Skip to main content

အားလုံးပါဝင် စားသုံးသူအခွင့်အရေး လှုပ်ရှားမှုများတွင်

ဟန်

ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့

နှစ်စဉ် မတ်လ ၁၅ ရက်နေ့တိုင်းတွင် စားသုံးသူလှုပ်ရှားမှုအဖြစ် World Consumer Rights Day “ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့”ကို ကျင်းပလေ့ရှိပြီး ကမ္ဘာလုံးဆိုင်ရာစားသုံးသူအခွင့်အရေး၊ စားသုံးသူကာကွယ်ရေးနှင့် စွမ်းဆောင်နိုင်မှုများကို အသိပညာမြှင့်တင်ပေးသည့် အလွန်အရေးပါသည့် နေ့တစ်နေ့ဖြစ်သည်။ အဆိုပါနေ့သည် မိမိအနေဖြင့် ပစ္စည်းများကို ဝယ်ယူသည့်အခါ မိမိ၏အခွင့်အရေးများအကြောင်းကို မိမိကဲ့သို့လူများကို သိနားလည်ရန် လုပ်ဆောင်ရမည့်နေ့ဖြစ်သည်။ စားသုံးသူအခွင့်အရေးဆိုသည်မှာ သင်ဝယ်ယူလိုသည့် ဝန်ဆောင်မှု (သို့မဟုတ်) ပစ္စည်းများနှင့်ပတ်သက်၍ အရေးကြီးသည့်အရာများဖြစ်သည့် အရည်အသွေး၊ ဈေးနှုန်းနှင့် စိတ်ချလုံခြုံမှုတို့ကို သိရှိနိုင်ခွင့်ရှိသည်။ တစ်နည်းအားဖြင့် World Consumer Rights Day သည် လူတိုင်းအတွက် တရားမျှတ၊ ဘေးကင်းပြီး ရေရှည်တည်တံ့သော စျေးကွက်တစ်ခုအတွက် စားသုံးသူများ၏ စွမ်းအားနှင့် ၎င်းတို့၏ အခွင့်အရေးများကို မီးမောင်းထိုးပြနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်သည်။

ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ကို ဂုဏ်ပြုခြင်းသည် စားသုံးသူအားလုံး၏အခွင့်အရေးကို လေးစားကာကွယ်ရန်၊ စျေးကွက်ချိုးဖောက်မှုများနှင့် ထိုအခွင့်အရေးများကို ထိခိုက်စေသည့် လူမှုရေးမမျှတမှုများကို ဆန့်ကျင်ဆန္ဒပြရန် အခွင့်အရေးတစ်ခုဖြစ်သည်။ လူအများစုသည် စားသုံးသူများအနေဖြင့် ၎င်းတို့၏အခွင့်အရေးများကို သတိမပြုမိကြသောကြောင့် ယခုကဲ့သို့ ကျင်းပခြင်းဖြင့် အဆိုပါ အကာအကွယ်တောင်းဆိုပိုင်ခွင့်ကို အခြားသူများအား သတိပြုမိစေရန်နှင့် စျေးကွက်အတွင်း မသမာသောလှုပ်ရှားမှုများမှ ကင်းဝေးစေနိုင်မည်ဖြစ်သည်။

ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့သမိုင်း

စားသုံးသူအခွင့်အရေးဆိုသည်မှာ ကုန်ပစ္စည်းအမျိုးမျိုး၊ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ဝယ်ယူသူတိုင်းသည် ထိုထုတ်ကုန်များ၏ အရည်အသွေး၊ သန့်ရှင်းမှု၊ ဈေးနှုန်းနှင့် စံချိန်စံညွှန်းဆိုင်ရာ အချက်အလက်များကို ရရှိပိုင်ခွင့်ရှိသည်။ ထို့ပြင် စားသုံးသူအားကုန်သွယ်မှု၏ မမျှတသော အလေ့အထများမှ အကာအကွယ်ပေးမှုဖြစ်သည်။

World Consumer Rights Day ကို ၁၉၆၂ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် အမေရိကန်ကွန်ဂရက်သို့ အထူးသဝဏ်လွှာပေးပို့ခဲ့သော သမ္မတ John F Kennedy က စားသုံးသူအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို တရားဝင်မိန့်ခွန်းပြောကြားခဲ့သည်။ ၎င်း၏မိန့်ခွန်းတွင်အရေးကြီးသည့် အခွင့်အရေးလေးခုဖြစ်သည့် ဘေးကင်းရန်အခွင့်အရေး၊ သိပိုင်ခွင့်၊ ရွေးချယ်ပိုင်ခွင့်နှင့် ကြားနာခွင့်များအကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းသည် စားသုံးသူအခွင့်အရေးနှင့်ပတ်သက်၍ လှုပ်ရှားဆောင်ရွက်သည့် ပထမဆုံးသောကမ္ဘာ့ခေါင်းဆောင်ဖြစ်သည်။ စားသုံးသူလှုပ်ရှားမှုကို စတင်ဆောင်ရွက်သည့် အဆိုပါရက်စွဲကို စားသုံးသူအခွင့်အရေးနေ့အဖြစ် သတ်မှတ်ကာ ၁၉၈၃ ခုနှစ်တွင် ပထမဆုံး စတင်ကျင်းပခဲ့သည်။ ယခုအခါ အရေးကြီးသောကိစ္စရပ်များနှင့် လှုပ်ရှားမှုကမ်ပိန်းများလုပ်ဆောင်ရန် နှစ်စဉ်နှစ်တိုင်း အဆိုပါနေ့ကို သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် စားသုံးသူအခွင့်အရေးကာကွယ်သည့်လုပ်ငန်းသည် လူတန်းစားအလွှာအသီးသီးနှင့် သက်ဆိုင်သည့်အတွက် အပြည်ပြည်ဆိုင်ရာစားသုံးသူအဖွဲ့အစည်းမှကြီးမှူး၍ ကမ္ဘာ့စားသုံးသူ အခွင့်အရေးနေ့ကို ကမ္ဘာတစ်ဝန်း ကျင်းပပြုလုပ်လျက်ရှိသည်။

ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ ၂၀၂၄ ဆောင်ပုဒ်

နှစ်စဉ် ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ကိုဂုဏ်ပြုရန်အတွက် စားသုံးသူအားလုံးနှင့်ပတ်သက်သည့် မတူညီသောအကြောင်းအရာများကို ဖြေရှင်းပေးသည့် သီးခြားဆောင်ပုဒ်တစ်ခုရှိပါသည်။ ၂၀၂၁ ခုနှစ်၌ ပလတ်စတစ်အလွန်အကျွံပြဿနာကို ကိုင်တွယ်ဖြေရှင်းခဲ့သည်။ ကျွန်ုပ်တို့ဝယ်ယူသည့်အရာများ အထူးသဖြင့် ပလတ်စတစ်ပစ္စည်းများသည် သဘာဝပတ်ဝန်းကျင်ကို မည်သို့ထိခိုက်စေနိုင်သည်ကို လူအများနားလည်စေရန် အသိပေးခြင်းအနေဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ ယခုနှစ် ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ (World Consumer Rights Day 2024) ဆောင်ပုဒ်မှာ “မျှတအလေးမူတာဝန်ယူ၊ စားသုံးသူအကျိုးပြုဉာဏ်ရည်တု” ဖြစ်ကြောင်း ကြေညာခဲ့သည်။

၂၁ ရာစုအလွန် ယနေ့ခေတ်ကာလတွင် နေ့စဉ်နှင့်အမျှ မတူညီသော နည်းပညာအသစ်အဆန်းများနှင့် တီထွင်ဆန်းသစ်မှုများများပြားလာသည်ဖြစ်ရာ အမျိုးမျိုးသော နည်းပညာများအနက်မရှိ မဖြစ် လူသားများ နေ့စဉ်ထိတွေ့နေရသော နည်းပညာမှာ AI (Artificial Intellengence) ခေါ် ဉာဏ်ရည်တုနည်းပညာဖြစ်သည်။ လူသားတို့နေ့စဉ်အသုံးပြုနေရသည့် smart phone၊ computer စသည့် နေ့စဉ်လူနေမှုဘဝ၏ မရှိမဖြစ်ပစ္စည်းများမှာ AI နည်းပညာနှင့်မကင်းပေ။ အင်တာနက်စာမျက်နှာများတွင် အချက်အလက်များကို ရှာဖွေဖတ်ရှုချင်သည်ဖြစ်စေ၊ Youtube Netflix များ၌ ရုပ်ရှင်ဇာတ်လမ်းများ ကြည့်ရှုသည်ဖြစ်စေ၊ Amazon ကဲ့သို့ အွန်လိုင်းကနေ စျေးဝယ်ယူခြင်းမျိုးဖြစ်စေ လူအများ၏ နေ့စဉ်လုပ်ဆောင်ချက်များနောက်ကွယ်၌ Artificial Intelligence ရှိနေသည်။

ဉာဏ်ရည်တုသည် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပုံသဏ္ဌာန်ပိုမိုပုံဖော်လာသည်နှင့်အမျှ၊ မျိုးဆက်သစ် AI နည်းပညာ၏ အောင်မြင်မှုများသည် ဒစ်ဂျစ်တယ်ကမ္ဘာကို အရှိန်အဟုန်ဖြင့်သိမ်းပိုက်ခဲ့သည်။ သတင်းမှားများ၊ ကိုယ်ရေးကိုယ်တာချိုးဖောက်မှုများနှင့် ခွဲခြားဆက်ဆံသည့် အလေ့အထများသည် နောင်ကာလများအတွက် စိုးရိမ်ပူပန်မှုများဖြစ်ပြီး AI နည်းပညာဖြင့် ဝန်ဆောင်မှုပေးနေသော ပလက်ဖောင်းများသည် မှားယွင်းသောအချက်အလက်များကို ဖြန့်ကြက်ပြီး ဘက်လိုက်မှုများ ဆက်လက်ဖြစ်ပေါ်စေနိုင်သည်။ တရားမျှတပြီး တာဝန်သိသည့် AI နည်းပညာဖြစ်လာစေရန် အဆိုပါပြဿနာတွေကို မြန်မြန်ဆန်ဆန် ဖြေရှင်းရမည်ဖြစ်သည်။

ထို့ပြင် နည်းပညာများဖွံ့ဖြိုးတိုးတက်လာပြီး ခေတ်စနစ်များပြောင်းလဲလာသည့်အတွက် စားသုံးသူများ၏ အခွင့်အရေးများကိုလည်း ခေတ်နှင့်အညီ တိုးမြှင့်ကာကွယ်ပေးသွားနိုင်ရန် လိုအပ်လာသည်။ ယနေ့ခေတ်တွင် ဉာဏ်ရည်တုနည်းပညာသည် သုံးစွဲသူလူသားများအတွက် တရားမျှတမှုရှိရမည်ဖြစ်သလို တစ်ဖက်၌လည်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဝန်ဆောင်မှုများ၊ ကုန်စည်များပေးအပ်သည့်အခါ မိမိတို့ တာဝန်ယူရမည့်ကိစ္စရပ်များကို သိရှိလိုက်နာပြီး တာဝန်ယူနိုင်ရန် လိုအပ်သည်။ ထိုကဲ့သို့ လိုက်နာဆောင်ရွက်မှသာ ဉာဏ်ရည်တုနည်းပညာသည် လူသားများအားအကျိုးပြုသည့် နည်းပညာတစ်ရပ်ဖြစ်လာမည်ဖြစ်သည်။ ထိုကဲ့သို့ ဉာဏ်ရည်တုနည်းပညာကို ကိုင်တွယ်ဖြေရှင်းရန် အရေးပါလာသည့်အတွက် ယခုနှစ်၌ အလေးပေးဆောင်ရွက်သွားမည်ဖြစ်သည်။

ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့၏ အရေးပါမှု

စားသုံးသူအခွင့်အရေးနေ့ကို ဂုဏ်ပြုခြင်းသည် စားသုံးသူအားလုံး၏အခွင့်အရေးကို လေးစားကာကွယ်ရန်၊ တောင်းဆိုရန်နှင့် ယင်းအခွင့်အရေးများကို ထိခိုက်စေသည့် လူမှုရေးမမျှတမှုများကို ဆန့်ကျင်ကန့်ကွက်ရန် ဖြစ်သည်။ ယနေ့ခေတ်တွင် သင့်အားစမတ်ကျသော စျေးဝယ်သူဖြစ်ရန်အတွက် ပစ္စည်းကိရိယာများကို ထောက်ပံ့ပေးထားသည်။ အချို့သောကုမ္ပဏီများသည် လူအများကို လှည့်စားရန် သို့မဟုတ် အခွင့်ကောင်းယူရန်ကြိုးစားသည့်အချိန်အခါတွင် သင်၏စားသုံးသူအခွင့်အရေးကို သိရှိခြင်းက သင့်အားပြတ်သားစွာရပ်တည်နိုင်ပြီး ကောင်းမွန်သော ဆုံးဖြတ်ချက်များချနိုင်ရန် ကူညီပေးမည်ဖြစ်သည်။

၁၉၇၀ ပြည့်နှစ် နောက်ပိုင်းနှစ်များတွင် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံသို့ စီးပွားရေးနှင့်လူမှုရေးကောင်စီ၏ တောင်းဆိုချက်ကြောင့် စားသုံးသူကာကွယ်ရေးလှုပ်ရှားမှုသည် နိုင်ငံတကာအဆင့်သို့ ရောက်ရှိခဲ့ပါသည်။ ၁၉၈၅ ခုနှစ် ဧပြီ ၉ ရက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံမှ ဆုံးဖြတ်ချက်အမှတ်(၃၉/၂၄၈)ဖြင့် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာမူဝါဒ (၈)ခု ချမှတ်နိုင်ခဲ့ပါသည်။ အာဆီယံနိုင်ငံများအနေဖြင့်လည်း ၂၀၀၇ ခုနှစ်တွင် အာဆီယံစားသုံးသူကာကွယ်ရေးညှိနှိုင်းမှုကော်မတီကို ဖွဲ့စည်းနိုင်ခဲ့သည်။ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံစားသုံးသူ ကာကွယ်ရေးကော်မတီ၏ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ကွဲပြားမှုတစ်ခုပြုလုပ်ခြင်း

၂၀၂၄ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့သည် ဘေးကင်းရေး၊ ပွင့်လင်းမြင်သာမှုနှင့် ပညာပေးရေး ဆိုင်ရာ ရည်မှန်းချက်များ ချမှတ်ရန်၊ စားသုံးသူဗဟိုပြုမူဝါဒများနှင့်ပတ်သက်၍ ဦးစားပေးအစီအစဉ်များကို ပြန်လည်ချိန်ညှိရန် အနာဂတ်အတွက် မျှော်လင့်ချက် ပြန်လည်အသက်ဝင်လာမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ် မတ် ၁၅ ရက်တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

စားသုံးသူအကာအကွယ်ပေးရေး ဆောင်ရွက်မှု

စားသုံးသူများသည် တရားမျှတမှုမရှိသော ကုန်သွယ်မှုအလေ့အကျင့်များ သို့မဟုတ် စားသုံးသူများအပေါ် မရိုးသားစွာအမြတ်ထုတ်ခြင်းကို ဆန့်ကျင်သည့်အနေဖြင့် ပြန်လည်ဖြေရှင်းရန် တောင်းဆိုပိုင်ခွင့်ရှိသည်။ စားသုံးသူတစ်ဦး၏ မကျေနပ်ချက်များကို တရားမျှတစွာ ဖြေရှင်းနိုင်ခွင့်လည်းရှိပြီး မကျေနပ်ချက်ရှိပါက တရားဝင်တိုင်ကြားနိုင်သည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ လမ်းညွှန်ချက်အရစားသုံးသူကာကွယ်ရေးဥပဒေ၌ စားသုံးသူ၏ အခြေခံအခွင့်အရေး (၈)ရပ်အား ပြဋ္ဌာန်းထားသည်။ အဆိုပါ အခွင့်အရေး(၈)ရပ်မှာ-

(၁) စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊

(၂) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့် ရှိခြင်း၊

(၃) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထားရယူခွင့်ရှိခြင်း၊

(၄) ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ခွင့်ရှိခြင်း၊

(၅) စားသုံးသူ နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့် ရရှိနိုင်စေခြင်း၊

(၆) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း၊

(၇) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊

(၈) ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေခြင်း စသည့် အချက်များဖြစ်သည်။

၎င်းအခွင့်အရေး (၈) ရပ်နှင့်အညီ ချိုးဖောက်ခံရပါက စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှုများကို စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည်။

စားသုံးသူ၏အခွင့်အရေးများအတွက် ပြင်ဆင်ကာကွယ်ပေးထားသလို စားသုံးသူများ၌လည်း တာဝန်ရှိပါသည်။ ၎င်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊

(ခ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့်အညီ ပေးချေခြင်း၊

(ဂ) စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ်မမှန်စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကိုရှောင်ကြဉ်ခြင်း၊

(ဃ) အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကိုရှောင်ကြဉ်ခြင်း။

၎င်းအချက်များကိုလည်း စားသုံးသူများအနေဖြင့် ဝန်ဆောင်မှုပေးမည့် စီးပွားရေးလုပ်ငန်းများအပေါ် အပြန်အလှန် လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။

၂၀၁၁ ခုနှစ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအား စားသုံးသူကာကွယ်‌ရေးလုပ်ငန်းများ တာဝန်ယူဆောင်ရွက်ရန် တာဝန်ခံဝန်ကြီးဌာနအဖြစ် တာဝန်ပေးအပ်ခဲ့ပြီး အဆိုပါလုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ၂၀၁၃ ခုနှစ်တွင် ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနအဖြစ်လည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် ကုန်သွယ်မှု မြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနအဖြစ်လည်းကောင်း ဖွဲ့စည်းခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာနအဖြစ် သီးခြားပြောင်းလဲဖွဲ့စည်းကာ စားသုံးသူအကာအကွယ်ပေးရေးကို ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်တွင် အခန်း(၁၅)ခန်း ပုဒ်မ ၈၄ ခုဖြင့်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေများကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်တွင် အခန်း(၁၆)ခန်း၊ အပိုဒ် ၁၂၆ ပိုဒ်ဖြင့်လည်းကောင်းပြဋ္ဌာန်းခဲ့ပြီး စံလုပ်ငန်း လမ်းညွှန်အား ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်စွဲဖြင့်ရေးဆွဲ၍ တိုင်ကြားမှုများကို လက်ခံဖြေရှင်းအရေးယူ ဆောင်ရွက်ပေးလျက်ရှိသည်။

စားသုံးသူအခွင့်အရေးများနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနက ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသကဲ့သို့ စားသုံးသူပြည်သူများ ကိုယ်တိုင်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြမှသာ စားသုံးသူပြည်သူများအနေဖြင့် မိမိတို့၏စားသုံးသူအခွင့်အရေးများကို ထိရောက်မှန်ကန်စွာရရှိနိုင်မည် ဖြစ်ပါသည်။ အခန်း(၁၉) ပုဒ်မ ၄၄ တွင် စားသုံးသူပြည်သူများ ကိုယ်တိုင်ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် အခွင့်အရေးပေးထားသည်။ ပုဒ်မ ၄၄ အရ ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုသည် စားသုံးသူနစ်နာဆုံးရှုံးမှုတစ်ရပ်ရပ်ကို တိုင်ကြားလိုပါက လူကိုယ်တိုင်သော်လည်းကောင်း၊ လူထုဆက်သွယ်ရေးနည်းလမ်းတစ်ခုခုဖြင့်သော်လည်းကောင်း သက်ဆိုင်ရာဦးစီးမှူးရုံးသို့ သက်သေအထောက်အထားနှင့်အတူ တိုင်ကြားနိုင်သည်။ ထိုသို့တိုင်ကြားရာတွင် နစ်နာသည့် စားသုံးသူကိုယ်တိုင်သော်လည်းကောင်း၊ နစ်နာသည့်စားသုံးသူ၏ မိသားစုဝင်များကသော်လည်းကောင်း၊ နစ်နာသည့်စားသုံးသူနှင့် ဆက်နွှယ်သော ပုဂ္ဂိုလ်များကသော်လည်းကောင်း၊ အစိုးရဌာနအဖွဲ့ အစည်းများကသော်လည်းကောင်း၊ စားသုံးသူဆိုင်ရာအသင်းအဖွဲ့များကသော်လည်းကောင်း တိုင်ကြားနိုင်သည်။

စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ အလွယ်တကူတိုင်ကြားနိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၊ ခရိုင်ဦးစီးမှူးရုံးများတွင် စားသုံးသူသတင်းပြန်ကြားရေး နှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center- CICC) များကိုဖွင့်လှစ်ထားရှိသည်။ CICC များက လိုအပ်သော အချက်အလက်များဖြည့်သွင်းခြင်း၊ အထောက်အထားများရယူခြင်းများ ဆောင်ရွက်ပြီးနောက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးသို့ ဆက်လက်တင်ပြမည်ဖြစ်သည်။ ထို့အတူ စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www .doca .gov .mm သို့လည်း ဝင်ရောက်၍ တိုင်ကြားနိုင်သည်။

သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးသည် စားသုံးသူတိုင်ကြားလာမှုနှင့်ပတ်သက်၍ လိုအပ်သော စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် ညှိနှိုင်းဖြေရှင်းပေးခြင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းများကို ဆောင်ရွက်မည်ဖြစ်ပါသည်။ ဦးစီးမှူးရုံးများ၏ စီမံခန့်ခွဲပိုင်ခွင့်ကို ကျော်လွန်သော ဖြစ်စဉ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် စားသုံးသူရေးရာကော်မတီများသို့ ဆက်လက်တင်ပြမည်ဖြစ်သည်။ စားသုံးသူများ နစ်နာဆုံးရှုံးစေမှုအတွက် လိုအပ်ပါက တရားစွဲဆိုသည်အထိ ဆောင်ရွက်ပေးမည်ဖြစ်သည်။

ကျန်းမာပျော်ရွှင် စားသုံးသူအခွင့်အရေးမှာပါဝင်

တရားမျှတမှုမရှိသော ကုန်သွယ်မှုအလေ့အကျင့်များနှင့် ၎င်းတို့၏ဝယ်သူများအပေါ် လိမ်လည်လှည့်စားသောကုမ္ပဏီများမှ ကင်းဝေးစေရေးမှာ အရေးကြီးသည်။ World Consumer Rights Day သည် လူအများအား လိမ်လည်မှုဆိုင်ရာအလေ့အကျင့်များကို ဆန့်ကျင်သည့်အသံများနှင့် အသိပညာပေးခြင်းကို ပြုလုပ်စေမည်ဖြစ်သည်။ စားသုံးသူများကိုယ်တိုင် ကမ္ဘာ့စားသုံးသူနေ့ကို အသိပညာမြှင့်တင်ရန်နှင့် ကမ္ဘာ့စားသုံးသူများ ပိုမိုကောင်းမွန်လာရန်အတွက် အပြောင်းအလဲများ ဆောင်ကြဉ်းလာနိုင်မည့်နေ့တစ်နေ့ဖြစ်သည်။

အတိုချုပ်ပြောရလျှင် World Consumer Rights Day သည် ပစ္စည်းများ၊ ဝန်ဆောင်မှုများကို ဝယ်ယူသည့်အခါတွင် သင့်အခွင့်အရေးများအားနားလည်ရန် ကူညီပေးသောကြောင့် အရေးပါသည့် နေ့ရက်ဖြစ်သည်။တရားမျှတမှုမရှိသော ကုန်သွယ်မှုအလေ့အကျင့်များနှင့် ၎င်းတို့၏ စားသုံးသူများအပေါ် လိမ်လည်လှည့်စားသော ကုမ္ပဏီများမှ ဘေးကင်း လုံခြုံစွာရှိရန် အရေးကြီးသည်။ World Consumer Rights Day သည်လူများအား လိမ်လည်မှုဆိုင်ရာအလေ့အကျင့်များကို ဆန့်ကျင်သည့်အသံများနှင့် အသိပညာပေးခြင်းကိုဖြစ်ပေါ်စေပြီး မိမိရှင်သန်ရာ ပတ်ဝန်းကျင်တွင် ပိုမိုကောင်းမွန်သော ရွေးချယ်မှုများပြုလုပ်ရန် စွမ်းအားပေးလျက်ရှိမည်ဖြစ်ကြောင်း မတ်လ ၁၅ ရက်နေ့တွင် ကျရောက်မည့် စားသုံးသူအခွင့်အရေးများနေ့အား ဂုဏ်ပြုသောအားဖြင့် ရေးသားဖော်ပြအပ်ပါသည်။ ။

ကိုးကား-

စားသုံးသူရေးရာဦးစီးဌာန

Consumers International