နွေရာသီနှင့် တောမီးအန္တရာယ်
မောင်သောင်းဝင်း(တမန်ဟောင်း)
၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ နှစ်လတာကာလအတွင်း နိုင်ငံတစ်ဝန်းမီးလောင်ကျွမ်းမှု ၂၉၁ ကြိမ်အထိဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ဖော်ပြခဲ့သည်။ ထိုမီးလောင်ကျွမ်းမှုများအနက် တောမီး၊ ကိုင်းမီး၊ မြက်ခြောက်မီးနှင့် အမှိုက်ပုံများမှတစ်ဆင့် မီးလောင်ကျွမ်းမှုသည် ၆၁ ကြိမ်အထိရှိခဲ့ပြီး ကားမီးလောင်မှုသည်လည်း ၁၀ ကြိမ်ရှိခဲ့သည်။ မတ် ၂ ရက်တွင် ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးရွားဆုံး စာရင်းထုတ်ပြန်ခဲ့ရာ ရန်ကုန်မြို့သည် ပဉ္စမမြောက်နေရာ၌ရပ်တည်လျက်ရှိသည်။
အလားတူ ၂၀၂၃ ခုနှစ်အတွင်းကလည်း နိုင်ငံတစ်ဝန်း၌ မီးလောင်မှုအကြိမ် ၁၇၀၀ နီးပါးဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် ငွေကျပ်သန်းပေါင်း ၃၅ ဘီလီယံကျော်ဆုံးရှုံးခဲ့ကြောင်း၊ သေဆုံးသူ ၇၇ ဦး နှင့် ဒဏ်ရာရရှိသူ ၁၉၃ ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားရှိသည်။ မီးလောင်မှုဖြစ်စဉ်အများဆုံးအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ၂၃၂ ကြိမ်၊ ဒုတိယအများဆုံးအနေဖြင့် ရှမ်းပြည်နယ်တွင် ၁၈၃ ကြိမ်နှင့် တတိယအများဆုံးအနေဖြင့် မန္တလေးတိုင်းဒေသကြီးတွင် ၁၇၅ ကြိမ် ဖြစ်ပွားခဲ့သည်။
တောမီးလောင်ကျွမ်းမှု
ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်တောမီးလောင်ကျွမ်းမှုကြောင့်လည်း ဆုံးရှုံးမှုများမြင့်တက်လျက်ရှိသည်။ တောမီးလောင်ကျွမ်းမှုသည် နှစ်စဉ်ပိုမိုကြီးမားကျယ်ပြန့်လာလျက်ရှိရာ ၂၀၀၁ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း တောမီးလောင်ကျွမ်းမှုကြောင့် သစ်တောဟက်တာ ၉ ဒသမ ၃ သန်းခန့်ဆုံးရှုံးခဲ့သည်။ ၂၀၂၂ ခုနှစ်တွင်လည်း တောမီးလောင်ကျွမ်းမှုကြောင့် သစ်တောဟက်တာ ၆ ဒသမ ၆ သန်းခန့် ဆုံးရှုံးခဲ့သည်။ အထူးသဖြင့် ၂၀၂၃ ခုနှစ်အတွင်း ကနေဒါတစ်နိုင်ငံတည်းတွင် တောမီးလောင်ကျွမ်းမှု ဟက်တာ ၉ ဒသမ ၃ သန်းခန့် စံချိန်တင်မြင့်တက်ခဲ့သည်။ သမိုင်းတစ်လျှောက်တွင် အမေရိကန်နှင့် ကနေဒါတို့သည် တောမီးလောင်ကျွမ်းမှု အကြိမ်ကြိမ်ဖြစ်ပွားခဲ့သည်။ ၂၀၂၃ ခုနှစ်အတွင်း အပူချိန်စံချိန်တင် မြင့်တက်ခဲ့သောကြောင့် ကမ္ဘာတစ်ဝန်း တောမီးလောင်ကျွမ်းမှုများစွာ ဖြစ်ပွားခဲ့သည်။
ကမ္ဘာ့အကြီးမားဆုံး တောမီးလောင်ကျွမ်းမှုများ
ကမ္ဘာတစ်ဝန်းတောမီးလောင်ကျွမ်းမှုများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ရာ သစ်တောဧက၊ အဆောက်အအုံများ၊ လူနှင့်တိရစ္ဆာန်များများစွာ သေကျေထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည်။ ကမ္ဘာ့တောမီးလောင်ကျွမ်းမှု အကြီးမားဆုံးဖြစ်စဉ် ၁၂ ကြိမ်ရှိခဲ့ပြီး ၎င်းတို့မှာအောက်ပါအတိုင်း ဖြစ်သည်-
(၁) ၂၀၀၃ ခုနှစ် ရုရှားနိုင်ငံ အရှေ့ဆိုက်ဘေးရီးယားဒေသ Taiga တောမီး။ ၎င်းတောမီးလောင်ကျွမ်းမှုတွင် သစ်တောဧက ၅၅ သန်းကျော်ဆုံးရှုံးခဲ့သည်။ ၎င်းတောမီးသည် ဆိုက်ဘေးရီးယားဒေသတစ်ဝန်း၊ ရုရှားအရှေ့ပိုင်းဒေသ၊ တရုတ်နိုင်ငံမြောက်ပိုင်းနှင့် မွန်ဂိုလီးယားနိုင်ငံ မြောက်ပိုင်းဒေသများသို့ ပျံ့နှံ့လောင်ကျွမ်းသွားခဲ့သည်။ တောမီးလောင်ကျွမ်းရာမှ ထွက်ပေါ်လာသော မီးခိုးများသည် ဂျပန်နိုင်ငံ ကျိုတိုမြို့အထိ ရောက်ရှိခဲ့သည်။ ၎င်းမီးခိုးများသည် အိုဇုန်းလွှာပါးလွှာမှုကိုဖြစ်ပေါ်စေလျက်ရှိသည်။
(၂) ၂၀၂၀ ပြည့်နှစ် ဩစတြေးလျတောမီး။ ၎င်းတောမီးသည် ဩစတြေးလျနိုင်ငံ New South Wales နှင့် Queensland တို့တွင် ဧက ၄၂ သန်းကျော်လောင်ကျွမ်းခဲ့ပြီး အဆောက်အအုံထောင်ပေါင်းများစွာ၊ လူဒါဇင်ပေါင်းများစွာနှင့် တိရစ္ဆာန် ၃ ဘီလီယံကျော် သေကျေထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည်။ ဩစတြေးလျနိုင်ငံသည် ၂၀၁၉ ခုနှစ်နှောင်းပိုင်း ၂၀၂၀ ပြည့်နှစ် အစောပိုင်းကာလများတွင် သမိုင်းတစ်လျှောက် အပူချိန်စံချိန်တင်မြင့်တက်ခဲ့သောကြောင့် တောရိုင်းတိရစ္ဆာန်များစွာ သေကျေပျက်စီးခဲ့သည်။ ၂၀၁၉ ခုနှစ်အတွင်း ဩစတြေးလျ၏ အပူချိန်သည် ၁ ဒသမ ၅၂ ဒီဂရီဆဲလ်စီးယပ်စံချိန်တင် မြင့်တက်ခဲ့သည်။
(၃) ၂၀၁၄ ခုနှစ် ကနေဒါနိုင်ငံ အနောက်မြောက်ပိုင်းတောမီး။ ၎င်းတောမီးသည် ကနေဒါအနောက်မြောက်ပိုင်းရှိနေရာ ၁၅၀ ကျော်တွင် ပျံ့နှံ့လောင်ကျွမ်းခဲ့ရာ ဧရိယာ ၄၄၂ စတုရန်းမိုင်ခန့် ရှိခဲ့သည်။ မီးခိုးငွေ့များသည် ကနေဒါတစ်နိုင်ငံလုံး လွှမ်းခြုံသွားသည့်အပြင် အမေရိကန်နိုင်ငံ အထိရောက်ရှိခဲ့သည်။ သစ်တောဧက ၈ ဒသမ ၅ သန်းမှာ လုံးဝပျက်စီးသွားခဲ့သည်။ တောမီးလောင်ကျွမ်းမှု ငြှိမ်းသတ်မှုအတွက် ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၄ သန်း ရှိခဲ့သည်။
(၄) ၂၀၀၄ ခုနှစ် အမေရိကန်အလက်စကား တောမီး။ ၂၀၀၄ ခုနှစ်တွင် အမေရိကန်နိုင်ငံ အလက်စကားပြည်နယ်ရှိနေရာ ၇၀၁ ခု၌ တောမီးလောင်ကျွမ်းခဲ့ရာ ဧက ၆ ဒသမ ၆ သန်းကျော် ပျက်စီးဆုံးရှုံးခဲ့သည်။
(၅) ၁၉၃၉ ခုနှစ် Black Friday တောမီး။ ၎င်းတောမီးသည် ဩစတြေးလျနိုင်ငံ ဗစ်တိုရီးယားပြည်နယ်၌ ဧက ၅ သန်းကျော် လောင်ကျွမ်းခဲ့သည်။ တောမီးလောင်ကျွမ်းမှုကြောင့် လူ ၁၀၇ ဦးနှင့် တိရစ္ဆန်များစွာ သေဆုံးခဲ့ပြီး အိမ်ခြေ ၇၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။ မီးခိုးပြာများသည် နယူးဇီလန်အထိ ပျံ့နှံ့ရောက်ရှိခဲ့သည်။
(၆) ၁၉၁၉ ခုနှစ် ကနေဒါ Great Fire ။ ၎င်းတောမီးသည် လွန်ခဲ့သော ရာစုနှစ်ကျော်က လောင်ကျွမ်းခဲ့သော်လည်းသမိုင်းတွင် ပျက်စီးဆုံးရှုံးမှုအများဆုံးတောမီးအဖြစ် သတိရလျက်ရှိသည်။ ၎င်းတောမီးသည် မေလအစောပိုင်းတွင် ကနေဒါနိုင်ငံရှိ ပြည်နယ်အတော်များများ၌ ဧကငါးသန်းကျော်ကို လောင်ကျွမ်းပျက်စီးစေခဲ့သည်။ အဆောက်အအုံများစွာပျက်စီးခဲ့ပြီး လူ ၁၁ ဦး သေဆုံးခဲ့သည်။
(၇) ၁၉၅၀ ပြည့်နှစ် Chinchaga တောမီး။ ၎င်းတောမီးသည် ၁၉၅၀ ပြည့်နှစ် အစောပိုင်းကာလတွင် မြောက်ပိုင်း ဗြိတိသျှကိုလံဘီယာနှင့် အယ်ဘာတာတို့၌ စတင်လောင်ကျွမ်းခဲ့သည်။ ၎င်းတောမီးသည် မြောက်အမေရိကတွင် အကြီးမားဆုံးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီး ဧက ၄ ဒသမ ၂ သန်းခန့်လောင်ကျွမ်းခဲ့သည်။ ထိုစဉ်က ရက်သတ္တပတ်ခန့် မီးခိုးငွေ့များ ဖုံးလွှမ်းနေခဲ့သဖြင့် နေရောင်ကိုပင် မမြင်ခဲ့ရပေ။
(၈) ၂၀၁၀ ပြည့်နှစ် ဘိုလီဗီးယားတောမီး။ ၂၀၁၀ ပြည့်နှစ် ဩဂုတ်လတွင် ဘိုလီဗီးယားနိုင်ငံနေရာ ၂၅၀၀၀ ကျော်တွင်တောမီးလောင်ကျွမ်းခဲ့သဖြင့် ဧက ၃ ဒသမ ၇ သန်းကျော် ပျက်စီးဆုံးရှုံးခဲ့သည်။ မီးခိုးငွေ့များကြောင့် လေယာဉ်ခရီးစဉ်များ ရပ်ဆိုင်းခဲ့ရသဖြင့် အရေးပေါ်အခြေအနေ ကြေညာခဲ့ရသည်။
(၉) ၁၉၁၀ ပြည့်နှစ် အမေရိကန်ကော့နက်တိကတ် Great Fire။ ၎င်းတောမီးသည် ကော့နက်တိကတ်တွင် ဧကသုံးသန်းကျော်ပျက်စီးခဲ့ပြီး လူ ၈၅ ဦး သေဆုံးခဲ့သည်။ အမေရိကန် သမိုင်းတစ်လျှောက်တွင် အဆိုးရွားဆုံးတောမီးများအနက်မှတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ထို့ကြောင့် အစိုးရသည် သစ်တောကာကွယ် စောင့်ရှောက်ရေးမူဝါဒများကို ပြန်လည်ပြင်ဆင်ပြဋ္ဌာန်းခဲ့ရသည်။
(၁၀) ၁၉၈၇ ခုနှစ် Black Dragon တောမီး။ ၎င်းတောမီးသည် တရုတ်နိုင်ငံတွင် ဧက ၂ ဒသမ ၅ သန်းခန့် လောင်ကျွမ်းခဲ့ရာ လူ ၁၉၁ ဦးသေဆုံးခဲ့ပြီး ၂၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် လူ ၃၃၀၀၀ ကျော်သည် အိမ်ခြေရာမဲ့ဖြစ်ခဲ့သည်။
(၁၁) ၂၀၁၁ ခုနှစ် Richardson Backcountry တောမီး။ ၎င်းတောမီးသည် ၂၀၁၁ ခုနှစ် မေလတွင် ကနေဒါနိုင်ငံ အယ်ဘာတာပြည်နယ်၌ လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ ၎င်းတောမီးကြောင့် သစ်တော ဧက ၁ ဒသမ ၇ သန်းခန့်လောင်ကျွမ်းပျက်စီးဆုံးရှုံးခဲ့သည်။
(၁၂) ၁၉၈၉ ခုနှစ် Manitoba တောမီး။ ၁၉၈၉ ခုနှစ် မေလနှင့်ဩဂုတ်လအတွင်း ကနေဒါနိုင်ငံ မန်နီတိုဘာ၌ တောမီးလောင်ကျွမ်းမှု ၁၁၄၇ ကြိမ်အထိဖြစ်ပွားခဲ့ရာ ဧက ၁ ဒသမ ၃ သန်းခန့်လောင်ကျွမ်းခဲ့သည်။ နေရာ ၃၂ နေရာမှ လူ ၂၄၅၀၀ ကို ကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ရသည်။ အထွေထွေကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၅၂ သန်းရှိခဲ့သည်။
နွေရာသီနှင့် တောမီးအန္တရာယ်
ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များသည် တောမီးလောင်ကျွမ်းမှုဖြစ်ပွားရသည့် အဓိကအကြောင်းရင်းများအနက်မှတစ်ခုပင်ဖြစ်သည်။ လက်ရှိအချိန်တွင် အလွန်အမင်းပူပြင်းမှုသည် လွန်ခဲ့သောနှစ်ပေါင်း ၁၅၀ ကထက် ငါးဆကျော်မြင့်တက်လာလျက်ရှိပြီး ကမ္ဘာကြီးပူနွေးမှုသည် ဆက်တိုက်မြင့်တက်လျက်ရှိသည်။ ပူပြင်းသောအပူရှိန်ကြောင့် သဘာဝပတ်ဝန်းကျင်ခြောက်သွေ့လာပြီး တောမီးလောင်ကျွမ်းမှု ပိုမိုဖြစ်ပွားစေလျက်ရှိသည်။ လွန်ခဲ့သော နှစ် ၂၀ ကျော်လောက်ကတည်းက တောမီးလောင်ကျွမ်းမှုများကြောင့် နှစ်စဉ်သစ်တောဖုံးလွှမ်းမှုဧရိယာ များစွာဆုံးရှုံးလျက်ရှိသည်။
အယ်လ်နီညိုဖြစ်စဉ်များကြောင့် ပူပြင်းခြောက်သွေ့မှုပိုမိုဖြစ်ပေါ်ကာ တောမီးလောင်ကျွမ်းမှုများဖြစ်ပေါ်နိုင်သည်။ ၂၀၂၃ ခုနှစ် ဇွန်လတွင်ဖြစ်ပေါ်ခဲ့သော အယ်လ်နီညိုဖြစ်စဉ်သည် မတ်လအတွင်း အင်အားအသင့်အတင့်ရှိသောအခြေအနေတွင် ဆက်လက်တည်ရှိနိုင်ကြောင်း နိုင်ငံတကာမိုးလေဝသဌာနက ထုတ်ပြန်ထားသည်။ ထို့ပြင် အပူလှိုင်းကျရောက်မှုများနှင့် ပူပြင်းခြောက်သွေ့မှုများသည် တောမီးလောင်ကျွမ်းမှုကို ပိုမိုဖြစ်ပွားစေနိုင်သည်။
တောမီးလောင်ကျွမ်းမှုများကြောင့် လေထုအတွင်းသို့ ကာဗွန်ဒိုင်အောက်ဆိုက်အပါအဝင် အမှုန်အမွှားများပျံ့နှံ့စေသဖြင့် ကောင်းကင်ပြင်သည် မြူခိုးအမှုန်အမွှားများဖြင့် လွှမ်းမိုးကာ လေထုအရည်အသွေးကျဆင်းပြီး လေထုညစ်ညမ်းမှုကြောင့် သက်ရှိသတ္တဝါများ၏ ကျန်းမာရေးကိုဆိုးရွားစွာ ထိခိုက်စေနိုင်သည်။
နွေရာသီတွင် တောမီးလောင်ကျွမ်းမှုကာကွယ်နိုင်ရေးအတွက် မီးတားလမ်းများ ဖောက်လုပ်ထားခြင်း၊ ခြောက်သွေ့သည့်နေရာများတွင် မီးစွဲနေသော ဆေးလိပ်တိုများ စည်းမဲ့ကမ်းမဲ့ပစ်သည့် လုပ်ရပ်မျိုးကို ရှောင်ရှားခြင်း၊ မြက်ခြောက်များ၊ အမှိုက်များကို မီးရှို့မှုကိုရှောင်ရှားခြင်း၊ မီးဘေးအန္တရာယ်သတိပေးဆိုင်းဘုတ်များ တပ်ဆင်ထားခြင်း၊ တောမီးရှို့သူများကို ပြင်းထန်စွာအရေးယူခြင်း၊ ပညာပေးခြင်းစသည့် ကြိုတင်တားဆီးမှုများလုပ်ဆောင်သွားရန် လိုအပ်ပေသည်။ လူတစ်ဦးချင်းစီအနေဖြင့်လည်း မီးအသိ၊ မီးသတိရှိသင့်ပေသည်။
မြန်မာနိုင်ငံတွင် မိုးအကုန်ဆောင်းအကူးအချိန်တွင် ပေါ့ဆမှုကြောင့် မီးဘေးအန္တရာယ် မကြာခဏကြုံတွေ့ရသည်။ အစိုဓာတ်ခန်းခြောက်သည့် အချိန်တွင် နိုင်ငံတစ်ဝန်းကြုံတွေ့ရတတ်သည့် သဘာဝဘေးတစ်ခုသည် မီးဘေးအန္တရာယ်ပင်ဖြစ်သည်။ တောမီးလောင်ခြင်းများအပါအဝင် ကျေးရွာကြီးများ၊ လူနေထူထပ်သောမြို့ကြီးများတွင် အကြောင်းအမျိုးမျိုးကြောင့် မီးလောင်မှုများကြုံတွေ့ရတတ်သည်။ မီးလောင်မှုအများဆုံးသည် ပေါ့ဆမှုကြောင့်ဖြစ်သည်။ ထို့ကြောင့် နွေရာသီတွင် တောမီးလောင်ကျွမ်းမှုအပါအဝင် မီးဘေးအန္တရာယ်ကာကွယ်နိုင်ရေးအတွက် အဘက်ဘက်မှ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်သည်။
တောမီးလောင်ကျွမ်းမှုကာကွယ်ခြင်းသည် လေထုအရည်အသွေးသန့်စင်စေခြင်း၊ ဂေဟစနစ် ထိန်းသိမ်းထားနိုင်ခြင်း၊ အရင်းအမြစ်များကာကွယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိစေနိုင်သည်။ ထို့ပြင် သစ်တောသစ်ပင်များကို ထိန်းသိမ်းကာကွယ်နိုင်ခြင်းအားဖြင့် ကမ္ဘာကြီးပူနွေးလာမှုကို လျော့ကျစေနိုင်မည့်အပြင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။ ထို့ကြောင့် လူနှင့်တိရစ္ဆန်များ ကျန်းမာသက်ရှည်စွာနေထိုင်နိုင်ရေးအတွက် နွေရာသီတွင် ဖြစ်ပွားတတ်သည့် တောမီးအန္တရာယ်ကို အထူးဂရုပြုသွားစေလိုပါသည်။ ။
ကိုးကား-
(၁) Top 12 Largest Wildfires in History | Earth.Org
(၂) New Data Confirms: Forest Fires Are Getting Worse | World Resources Institute (wri.org)
(၃) en.wikipedia.org