင့်ထားကြောင်းလည်း ထပ်ဖန်တလဲလဲ ပြောထားခဲ့ပြီးဖြစ်ပါတယ်။ လက်နက်ကိုင်ဖြေရှင်းတဲ့နည်းလမ်းဟာ နှစ် ၇၀ ကျော်ကာလ မြန်မာ့သမိုင်းက သက်သေပြခဲ့ပြီးဖြစ်သလို မျက်မှောက်ခေတ် ကမ္ဘာ့အခြေအနေတွေကလည်း သက်သေပြနေပါတယ်။
Yellow Journalism မဖြစ်စေချင်
မီဒီယာတွေအနေနဲ့လည်း ပဋိပက္ခဖြစ်စဉ်တွေကို သတင်းရေးသားရာမှာ အထူးသတိထားသင့်ပါတယ်။ ပဋိပက္ခ ဖြစ်စဉ်တစ်ခုအပေါ် ဘက်ပေါင်းစုံကစဉ်းစားပြီး တိကျခိုင်လုံတဲ့ သတင်းအရင်းအမြစ်မျိုးစုံကနေရယူပြီး ငြိမ်းချမ်းရေးကို ဦးတည်တဲ့တင်ဆက်မှုမျိုး၊ မျှတတဲ့ တင်ဆက်မှုမျိုးဖြစ်အောင် ကြိုးပမ်းသင့်ပါတယ်။ ဒီလိုမဟုတ်ဘဲလိုချင်တဲ့ အပိုင်းလေးကွက်ပြီး တင်ဆက်မယ် ဆိုရင်တော့ ပဋိပက္ခအားပေးတဲ့ တင်ဆက်မှုမျိုး ဖြစ်သွားနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ အခု TNN World Today ရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သတင်းတင်ဆက်မှုမျိုးဟာ သတင်းမီဒီယာကျင့်ဝတ်မဲ့ပြီး ပဋိပက္ခအားပေးတဲ့ Yellow Journalism တင်ဆက်မှုမျိုး ဖြစ်နေပါကြောင်း ကောက်ချက်ချမိပါတယ်။ ။