အရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများတွင် မြှုပ်နှံပေး
မောင်သောင်းဝင်း(တမန်ဟောင်း)
ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတွင် နှစ်စဉ်မတ်လ ၈ ရက်နေ့၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားများ ကျင်းပလေ့ရှိသည်။ လူမျိုး၊ ဘာသာ၊ အသားအရောင်နှင့် ဆင်းရဲ၊ ချမ်းသာခွဲခြားမှုမရှိဘဲ အမျိုးသမီးများ၏ စွမ်းဆောင်မှုကို အသိအမှတ်ပြုသောအားဖြင့် ထိုနေ့ကို ကျင်းပပေးခြင်းဖြစ်သည်။ ၂၀ ရာစု အစောပိုင်းကာလအတွင်း မြောက်အမေရိကနှင့် ဥရောပဒေသတို့တွင်ဖြစ်ပေါ်ခဲ့သော အမျိုးသမီးအလုပ်သမားများ၏ လှုပ်ရှားမှုများမှတစ်ဆင့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ပေါ်ထွန်းလာသည်ဟုဆိုသည်။ မူလကထိုနေ့ကို အပြည်ပြည်ဆိုင်ရာအလုပ်လုပ်နေသော အမျိုးသမီးများနေ့အဖြစ် ကျင်းပခဲ့ခြင်းဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်များသည် နယ်ပယ်အားလုံးရှိ အမျိုးသမီးများကို စိတ်ခွန်အားမြှင့်တင်ပေးရေး၊ ထောက်ပံ့ဖြည့်ဆည်းပေးရေး၊ အထူးသဖြင့် ကျား ၊ မ တန်းတူညီမျှမှုရှိရေးနှင့် အမျိုးသမီးများနှင့် မိန်းကလေးများကို လုပ်ပိုင်ခွင့်အာဏာပိုမိုပေးအပ်သွားရေး၊ အားလုံးအတွက်လွှမ်းခြုံသည့် အရည်အသွေးပြည့်မီသော ပညာသင်ကြားခွင့်ရရှိရေးနှင့် စဉ်ဆက်မပြတ် လေ့လာသင်ယူခွင့်ရရှိရေးတို့ပင်ဖြစ်သည်။ ၂၀၂၄ ခုနှစ်အတွက် အမျိုးသမီးများနေ့ဆောင်ပုဒ်သည် “အရှိန်အဟုန်ဖြင့် တိုးတက်ရေးအမျိုးသမီးများတွင် မြှုပ်နှံပေး - Invest in Women: Accelerate Progress” ဖြစ်သည်။ အမျိုးသမီးများကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်သွားမှသာလျှင် တိုးတက်မှုကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။
ကျား၊ မ တန်းတူ ညီမျှရေး
ကျား၊ မ တန်းတူညီမျှခြင်းသည် စီးပွားရေးလုပ်ငန်းများနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းများ အပါအဝင် အရင်းအမြစ်နှင့် အခွင့်အလမ်းများကို လိင်ခွဲခြားမှုမရှိဘဲ သာတူညီမျှရရှိနိုင်ခြင်းကို ဆိုလိုသည်။ ကျား၊ မ သာတူညီမျှရှိခြင်းသည် အမျိုးသမီးများ၏ အခွင့်အလမ်းကို ခိုင်မာသေချာစွာ အကာအကွယ်ပေးထားပြီး ယောက်ျား၊ မိန်းမ၊ ယောက်ျားကလေးနှင့် မိန်းကလေးတို့ကို အခွင့်အလမ်းသာတူညီမျှ ပေးထားခြင်းဖြစ်သည်။ ထို့အပြင် ကျား၊ မသာတူညီမျှရှိခြင်းသည် အမျိုးသမီးများအား လိင်ကျွန်အဖြစ် ရောင်းချခြင်း၊ စစ်မက်ဖြစ်ပွားချိန်တွင် လိင်အကြမ်းဖက်မှုမှကာကွယ်ခြင်းနှင့် လိင်အခြေခံ၍ အလုပ်ကြမ်းခိုင်းစေခြင်းများကို ကာကွယ်ထားခြင်းပင်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံအတွင်း မှီတင်းနေထိုင်သော အမျိုးသမီးအားလုံးသည် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည့် နယ်ပယ်ပေါင်းစုံတွင်ရရှိနိုင်မည့် အခွင့်အလမ်းမှန်သမျှကို အမျိုးသားများကဲ့သို့ပင် မပိုမလိုအညီအမျှ ခံစားခွင့်ရရှိနေခြင်းကို ကျား၊ မ တန်းတူအခွင့်အရေးရရှိသည်ဟု ခေါ်ဆိုသည်။ ကျား၊ မ တန်းတူညီမျှနေထိုင်ခွင့်ရရှိခြင်းသည် လူ့အခွင့်အရေးတစ်ရပ်ပင်ဖြစ်သည်။ အမျိုးသမီးများသည် သက်ရှင်နေထိုင်စဉ်ကာလအတွင်း ကြောက်လန့်စိုးရိမ်မှုမှ ကင်းဝေးပြီး လုံခြုံစိတ်ချစွာဖြင့် ဂုဏ်သိက္ခာရှိရှိနေထိုင်နိုင်မှသာလျှင် ကျား၊ မတန်းတူညီမျှမှုရှိသည်ဟု ဆိုရမည်ဖြစ်သည်။ မြန်မာနိုင်ငံရှိ အမျိုးသမီးကြီးငယ်အရွယ်အားလုံးသည် ဆိုခဲ့ပါအခွင့်အလမ်းများကို အမျိုးသားများနည်းတူ အပြည့်အဝခံစားခွင့်ရရှိနေကြသဖြင့် မြန်မာနိုင်ငံတွင် ကျား၊ မတန်းတူ ညီမျှမှုရှိသည်ဟု အခိုင်အမာဆိုနိုင်ပါသည်။
ကျား ၊ မ ခွဲခြားဆက်ဆံခံရ
မျက်မှောက်ကာလတွင် တိုးတက်ပြောင်းလဲမှုများ မည်မျှပင်ရှိနေစေကာမူ ကမ္ဘာပေါ်ရှိ အချို့သောနိုင်ငံများ၌ အမျိုးသမီးများအား ခွဲခြားဆက်ဆံနေဆဲပင်ဖြစ်သည်။ ထိုနိုင်ငံများတွင်အမျိုးသမီးများကို အမျိုးသားများ၏ ရမ္မက်ဆန္ဒဖြည့်ဆည်းရန်နှင့် အိမ်မှုကိစ္စအဝဝ လုပ်ဆောင်ရန်သက်သက်အတွက်သာ သဘောထားကြသည်မှာ စိတ်မချမ်းမြေ့ဖွယ်ရာပင်ဖြစ်သည်။ ထို့အပြင် လူသားချင်းစာနာ ထောက်ထားမှုကင်းမဲ့သော အမျိုးသားများသည် အားနွဲ့သည့် အမျိုးသမီးများကို ပညာသင်ကြားခွင့်နှင့် အများပြည်သူများ၏ ရှေ့မှောက်တွင် လွတ်လပ်စွာ သွားလာခွင့်တို့ကို ကန့်သတ်တားမြစ်ပိတ်ပင် ထားကြသည်။ အထူးသဖြင့် အမျိုးသမီးတစ်ဦးသည် မိမိချစ်ခင်စုံမက်သူကို လွတ်လပ်စွာရွေးချယ်ခွင့်မရှိဘဲ ဘာသာရေး၊ လူမျိုးရေး၊ ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားဆက်ဆံခြင်းခံနေကြရသည်။ ထို့ကြောင့် အချို့သောနိုင်ငံများတွင် ရုပ်ဝတ္ထုပစ္စည်းများ အံ့မခန်းတိုးတက်မှုရှိနေသော်လည်း စိတ်ဓာတ်ပိုင်း ဆိုင်ရာတွင်မူ ဆုတ်ယုတ်နေဆဲပင်ဖြစ်သည်။
မျက်မှောက်ကမ္ဘာကြီးတွင် လူဦးရေ ၈ ဒသမ ၁ ဘီလီယံကျော်ရှိနေပြီဖြစ်သည်။ အမျိုးသမီးဦးရေသည် ၄ ဘီလီယံကျော်ရှိသည်။ သို့သော် ကျား၊ မ ခွဲခြားဆက်ဆံမှုကြောင့် ကမ္ဘာပေါ်တွင်ဆင်းရဲသူ ၁၀ ဦးတွင် ခြောက်ဦးသည်အားနွဲ့သည့် အမျိုးသမီးများဖြစ်သလို ကမ္ဘာ့စာမတတ်သူ သုံးပုံ၊ နှစ်ပုံသည်လည်း အမျိုးသမီးများပင် ဖြစ်နေကြသည်။ ကမ္ဘာပေါ်တွင် အမျိုးသားအများစုသည် နိုင်ငံရေးနှင့် တရားရေးဆိုင်ရာ နယ်ပယ်များတွင် အဓိကကျသောနေရာများကို လွှမ်းမိုးချုပ်ကိုင်ထားကြသည်။ နိုင်ငံအသီးသီးရှိ ဥပဒေပြုလွှတ်တော်များတွင်လည်း အမျိုးသမီးအမတ်အရေအတွက် ၂၂ ရာခိုင်နှုန်းသာ တွေ့ရှိရပါသည်။ ထို့အပြင် တရားဥပဒေအများစုသည်လည်း အမျိုးသမီးများကို အကြမ်းဖက်မှုမှ အကာအကွယ်ပေးနိုင်ခြင်းမရှိသေးပေ။
ကျား ၊ မ တန်းတူအခွင့်အရေးများရရှိနေ
မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံတွင် အမျိုးသမီးများသည် မြတ်စွာဘုရားလက်ထက်တော်ကတည်းကပင် အမျိုးသားများကဲ့သို့ ကျား၊ မ တန်းတူအခွင့်အရေးများရရှိခဲ့ကြသည်။ မျက်မှောက်ကာလတွင် အမျိုးသမီးများအား ပြောစရာမလို လောက်အောင်ကိုပင် အခွင့်အရေးပေးထားပါသည်။ မြန်မာအမျိုးသမီးများသည် လွတ်လပ်စွာကိုးကွယ်ခွင့်၊ ပညာသင်ကြားခွင့်၊ သွားလာခွင့်နှင့် မိမိချစ်ခင်စုံမက်သူကိုရွေးချယ် လက်ထပ်ခွင့်များရှိကြသည်။ မြန်မာနိုင်ငံတွင် ခွဲခြားဆက်ဆံမှုနှင့် ကန့်သတ်ချုပ်ချယ်မှုမရှိသောကြောင့် အမျိုးသမီးများသည် ကြိုးစားလျှင်ကြိုးစားသလောက်ခံစားခွင့်ရရှိနေ ကြသည်။ အထူးသဖြင့် မျက်မှောက်ခေတ် ဒီမိုကရေစီနိုင်ငံသစ်ကို ချီတက်ရာတွင် အမျိုးသမီးများသည် လွှတ်တော်များတွင် ဥပဒေပြုရေးလုပ်ငန်းများအား ပြည်သူကိုယ်စားပြုအမတ်များအဖြစ် အမျိုးသားများနှင့်အပြိုင် ပါဝင်ဆွေးနွေးလျက်ရှိကြသည့်အပြင် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် နိုင်ငံ့ကိုယ်စားပြု သံအမတ်ကြီးများအဆင့်ကဲ့သို့ ကြီးလေးသောတာဝန်များကိုပင် အမျိုးသားများနည်းတန်းတူ တာဝန်ယူထမ်းဆောင်လျက်ရှိကြသည်။
အမျိုးသမီးအသင်းအဖွဲ့များ
မြန်မာနိုင်ငံတွင် အမျိုးသမီးများဘဝလုံခြုံမှုရှိစေရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီနှင့် လုပ်ငန်းကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းထားပြီး ဖြစ်သည်။ ထိုကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းကြီးများသည် အမျိုးသမီးများ သာတူညီမျှအခွင့်အလမ်းများ ရရှိခံစားနိုင်စေရန် အားသွန်ခွန်စိုက် လှုပ်ရှားဆောင်ရွက်လျက်ရှိကြသည်။
မြန်မာနိုင်ငံသည် အာဆီယံအမျိုးသမီးရေးရာကော်မတီနှင့် အာဆီယံအမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးကော်မရှင်တွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ကိုလည်း လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။ မြန်မာနိုင်ငံသည် မဲခေါင်ဒေသတွင်းနိုင်ငံများအနက် လူကုန်ကူးမှု တားဆီးရေးဥပဒေကို ပထမဆုံးရေးဆွဲပြဋ္ဌာန်းနိုင်သည့် နိုင်ငံလည်းဖြစ်သည်။
အမျိုးသမီးရေးရာကော်မတီသည် အမျိုးသမီးများအကြမ်းဖက်မှုမှကာကွယ်စောင့်ရှောက်ရေး ဥပဒေကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီရေးဆွဲရေး၊ အမျိုးသမီးများအခွင့်အရေးနှင့် ကျား၊ မ တန်းတူညီမျှမှုဆိုင်ရာ အသိပညာပေးမှုအစီအစဉ်များ၊ အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံ မှုပပျောက်ရေး ကွန်ဗင်းရှင်းတွင်ပါဝင်သည့် ပြဋ္ဌာန်းချက်များ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းတွင် ပါဝင်သည့်ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
အရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများတွင်မြှုပ်နှံပေး
အိမ်တစ်အိမ်၊ လူ့အဖွဲ့အစည်းတစ်ခုနှင့် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုဖော်ဆောင်ရာတွင် အမျိုးသားဝါဒ၊ အမျိုးသမီးဝါဒဆိုသော ရှေးရိုးစွဲဝါဒတွေကို စွဲကိုင်မထားဘဲ ကျား၊ မ အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်သည်။ လုပ်ငန်းတာဝန်များကိုလည်း အမျိုးသားများ၏ တာဝန်၊ အမျိုးသမီးများ၏ တာဝန်ဟူ၍ သေးသိမ်စွာခွဲခြားနေသည်ထက် ကျရာအခန်းကဏ္ဍကို ပီပြင်စွာထမ်းဆောင်ခြင်းဖြင့်သာ အကျိုးပြုသွားရန် လိုအပ်ပါသည်။
နှစ်စဉ် မတ်လ ၈ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်သည်။ အလွှာပေါင်းစုံမှ အမျိုးသမီးများကို စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးနိုင်ရန်အတွက် ထိုနေ့ကိုကျင်းပခြင်းဖြစ်သည်။ အချို့သော ကမ္ဘာ့နိုင်ငံများတွင် လက်ရှိအချိန်အထိ အမျိုးသမီးများကို နှိမ့်ချခွဲခြားဆက်ဆံမှုများ ရှိနေဆဲဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူ အမျိုးသမီးများသည် ကျား၊ မ ခွဲခြားဆက်ဆံခြင်းမခံရဘဲ အမျိုးသားများနည်းတူ သာတူညီမျှ အခွင့်အလမ်းများရရှိ ပိုင်ဆိုင်ထားကြသည်။ ကံကောင်းကြပါသည်။
ထိုသို့ရရှိနေခြင်းသည် ယခုမှရရှိခြင်းမဟုတ်ပေ။ ရှေးယခင် အစဉ်အဆက်ကတည်းကပင်ဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်းတွင် အမျိုးသမီးများကို မိသားစုတွင်း၌လည်း အမျိုးသားများနည်းတူ တန်းတူအခွင့် အရေးပေးထားပါသည်။ ဆိုရလျှင် အမျိုးသမီးများသည် အနာဂတ်၏ မိခင်လောင်းများပင်ဖြစ်ကြသည်။ မိခင်ကောင်းမှ တိုင်းပြည်ကောင်းမည် မဟုတ်ပါလား။
အထူးသဖြင့် အမျိုးသမီးများအား အကြမ်းဖက်မှုအန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် ခိုင်မာအားကောင်းသက်ဝင်မှုရှိသော တရားဥပဒေဖြင့် အကာအကွယ်ပေးသွားရန် လိုအပ်ပေသည်။
အမှန်တော့ ကျား၊ မ တန်းတူညီမျှရေးသည် အခွင့်အရေးတစ်ရပ်ပင်ဖြစ်သည်။ သို့သော် စီးပွားရေးအကျပ်အတည်းမှသည် ကျန်းမာရေးစောင့်ရှောက်မှုကင်းမဲ့လာခြင်း၊ ရာသီဥတုပြောင်းလဲလာခြင်းနှင့် ပဋိပက္ခပေါင်းစုံ ကြီးထွားလာခြင်းတို့ကြောင့် အမျိုးသမီးများသည် ခွဲခြားဆက်ဆံမှု ပိုမိုခံစားလာကြရသည်။ ထို့ကြောင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (၂၀၃၀) ရည်မှန်းချက်ချမှတ်ကာ အားလုံးဖွံ့ဖြိုးတိုးတက်စေရန် မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။ ကျား၊ မ တန်းတူညီမျှမှုရှိစေရန်နှင့် အမျိုးသမီးများအား လုပ်ပိုင်ခွင့်ပိုမိုပေးအပ်ရေးသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက် ၁၇ ချက်တွင် ထည့်သွင်းချမှတ်ထားရှိသည်။
လက်ရှိကမ္ဘာကြီးတွင် လူမှုအသိုက်အဝန်းများကို ဖိအားပေးလျက်ရှိသော ပြဿနာပေါင်းစုံကို ရင်ဆိုင်ရလျက်ရှိသည့်အတွက် ကျား ၊ မ သာတူညီမျှရှိခြင်းသည် အခြားသောအရာများစွာထက် အရေးပါလျက်ရှိသည်။ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အခွင့်အလမ်း ခိုင်မာသေချာအောင်ဆောင်ရွက်ပေးခြင်းသည် မျိုးဆက်သစ်များအတွက် သာယာ၀ပြောသော စီးပွားရေးနှင့် ကျန်းမာသောကြံ့ခိုင်သော ကမ္ဘာကြီးတည်ဆောက်ပေးနိုင်မည်ဖြစ်သည်။ ၂၀၃၀ ပြည့်နှစ်တွင် ကျား၊ မ သာတူညီမျှရရှိရေးအတွက် နှစ်စဉ် ကမ္ဘာတစ်ဝန်းအတွက် အမေရိကန်ဒေါ်လာ ၃၆၀ ဘီလီယံခန့် သုံးစွဲသွားရန်လိုအပ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ နောက်ဆက်တွဲဆိုးကျိုးများကြောင့် လက်ရှိအချိန်တွင် အမျိုးသမီးသန်း ၃၄၀ ခန့်သည် ဆင်းရဲမွဲတေမှု သတ်မှတ်ချက်မျဉ်းအောက်တွင် ရောက်ရှိနေသည်။ အထူးသဖြင့် ပဋိပက္ခများနှင့် ကုန်ဈေးနှုန်းကြီးမြင့်လာမှုများသည် ထိခိုက်လွယ်အုပ်စုဖြစ်သည့် အမျိုးသမီးများအပေါ်သက်ရောက်မှု ပိုမိုဖြစ်ပေါ်စေလျက်ရှိသည်။ ထို့ကြောင့် ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံများအပါအဝင် ဆင်းရဲတွင်းနက်နေသော အသိုက်အဝန်းများတွင် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်သွားကြပါစို့ဟု အကြံပြုတိုက်တွန်းလိုက်ရပါသည်။ ။