Skip to main content

သုတေသနနယ်ပယ်မှသည် ဖွံ့ဖြိုးမှုဆီသို့

မိုးကေနိုင်

ဘယ်ပညာရပ်နယ်ပယ်မဆို တတ်မြောက်ပြီးတဲ့ ပညာရပ်တစ်ခုကို ထိထိရောက်ရောက်အသုံးချမှသာ အသုံးဝင်ပါတယ်၊ အကျိုးလည်းရှိပါမယ်။ ပညာခေတ်လို့ဆိုတဲ့အရာမှာ နားလည်အောင်သင်၊ သင်တာကိုသိရုံနဲ့မပြီး၊ အသိကိုအကျင့်နဲ့ပေါင်းပြီး လုပ်ရင်းကိုင်ရင်းနဲ့ လက်တွေ့အသုံးချနေမှသာ ထိရောက်အောင်မြင်မှုရှိပါမယ်။

ထုတ်လုပ်ပေးတဲ့အရေအတွက် ပမာဏသက်သက် (output) မှာလမ်းမဆုံးဘဲထွက်ရှိလာတဲ့ ပမာဏအတိုင်းအတာနဲ့ လက်တွေ့နယ်ပယ်မှာ ထိထိရောက်ရောက် အသုံးပြုနိုင်မှသာ အကျိုးကျေးဇူးဖြစ်ထွန်းတယ် (outcome) ဖြစ်တယ်လို့ ဆိုကြပါတယ်။ တကယ့်လက်တွေ့နယ်ပယ်များစွာ မှာ အကျိုးပြုရလဒ်ကောင်း (outcome)ရဖို့ထက် ရလဒ်ထွက်ရုံ (output) မှာသာ ရပ်နေကြတာများပါတယ်။ ထိုအခါ လုပ်သလောက် အကျိုးကျေးဇူးမခံစားကြရခြင်းများ ဖြစ်လာပါတယ်။ ရေရှည်ရလဒ်ကောင်း ထွက်အောင်လုပ်မှသာ အကျိုးကျေးဇူးဖြစ်ထွန်းတယ်လို့လည်း ဆိုချင်တာဖြစ်ပါတယ်။ အမှန်တကယ်အလုပ်ဖြစ်အောင်မလုပ်ဘဲ အဖြစ်လောက်သာလုပ်နေကြခြင်းကြောင့် outcome မဖြစ်တဲ့အခါ အဖွဲ့အစည်းအပေါ်မှာပါ သက်ရောက်မှု impact အပိုင်းမှာ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ 

ဖွံ့ဖြိုးမှု အတွေးအခေါ်

ဒီမှာ ဖွံ့ဖြိုးမှုအတွေးအခေါ်ပိုင်း (development thinking)ဆိုတာကို အမှုမဲ့၊ အမှတ်မဲ့မဖြစ်သင့်ပါ။ မိမိသင်ကြားနာယူတတ်မြောက်ထားတဲ့ အသိအတတ်ပညာကို လက်တွေ့လုပ်ငန်းခွင်မှာ အသုံးချနေမှ၊ အခြေအနေ၊ အချိန်အခါအပေါ်မူတည်ပြီး ကိုယ့်ရဲ့ပညာနဲ့ တကယ့်လက်တွေ့နယ်ပယ်ကိုက်ညီမှုရှိမရှိ ပြန်လည်ဆန်းစစ်စမ်းသပ်နေမှသာ ရေရှည်မြဲတဲ့ရလဒ်ကောင်းတွေ ဆက်တိုက်ရနေမှာဖြစ်ပါတယ်။

ပညာရပ်အခြေခံတဲ့ လုပ်ငန်းခွင်အတွေ့အကြုံက အလွန်ကိုအရေးကြီးတယ်ဆိုတာတော့ အထူးပြောစရာလိုမယ်မထင်ပါဘူး။ ပညာအပေါ်မှာအတွေ့အကြုံကို ထပ်ဆင့်၊ မှန်မမှန်ပြန်လည် စမ်းသပ်အတည်ပြု၊ ထွက်ပေါ်လာတဲ့ တွေ့ရှိချက်ရလဒ်အသစ်တွေကို အခြေခံပြီး စဉ်ဆက်မပြတ်တိုးတက်သထက်တိုးတက်အောင်လုပ်၊ တွေ့ရှိချက်တွေကို မျိုးဆက်သစ်တွေအတွက် အမြဲမျှဝေပေးနေခြင်း (exchange sharing) စတဲ့ ဆောင်ရွက်ချက်တွေဟာ အနာဂတ်အတွက်ပါ စဉ်းစားပြီး အမြော်အမြင်ရှိရှိနဲ့ အလုပ်လုပ်နေကြခြင်းဖြစ်ပါတယ်။

 အကြောင်းကအများကို အကျိုးကျေးဇူးဖြစ်ထွန်းစေတဲ့ ရလဒ်ကောင်းတွေရနေဖို့နဲ့ အခြေအနေ၊ အချိန်အခါအလိုက် ပြောင်းလဲမှုအသစ်အသစ်တွေနဲ့ ဆက်တိုက်တိုးတက်နေမှသာ အမှန်တကယ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု (Sustain-able development) ဆိုတာကို ရရှိလာနိုင်မှာဖြစ်လို့ပါပဲ။ ဒါကြောင့်လည်း Research and Development (R&D) ဆိုတာဖြစ်လာပြီး တိုးတက်ဖွံ့ဖြိုးမှုလမ်းကြောင်းမှာ သုတေသနပညာရဲ့ အရေးပါပုံနဲ့အတူ သုတေသနပညာရပ်နဲ့ ဖွံ့ဖြိုးမှုတို့ဟာ နီးနီးကပ်ကပ်ဆက်စပ်မှုရှိနေကြောင်း သိရှိလာနိုင်မှာဖြစ်ပါတယ်။

ပညာခေတ်မှာ သုတေသနရဲ့ အရေးပါမှု

လူတိုင်း၊ အဖွဲ့အစည်းတိုင်း၊ ကမ္ဘာတစ်ဝန်းနိုင်ငံတိုင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ပါဝင်ပတ်သက်နေတဲ့ သုတေသနပညာရပ်ဟာ ဝိဇ္ဇာ၊ သိပ္ပံဘယ်လို နယ်ပယ်မျိုးမှာမဆို ယနေ့‌ခေတ်မှာ မပါရင်မပြီးတော့တဲ့ အခြေအနေဖြစ်နေပါပြီ။ သီအိုရီအသစ်၊ အတွေးသစ်၊ အမြင်သစ်များကို လက်ခံခြင်း၊ မခံခြင်း၊ ထုတ်ကုန်အသစ်၊ ပစ္စည်းအသစ်နည်းပညာအသစ် အသစ်များအသုံးတည့်ခြင်း မတည့်ခြင်းက သုတေသနနဲ့ မပတ်သက်ဘဲနဲ့ ဘယ်လိုမှအဖြေမထွက်ပါဘူး။

မှန်/မမှန် လက်ဆုပ်လက်ကိုင်ပြနိုင်အောင် အထောက်အထားခိုင်ခိုင်လုံလုံနဲ့ သက်သေပြနိုင်ဖို့ သုတေသနပညာအကူအညီကို ရယူရသလို ရေရှည်တိုးတက်အောင်ကလည်း စဉ်ဆက်မပြတ် ပြုလုပ်ထားတဲ့ သုတေသနစာတမ်းက တွေ့ရှိချက်များကသာ အထောက်အကူပြုနိုင်တာဖြစ်ပါတယ်။ ဒီလောက်အရေးပါတဲ့ သုတေသနနယ်ပယ်နဲ့ပတ်သက်တဲ့ မှန်ကန်တဲ့အသိအမြင်များနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့အပတ် Naypyitaw State Academy ဝိဇ္ဇာနှင့် သိပ္ပံသုတေသနညီလာခံမှာပြောကြားခဲ့တဲ့ နိုင်ငံအကြီးအကဲရဲ့ အမှာစကားအချို့မှာ ထင်ဟပ်နေပုံကို သတိထားလိုက်မိပါတယ်။ နိုင်ငံအကြီးအကဲရဲ့ လမ်းညွှန်ချက်စကားလုံးတွေမှာ ယနေ့ပညာခေတ်ကြီးအပေါ် ကြောင်းကျိုးတရား ဆက်စပ်မှုကိုရှာမှီးခြင်း သုတေသနပညာနဲ့ တင်စားသွားပုံများကို အကဲခတ်မိပါတယ်။

အရည်အသွေးရှိခြင်းနှင့် အသုံးချနိုင်စွမ်း

အကြီးအကဲရဲ့ မှာကြားချက်များမှာမှ အလေးအနက်ထားလိုက်မိတဲ့အချက်နှစ်ခုကို မှတ်သားမိပါတယ်။ အရည်အသွေးရှိတဲ့ သုတေသနစွမ်းဆောင်ချက် (Quality Research) ဆိုတာနဲ့ အသုံးချသုတေသန (Applied Research)ဆိုတဲ့ စကားရပ်နှစ်ရပ်အပေါ်မှာဖြစ်ပါတယ်။ သုတေသနတစ်ခုဟာ အရည်အသွေးမီတယ်ဆိုရာမှာ ရှုပ်ထွေးတဲ့ပြဿနာတွေကို နားလည်လက်ခံဖြေရှင်းနိုင်စွမ်းရှိပြီး သီအိုရီအသစ်အသစ်တွေဖော်ထုတ်ရင်းမှ သုတေသနတွေ့ရှိချက်တစ်ခုကို လက်တွေ့မှာအသုံးချလိုက်လို့ တွေ့ရှိချက်အတိုင်း အောင်မြင်တယ်ဆိုရင် ထိုသုတေသနဟာ အရည်အသွေးရှိတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်၊၊

နေ့စဉ်လူမှုဘဝမှာ ရင်ဆိုင်ရတဲ့ပြဿနာတွေအပေါ် အချက်အလက်များကို တိတိကျကျ သရုပ်ခွဲခြမ်းစိတ်ဖြာပြီး အခြေခံတွေ့ရှိချက်များကနေ လက်တွေ့နယ်ပယ်မှာ တိုက်ရိုက်အသုံးချနိုင်တဲ့ သုတေသနကိုတော့ အသုံးချသုတေသနအဖြစ် သတ်မှတ်ကြပါတယ်။ အရည်အသွေးရှိခြင်း၊ အသုံးချနိုင်စွမ်းရှိခြင်းတို့နဲ့ ပြည့်စုံခြင်းတို့ဟာ ယနေ့နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတစ်ခုအဖြစ် ဦးတည်တည်ဆောက်ရာမှာ အရေးအကြီးဆုံးအချက်နှစ်ချက်အဖြစ် ယခုလိုကြားသိရခြင်းကပင် သုတေသနကိုအားပေးခြင်း သုတေသနရဲ့အသက်ဟုပင် ဆိုနိုင်ပါပြီ။

ရည်မှန်းချက်နှစ်ရပ်နဲ့ သုတေသန

ဦးတည်သွားနေတာက တိုင်းပြည်သာယာဝပြောရေးနဲ့ စားရေရိက္ခာဖူလုံရေးဆိုတဲ့ အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ရပ်၊ MSME တွေအားပေးရင်းနဲ့ one region one product ဖြစ်ရမယ်လို့ တိုက်တွန်းထားပါတယ်၊ စိုက်ပျိုးရေးကိုအခြေခံပြီး စက်မှုနိုင်ငံဆီသွားမယ်၊ ဒီနေရာမှာ တီထွင်ဖန်တီးနိုင်စွမ်းအားမြင့်မားစေမယ့် သုတေသနတွေအားကောင်းမှ ဖြစ်မယ်ဆိုတဲ့အချက်ကို မီးမောင်းထိုးပြသွားတယ်၊၊ မှန်လည်းမှန်ပါတယ်၊ အရည်အသွေးမြင့်ပြီး အသုံးချနိုင်စွမ်းရှိတဲ့ သုတေသနတွေ့ရှိချက်တွေမှ တစ်ဆင့်သာ ထုတ်ကုန်အသစ်နည်းပညာအသစ်တွေ ရရှိလာမှာသေချာနေလို့ပါပဲ။

ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာတဲ့ ဖန်တီးမှုအသစ်တွေဟာ သုတေသနရဲ့အကျိုးကျေးဇူးများ ဖြစ်လာပါလိမ့်မယ်။ တကယ့်အကျိုးပြုသုတေသနတွေဟာ နိုင်ငံရဲ့ရှည်လျားတဲ့ ကမ်းရိုးတန်းက သား၊ ငါး၊ ပုစွန်၊ သယံဇာတ၊ ရေနံနဲ့သဘာဝဓာတ်ငွေ့တွေကို အကောင်းဆုံးဖော်ထုတ်ပြီး အကျိုးရှိရှိအသုံးချနိုင်တဲ့ အခြေအနေတွေဖြစ်အောင် ဖန်တီးပေးနိုင်ပါလိမ့်မယ်။

ဒါဆိုရင် ဖွံ့ဖြိုးတိုးတက်မှုနဲ့ သုတေသနဟာ အလွန့်အလွန်ဆက်စပ်နေတဲ့အတွက် ဖွံ့ဖြိုးဖို့ဆိုရင်သုတေသနကို အားပေးရမှာ သေချာပါပြီ။ မဖြေရှင်းရသေးတဲ့ပြဿနာတွေ၊ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာတွေဖြစ်နိုင်ခြေများတဲ့ အခြေအနေတွေနဲ့ပြည့်နေတဲ့ ကျွန်တော်တို့နိုင်ငံမှာ နယ်ပယ်စုံမှာ သုတေသနပြုရမယ့် အကြောင်းရင်းတွေများစွာရှိနေတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ဖြစ်သင့်တာနဲ့ လက်ရှိဖြစ်နေတာတွေ မတူတဲ့အခါမျိုးမှာ အမှန်တကယ်အကြောင်းရင်းခံကို ရှာရမှာဖြစ်တဲ့အပြင် လက်ရှိဆောင်ရွက်ချက်တွေနဲ့လည်းပတ်သက်ပြီး (data analysis) သရုပ်ခွဲဆန်းစစ်တဲ့အခါနဲ့ နောက်ဆုံးအဆင့် အကဲဖြတ်သုံးသပ်ခြင်း(evaluate)လုပ်တဲ့အခါ သုတေသနကိုပဲအခြေခံရပါမယ်။ ရလဒ်နဲ့သက်ရောက်မှုကို ပြန်လည်ဆန်းစစ်တဲ့အခါ၊ အဲဒီကတစ်ဆင့် အသစ်တစ်မျိုးမျိုးရလာဖို့ လိုအပ်လာတဲ့အခါ သုတေသနဟာ လုပ်ကိုလုပ်ရမယ့်အခြေအနေ များပဲဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။

မှန်းဆချက်များအပေါ် သရုပ်ခွဲဆန်းစစ်နိုင်မှသာ

လူ့စွမ်းအားအရင်းအမြစ်နဲ့ သဘာဝသယံဇာတ ပေါကြွယ်ဝပါတယ်ဆိုတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်မှာ ဘာကြောင့် တိုးတက်မှုနှောင့်နှေးရပါသလဲဆိုတဲ့ ယူဆချက်၊ မှန်းဆချက်အမျိုးမျိုးအပေါ်မှာ စနစ်တကျသုတေသနပြုကြည့်မှသာ မှန်းဆချက်အများကြီးထဲက တကယ့်မှန်ကန်တဲ့အဖြေကို ရရှိလာပါမယ်။ အဖြေမှန်ရလာခြင်းက ဘယ်ကဏ္ဍကို ပိုပြီးဦးစားပေးအကောင်အထည်ဖော်သင့်သလဲ၊ ငွေဘယ်လောက်သုံးမလဲဆိုတဲ့ ဆုံးဖြတ်ချက်မှာပါ အထောက်အကူပြုပါတယ်။

ကိုယ့်ဘက်ကမပြည့်စုံတာတွေ၊ အခြေအနေမပေးတာတွေရှိတဲ့အတွက် ကိုယ့်ဆီကကုန်ကြမ်းကို ဈေးပေါပေါနဲ့ရောင်းခဲ့ရတဲ့ အခြေအနေမျိုးရှိခဲ့တာတွေကို အမှတ်ရမိကြမှာပါ။ ကုန်ကြမ်းကနေ ကုန်ချောပြောင်းနိုင်ပြီး အရည်အသွေးမီတဲ့ကုန်ချောကို လိုအပ်တဲ့ဈေးကွက်ဆီ အရောက်ပို့နိုင်မှသာ ရည်မှန်းတဲ့ ပို့ကုန်တင်ပို့မှုဆီရောက်ရှိမှာဖြစ်ပါတယ်။ ကမ္ဘာမှာ သယံဇာတမည်မည်ရရ မရှိဘဲနဲ့တောင် ဘာကြောင့်ချမ်းသာနေကြလဲ၊ သယံဇာတလည်းရှိမယ်၊ ရှိနေတဲ့သယံဇာတကို ပညာနဲ့ပေါင်းစပ်နိုင်ခဲ့ခြင်းကြောင့်လား၊ ကောင်းမွန်တဲ့အုပ်ချုပ်မှုစနစ် (Good governance) လက္ခဏာရပ်တွေကြောင့်လား၊ လူ့စွမ်းအားအရင်းအမြစ်များ ပြည့်စုံကြလို့လား၊ စီမံခန့်ခွဲမှုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်စွမ်းရှိလို့လား ဆန်းစစ်ကြည့်ရင် သိသာတဲ့အချက်တွေ ထွက်ပေါ်လာမှာ သေချာပါတယ်။ တစ်ပါတည်း ငြိမ်းချမ်းရေး ရေခံမြေခံ မကောင်းဘဲညီညွတ်မှုမရှိ အပျက်အစီးများတဲ့ လူ့အဖွဲ့အစည်းတွေမှာ ရင်ဆိုင်နေရတဲ့ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ နေအထားတွေနဲ့လည်း နှိုင်းယှဉ်သရုပ်ခွဲ ဆန်းစစ်ကြည့်နိုင်ပါတယ်။

နိုင်ငံတစ်နိုင်ငံဟာ စီးပွားရေးအားကောင်းမှ ပညာ၊ ကျန်းမာ၊ လူမှုရေးကဏ္ဍတွေမှာ ဆက်တိုက် တိုးတက်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် စီးပွားရေးနဲ့ နိုင်ငံရေးစနစ်၊ စီးပွားရေးနဲ့ တည်ငြိမ်အေးချမ်းမှုကလည်း ဆက်စပ်နေပြန်ပါတယ်။ တည်ငြိမ်အေးချမ်းမှုမရှိရင် ကုန်သွယ်မှုအပိုင်းမှာထိခိုက်ပြီး တရားမဝင်ကုန်သွယ်မှုကြီးထွားလာခြင်းက ဥပမာပါ။ မြန်မာ့စီးပွားရေးမျက်နှာစာကိုကြည့်ရင် သယံဇာတ၊ လူ့စွမ်းအားအရင်းအမြစ်နဲ့ ပထဝီဝင်အချက်အချာအရ အားသာချက်များရှိပေမယ့် ငွေအရင်းအနှီး၊ နည်းပညာ၊ အဆက်အသွယ်နဲ့ ဆွဲဆောင်မှုမက်လုံးပိုင်းမှာ အားနည်းချက်များရှိဟန်တူပါတယ်။ ပြည်တွင်းသုံးစွဲမှုမှာ စားသုံးသူရဲ့ တကယ့်လိုအပ်မှုထက် မိမိလိုချင်တာကို ဦးစားပေးတတ်တဲ့ အမူအကျင့်ကလည်း အားနည်းချက်တစ်ခုပါပဲ။ ဒါ့ကြောင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း၊ အားနည်းချက်၊ အားသာချက်၊ အခွင့်အလမ်းနဲ့ စိန်ခေါ်မှုတွေကို အမြဲတွက်ချက်နေရန်လိုပါတယ်။

စားသုံးသူရဲ့ အလေ့အထဈေးကွက်ဥပမာနှင့်ယှဉ်၍

ဈေးကွက်မှာ စားသုံးသူရဲ့အကြိုက်၊ အလေ့အထ (Consumer behavior)မှာ ရာသီအလိုက် ဘာတွေစားတတ်သလဲ၊ ဘာတွေသုံးတတ်သလဲ၊ ဒေသအလိုက်အကြိုက် market analysis ခေါ်ပါမယ်၊ ဘယ်သူတွေက ဘယ်လို၊ ဘယ်အချိန်မှာ၊ ဘာကြောင့်ဝယ်လေ့ရှိကြသလဲ စသဖြင့် ဈေးကွက်သဘာဝကို သုတေသနပြုထားချက်တွေရှိရပါမယ်။ အိမ်နီးချင်းနိုင်ငံတွေဟာ နိုင်ငံအလိုက်က ရာသီပွဲတော်အလိုက်မှာ (ဥပမာ - သင်္ကြန်ကာလ၊ သီတင်းကျွတ်ကာလ စသည်ဖြင့်) သုံးစွဲသူအကြိုက်၊ ဝင်ငွေအနိမ့်အမြင့်အလိုက် (ကော်ဖီမစ်မှသည် မိုဘိုင်းဖုန်းအထိ) ကို သုတေသနပြုပြီး သူတို့ထုတ်ကုန်ပစ္စည်းတွေကို တင်ပို့ကြကြောင်း မှတ်သားဖူးပါတယ်။

ကျွန်တော်တို့ဆီမှာ လယ်သမားတွေဆီ ကွင်းဆင်းအသံနားထောင်တဲ့ survey မျိုးရှိခဲ့ရင် ဓာတုဆေးဝါး၊ ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာအလွန်အကျွံသုံးစွဲမှုမျိုးတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်နိုင်မှာဖြစ်ပြီး သုံးစွဲပုံသုံးစွဲနည်း နည်းပညာကအစမျှဝေဖြစ်သွားနိုင်ပါတယ်။ လိုအပ်ချက်နဲ့ထုတ်လုပ်နိုင်မှု၊ ဥပမာ- စားသုံးဆီလိုအပ်ချက်နဲ့ စိုက်ပျိုးမှုပမာဏကွာခြားချက်ကို စဉ်ဆက်မပြတ် ဖော်ထုတ်လာနိုင်ပါမယ်။ ကျွန်တော်တို့ဆီမှာ MPA, MPP, M.Dev စသည့် မဟာသင်တန်းများစွာမှာ သင်တန်းသားတွေပြုစု ရေးသားခဲ့တဲ့ စီးပွားရေး၊ စိုက်ပျိုးရေး၊ ဈေးကွက်သုတေသနစာတမ်းများကို လက်တွေ့အသုံးချပြီး အချို့သောပြဿနာတွေကို အဖြေရှာကြည့်နိုင်ပါတယ်။

စားသုံးသူရေးရာက ထုတ်ဝေတဲ့စာတမ်းတစ်ခုမှာ ဒူးရင်းသီးအစားများတဲ့ တရုတ်နိုင်ငံကိုအလုံးအရင်းနဲ့ အောင်အောင်မြင်မြင်တင်ပို့နေတဲ့ ဗီယက်နမ်ဒူးရင်းသီးအကြောင်း ဖတ်ခဲ့ဖူးပါတယ်။ ပထမဆုံးတင်ပို့တဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်တည်းမှာတင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံဖိုးအထိ တင်ပို့ခဲ့တယ်လို့ဆိုပါတယ်။ ဗီယက်နမ်က ထိုင်းထက်ဈေးပိုသက်သာလို့လား၊ ပိုအရသာရှိတဲ့ ဗီယက်နမ် ဒူးရင်းသီးတွေကို တရုတ်တွေ ပိုကြိုက်ကြလို့ဖြစ်နိုင်ပါတယ်။ ဈေးပွဲတော်များအခါ အားလျော်စွာပြုလုပ်နိုင်ခြင်း၊ အကောက်ခွန်ရှင်းလင်းရေးမှအစ မပျက်စီး၊ မပုပ်သိုး၊ ထုပ်ပိုးမှုခေတ်မီအောင်၊ ဈေးသက်သာအောင်လုပ်ထားတဲ့ ဆန်းသစ်တီထွင်မှုတွေဟာ ပို့ကုန်ဈေးကွက်မှာ နေရာရလာခြင်းရဲ့ စံနမူနာတစ်ခုပါပဲ။

ဥပမာတစ်ခုအနေနဲ့ မြန်မာနိုင်ငံမှာလည်း ဈေးကွက်တောင်းဆိုချက်အရ ထောပတ်သီးနှံကို ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး ကြိုးစားဆောင်ရွက်နေကြောင်း သိရပါတယ်။ ပို့ကုန်တင်ပို့တဲ့နေရာမှာ ယှဉ်ပြိုင်ဘက်ရဲ့ အနေအထား (Competitive analysis) ကိုလည်း ဆန်းစစ်သုတေသနပြုရပါမယ်။ အထက်ပါဒူးရင်းသီး တင်ပို့မှုမှာဆိုရင် ကမ္ဘာမှာအများဆုံးဒူးရင်းသီးတင်ပို့တဲ့ ထိုင်းကို ဗီယက်နမ်ဟာ ယှဉ်နိုင်ခဲ့တာ တွေ့ရပါတယ်။

ဒါကြောင့် သုတေသနပညာရပ်ဟာ အလွန်အရေးကြီးတဲ့ ဖွံ့ဖြိုးမှုဆိုင်ရာနယ်ပယ်တစ်ခုဖြစ်ကြောင်း တွေ့ရမှာဖြစ်ပါတယ်။ အခြားနိုင်ငံတွေနဲ့ယှဉ်ရင် အစစအရာရာနောက်ကျနေတဲ့ အခြေအနေမှာ အားလုံးညီညွတ်ရေးနဲ့ တည်ငြိမ်ရေးဟာ အရေးကြီးသလို အချို့ခက်ခက်ခဲခဲလုပ်နေရတဲ့နေရာမှာ လွယ်လွယ်ကူကူ၊ ရိုးရိုးရှင်းရှင်းနဲ့ လုပ်ဆောင်သွားနိုင်မယ့် နည်းလမ်းမျိုးမှာ သုတေသနပညာက အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်ပါတယ်။

ယနေ့သုတေသနတွေကို စနစ်တကျလုပ်လာနိုင်ပြီဆိုရင် အကြောင်းကြောင်းကြောင့် အကျိုးဖြစ်တာမျိုး၊ အကြောင်းနဲ့အကျိုး ဆက်စပ်မှုမျိုးတွေကို ဖော်ထုတ်လာနိုင်မှာ သေချာပါတယ်။ တတ်မြောက်ထားတဲ့ သုတေသနပညာအပေါ်မှာ အသုံးလည်းချ၊ ဆင်ခြင်မှုလေးပါ ပေါင်းစပ်လိုက်ရင်တော့ ပိုပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ပညာအဆင့်တွေဖြစ်လာပါပြီ။ အကြောင်းနဲ့ အကျိုးသဘောတရားအပေါ်အသုံးချဆင်ခြင်နိုင်စွမ်းကတစ်ဆင့် အပြုသဘောမြင်ပေးတာတွေ အကောင်းမြင်သဘောထားတွေမှာပါ တိုးတက်လာနိုင်မှာဖြစ်ပါတယ်။

သူများပြောတဲ့အမြင်မှာ မှန်းဆတတ်လောက် ရုံနဲ့မပြီးစေဘဲအရာရာကို သုတေသနအမြင်နဲ့ ကြည့်ပေးခြင်းဖြင့်လည်း သက်ရောက်မှုတိုင်းမှာ အပေါင်းလက္ခဏာဆောင်လာမယ်ဆိုတာ ပြောရဲပါတယ်။ အရေးကြီးဆုံးတစ်ချက်က ယခုလို အလေးအနက်ထားအားပေးခြင်းခံရတဲ့ သုတေသနကို အခွင့်အလမ်းတစ်ခုအဖြစ်အသုံးချပြီး အသုံးချသုတေသနတစ်ခုအဖြစ် အခက်အခဲတွေကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ဖို့ပါပဲ။ သို့မှသာ အလုပ်ကိုအဖြစ်မလုပ်ဘဲ အလုပ်ဖြစ်အောင် လုပ်ရာရောက်မှာဖြစ်ပြီး အကောင်းဆုံးသောရလဒ်များ ထွက်ပေါ်လာရေးမှာ သေချာမှုရှိမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။