Skip to main content

တောင်သူလိုအင်ဖြည့်ဆည်းဖို့ သမဝါယမစနစ်ဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်စို့

K ဇင်သစ်(မန်းတက္ကသိုလ်)

ခေတ်စနစ်များ ပြောင်းလဲလာသည်နှင့်အမျှ ကျေးလက်နေတောင်သူများ၏ လယ်ယာလုပ်ငန်းခွင်ဆောင်ရွက်နေမှုများကလည်း ခေတ်မီလာပြီဟုဆိုချင်ပါသည်။ ယခင်အချိန်များက မိရိုးဖလာ ကျွဲ၊ နွားများဖြင့် ထွန်ယက်စိုက်ပျိုးခဲ့ကြရာမှ ယနေ့ခေတ်ဆိုလျှင် လယ်ယာသုံးစက်ကိရိယာများသုံးစွဲကာ စိုက်ပျိုးလုပ်ကိုင်နေကြသည်ကို တွေ့မြင်နေရပါသည်။ လယ်ယာလုပ်သားရှားပါးမှု၊ အချိန်ကုန်သက်သာမှု၊ ကွက်ပြည့်စိုက်ပျိုးနိုင်မှု၊ အထွက်နှုန်းတိုးတက်မှု၊ ရိတ်သိမ်းချိန်လွန် အလေအလွင့်နည်းပါးမှုစသည့် ကောင်းကျိုးများကို သိရှိလာကြသော တောင်သူများအနေဖြင့် ခေတ်မီလယ်ယာသုံးစက်ကိရိယာများ ဝယ်ယူအသုံးပြုလာမှုသည် ပစ္စက္ခကာလများအတွင်း များပြားလာသည်မှာ ငြင်းဖွယ်မရှိပါ။

ယင်းသို့ လယ်ယာသုံးစက်ကိရိယာများကိုအသုံးပြုကြရာတွင် အချို့တောင်သူများသည် တစ်ဦးချင်းပိုင်ဝယ်နိုင်ကြသလို အချို့မှာစုပေါင်း၍ ဝယ်ချင်နေကြကြောင်း သိရှိရပါသည်။ တောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို ဝယ်ချင်နေသော်လည်း ဝယ်နိုင်ခွင့်နည်းပါးနေ ကြသည်ကအမှန်ပါ။ လယ်ထွန်စက်တစ်စီးလျှင် ကျပ်သိန်း ၅၀၀-၆၀၀ ခန့်၊ ရိတ်သိမ်းခြွေလှေ့စက်တစ်စီးလျှင် ကျပ်သိန်း ၁၀၀၀ ဝန်းကျင် ပေါက်ဈေးရှိနေ၍ တောင်သူများအတွက် အခက်တွေ့နေသည်မှာ မြေပြင်တွင် အမှန်ဖြစ်နေပါသည်။ အချို့ကလက်ငင်းငွေချေစနစ်ဖြင့် ဝယ်ယူလိုသော်လည်း တောင်သူစိတ်ကြိုက်ထွန်စက်များက ဈေးကွက်မှာ ပစ္စည်းပြတ်၍ဝယ်မရ။ အချို့ကျပြန်တော့လည်း အသုံးပြုလိုသည့်ထွန်စက်ကြီး ဝယ်၍ရနေသော်လည်း ငွေကြေးအရင်းအနှီးက လုံလောက်မှုမရှိဖြစ်နေကြသည်။ ထိုထိုသော တောင်သူလိုအင်များကို ဖြည့်ဆည်းပေးနိုင်ရန် သမဝါယမလယ်ယာဝန်ဆောင်မှု အထောက်အကူပြုအသင်းများက ကူညီဖော်ဆောင်ပေးနေသည်ဟုကြားသိရ၍ ဝမ်းသာနေမိပါသည်။

သို့ဆိုရာ သမဝါယမက ဘာတွေလုပ်ပေးနေသလဲဟု စောကြောမိပြန်သည်။ သမဝါယမအသင်းများပိုင် လယ်ယာသုံးစက်ကိရိယာများဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခု၊ ၁၃၂ မြို့နယ်တွင် သမဝါယမအသင်းပိုင် ထွန်စက် ၄၅၂ စီး၊ ရိတ်သိမ်းခြွေလှေ့စက် ၁၁၂ စီး၊ ကောက်စိုက်စက် ၂၄ စီး၊ မျိုးစေ့ချစက်အစီး ၄၀ တို့ဖြင့် သီးနှံများ ရာသီအချိန်မီ စိုက်ပျိုးနိုင်ရေးနွေ၊ မိုး၊ ဆောင်း အချိန်မရွေး လယ်ယာဝန်ဆောင်မှုပေးနေသဖြင့် မြေပြင်ရှိ လယ်ယာလုပ်ငန်းခွင်များမှ တောင်သူများ လက်တွေ့ခံစားနေကြရပါသည်။

လယ်ယာသုံးစက်ကိရိယာ ဝယ်ယူသုံးစွဲခွင့်

သမဝါယမအသင်းပိုင် လယ်ယာသုံးစက်ကိရိယာများဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ပေးသလို မိမိတို့တစ်ဦးချင်းပိုင်အနေဖြင့် ဝယ်ယူလိုသူများကိုလည်း အသင်းသား တောင်သူတစ်ဦးချင်း စိတ်ကြိုက်ဝယ်ယူခွင့်ရရှိနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိနေခြင်းကြောင့် စက်ဝယ်ယူလိုသူ တောင်သူများက သမဝါယမဦးစီးဌာနသို့ စုံစမ်းမေးမြန်းမှုများရှိနေကြသည်ဟု ကြားသိရပါသည်။ (၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမ လယ်ယာဝန်ဆောင်မှု သရုပ်ပြရှင်းလင်းပွဲများကို နေပြည်တော်တွင် လေးကြိမ်နှင့် မန္တလေးတိုင်းဒေသကြီးတွင် တစ်ကြိမ်ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် တောင်သူများလိုအပ်သော လယ်ယာ သုံးစက်ကိရိယာ ဝယ်ယူသုံးစွဲခွင့်ရရှိရေး အစိုးရ-တောင်သူ-စက်ရောင်းကုမ္ပဏီတို့ ဝိုင်းဝန်းညှိနှိုင်း ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း၏ ရလဒ်ကောင်းဟု ဆိုချင်ပါသည်။

လုံလောက်သော အရင်းအနှီးမရှိသေးသော်လည်း စက်ပိုင်ရှင်ဖြစ်ရန်အခွင့်ကောင်းကို တောင်သူများ ဆုပ်ကိုင်နိုင်ရန် သမဝါယမဦးစီးဌာနအနေဖြင့် စက်ဝယ်ယူလိုသည့် တောင်သူများအား ယင်းတို့နေထိုင်ရာကျေးရွာရှိ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းများသို့ အသင်းသားအဖြစ် ပါဝင်စေခြင်း၊ အသင်းမဖွဲ့ရသေးသည့် ကျေးရွာများမှလုပ်ချင်ကိုင်ချင်စိတ်ရှိ၍ စိတ်ဆန္ဒတူသူ တောင်သူများအား လယ်ယာဝန်ဆောင်မှုသမဝါယမအသင်း ဖွဲ့စည်းပေးခြင်း၊ ၎င်းတို့လိုအပ်သော စက်ကိရိယာများကို စက်ရောင်းကုမ္ပဏီများနှင့် ချိတ်ဆက်ပေးခြင်း၊ လယ်ယာသုံးစက်ကိရိယာများအတွက် နှစ်ရှည်အရစ်ကျပေးဆပ်စနစ်ဖြင့် JICA (နှစ်ဆင့် ချေးငွေ) Two Step Loan ရရှိနိုင်ရေး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိနေခြင်းက သမဝါယမဆိုသည့် အဓိပ္ပာယ်နှင့်အညီ အတူတကွ ပူးပေါင်းဆောင်ရွက်ပေးနေခြင်းကို ပုံဖော်နေခြင်းဟု ဆိုချင်ပါသည်။ ယင်းသို့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ၁-၃-၂၀၂၄ ရက်နေ့အထိ ဖော်ပြပါဇယားအတိုင်း တောင်သူများလိုအပ်သော ထွန်စက် ၂၁ စီး၊ ရိတ်သိမ်းခြွေလှေ့စက်ကိုးစီး၊ ဆက်စပ်ပစ္စည်းငါးခုတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်-

စက်မောင်းကျွမ်းကျင်နှင့် စက်ပြင်သင်တန်းများ

သမဝါယမဦးစီးဌာနအနေဖြင့် စက်ကိရိယာဝယ်ယူခွင့်ရရှိသော တောင်သူများနှင့် စက်ကို မောင်းနှင်အသုံးပြုမည့်သူများအတွက် “စက်မောင်းကျွမ်းကျင်နှင့် စက်ပြင်သင်တန်း”များကိုလည်း စက်မှုလယ်ယာဦးစီးဌာနနှင့် ချိတ်ဆက်ညှိနှိုင်း၍ ဖွင့်လှစ်ပေးသွားမည်ဟု သိရှိရသဖြင့် တောင်သူလိုအင်ကို သမဝါယမက တတ်စွမ်းသမျှ ဖြည့်ဆည်းဆောင်ရွက်ပေးနေသည်ဟု မှတ်ယူရမည်ဖြစ်ပေသည်။

After Sale Service အပိုင်းကိုလည်း သက်ဆိုင်ရာစက်ရောင်းကုမ္ပဏီများက တာဝန်ယူဆောင်ရွက် ပေးလျက်ရှိပြီး အဆိုပါကုမ္ပဏီများအနေဖြင့်လည်း တောင်သူလိုအပ်သော စက်ကိရိယာများကို Stock လက်ကျန်အပေါ်မူတည်ပြီး ချက်ချင်းဆောင်ရွက်ပေးနိုင်မှု၊ တောင်သူလိုချင်သော်လည်း ထပ်မံတင်သွင်းရမည့် စက်ကိရိယာများကို အမြန်ဆုံးတင်သွင်း၍ ဖြည့်ဆည်းဆောင်ရွက်နိုင်မှုတို့ကို အားကြိုးမာန်တက် ဆောင်ရွက်ပေးလျက်ရှိနေပါသည်။

ကျပ်သိန်း ၇၀၀ တန်ထွန်စက်၊ ကျပ်သိန်း ၁၀၀၀ တန် ရိတ်သိမ်းခြွေလှေ့စက်ကိုဝယ်ယူရန် သမဝါယမက ဘာတွေလုပ်ပေးမှာလဲဆိုသည့် မေးခွန်းကရှေ့တန်းရောက်လာပါသည်။ အသင်းသား တောင်သူတစ်ဦးသည် ကျပ် ၇၉၆ သိန်းတန်ဖိုးရှိ ဂျွန်ဒီးယား 55 HP ကို ဝယ်ယူမည်ဆိုကြပါစို့။ အသင်းသားက ယင်းငွေကို တစ်လုံးတစ်ခဲတည်းမပေးချေနိုင်။ မိမိအမည်ပေါက်ပုံစံ(၇)ကလည်း ၁၀ ဧကမရှိလျှင် မိသားစု၊ ဆွေမျိုးသားချင်းများနှင့်သမဝါယမအသင်းဖွဲ့၍ ယင်းအသင်းသားများ၏ လယ် ၁၀ ဧက ပြည့်မီအောင် ညှိနှိုင်းပေါင်းစပ်ပေးပါသည်။ အကယ်၍ ပုံစံ(၇)ပိုင်ဆိုင်မှု တစ်ဦးတည်း အမည်ပေါက် ၁၀ ဧကရှိလျှင် ထိုသူကို စက်ရောင်းကုမ္ပဏီနှင့်ချိတ်ဆက်ပြီး တောင်သူစိတ်ကြိုက် အဆိုပါထွန်စက်ကို ဝယ်ယူနိုင်မည်ဖြစ်ပါသည်။

ယင်းသို့ဝယ်ယူရာတွင် တောင်သူအနေဖြင့် ချေးငွေပမာဏ၏ ၃၀ ရာခိုင်နှုန်းနှင့် ညီမျှသောငွေကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် စုဆောင်းအပ်နှံထားခြင်းနှင့် အာမခံအဖြစ် ၁၀ ဧက အမည်ပေါက် ပုံစံ(၇)ကို ဘဏ်သို့အပ်နှံထားရမည်ဖြစ်ပါသည်။ ဘဏ်ကလည်း တောင်သူဝယ်ယူသွားသော စက်တန်ဖိုးကို သက်ဆိုင်ရာစက်ရောင်းကုမ္ပဏီသို့ ထုတ်ပေးနိုင်ရေး သမဝါယမကလိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ ဘဏ်အနေဖြင့် ချေးငွေသတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိသော JICA နှစ်ဆင့်ချေးငွေများကို တစ်ဦးချင်းဆိုလျှင် ကျပ်သိန်း ၇၀၀ အထိလည်းကောင်း၊ အစုအဖွဲ့ဆိုလျှင် ကျပ်သိန်း ၅၀၀၀ အထိလည်းကောင်း ထုတ်ချေးပေးပြီး ချေးငွေအပေါ် တစ်နှစ်လျှင် ငါးရာခိုင်နှုန်းအတိုးရယူခြင်းနှင့် တောင်သူစုဆောင်းအပ်နှံငွေအပေါ်တွင် တစ်နှစ်လျှင် ငါးရာခိုင်နှုန်း အတိုးပေးလျက်ရှိကြောင်း သိရပါသည်။

ချေးငွေကာလ ငါးနှစ်အထိ ရယူနိုင်

စက်ဝယ်ယူရရှိပြီးသော တောင်သူအနေဖြင့် တစ်နှစ်လျှင်တစ်ကြိမ် ဘဏ်ကသတ်မှတ်ထားသည့် ပမာဏကို ပေးသွင်းရမည်ဖြစ်ပြီး ချေးငွေကာလ ငါးနှစ်အထိရယူနိုင်ပါသည်။ ထွန်ယက်၊ ရိတ်သိမ်းခြင်းမှရငွေများဖြင့် ဘဏ်သို့ အရစ်ကျပေးဆပ်ရမည်ဖြစ်ပြီး ဝင်ငွေကောင်းသဖြင့် သတ်မှတ်ကာလထက်စော၍ ပြန်လည်ပေးဆပ်မည်ဆိုပါကလည်း ဆပ်နိုင်ပါသည်။

စက်ရောင်းကုမ္ပဏီများဘက်မှလည်း သမဝါယမလယ်ယာဝန်ဆောင်မှု အသင်း/အသင်းသားများအတွက် ဘဏ်နှင့်ချိတ်ဆက်ခြင်းမဟုတ်ဘဲ သက်ဆိုင်ရာကုမ္ပဏီနှင့် တိုက်ရိုက်ချိတ်ဆက်ဝယ်ယူလိုပါက စက်တန်ဖိုး ၅၀ ရာခိုင်နှုန်းကို လက်ငင်းပေးချေပြီး ကျန် ၅၀ ရာခိုင်နှုန်းကို တစ်နှစ်နှစ်ကြိမ်ခွဲ၍ အရစ်ကျပေးဆပ်နိုင်အောင် သမဝါယမက ကြားဝင်ကူညီချိတ်ဆက်ပေးလျက်ရှိပါသည်။ စက်ဝယ်ယူလိုသူ တောင်သူများ၏ တင်ပြချက်အရ စက်ကိရိယာအမျိုးအစားပေါ်တွင် စွဲလမ်းမှုကြီးနေသည်ကိုလည်း တွေ့ရပါသည်။ ပမာဆိုရလျှင်ကူဘိုတာ 60HP နှင့်အထက် ထွန်စက်ကိုရမှပဲ ဝယ်လိုကြသည်များလည်းရှိကြရာ သက်ဆိုင်ရာကုမ္ပဏီအနေဖြင့်လည်း ပြည်ပနိုင်ငံမှ တင်သွင်းရမည့် အခြေအနေဖြစ်သည့်အတွက် လတ်တလောမရနိုင်သေးကြောင်း ရှင်းပြသော်လည်း ကူဘိုတာမှကူဘိုတာအစွဲရှိနေကြသူများအတွက် လအနည်းငယ်စောင့်ဆိုင်းရမည့်အနေအထားဖြစ်ကြောင်း သိရှိရပါသည်။ စက်မှုလယ်ယာကူးပြောင်းရေး၊ ရာသီသီးနှံအချိန်မီစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်း ပြည့်မီနိုင်ရေးတို့အတွက် တောင်သူလိုအပ်သော လယ်ယာသုံးစက်ကိရိယာများကို ဦးစားပေးတင်သွင်းရောင်းချပေးနိုင်ရေးကို ဆောင်ကြဉ်းပေးသင့်ပါကြောင်း အကြံပြုအပ်ပါသည်။

သမဝါယမလယ်ယာဝန်ဆောင်မှု သရုပ်ပြပွဲများတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကျေးရွာနေတောင်သူများအနေဖြင့် စိုက်ပျိုးရေလုံလောက်စွာရရှိသည့် နေရာများတွင် မိုးသီးနှံအပြီး ဆောင်းသီးနှံ၊ ဆောင်းသီးနှံအပြီး နွေသီးနှံ၊ သီးထပ်သုံးသီး စိုက်ပျိုးနိုင်ပါက တစ်မိသားစုချင်း ဝင်ငွေများတိုးပွားလာမည်ဖြစ်သည့်အတွက် ဒေသနှင့်ကိုက်ညီသည့် သီးနှံများကို တိုးချဲ့စိုက်ပျိုးကြပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့် စိုက်ပျိုးရေးနည်းစနစ်များအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထွန်ယက်ခြင်း၊ ရိတ်သိမ်းခြင်းတို့အတွက် လိုအပ်သော ထွန်စက်၊ အစေ့ချစက်နှင့် ရိတ်သိမ်းခြွေလှေ့စက်များ အသုံးပြုရန်လိုအပ်ပါကြောင်း၊ အဆိုပါစက်များကို တစ်ဦးချင်းတစ်ယောက်ချင်း ဝယ်ယူအသုံးပြုနိုင်ခြင်းမရှိပါက အသင်းအဖွဲ့အနေဖြင့် စုဖွဲ့ဝယ်ယူနိုင်ရေး ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သမဝါယမဦးစီးဌာနတို့ပူးပေါင်းပြီး သက်သာသောအတိုးနှုန်းဖြင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လမ်းညွှန်ပြောကြားမှုများကလည်း တောင်သူလိုအင်၊ လိုအပ်ချက်များကို သမဝါယမကဏ္ဍမှ တစ်ဖက်တစ်လမ်းကူညီ ပံ့ပိုးပေးနေမှုများဟု မှတ်ယူရမည်ဖြစ်ပေသည်။

အချုပ်အားဖြင့်ဆိုရလျှင် လယ်ယာဝန်ဆောင်မှုအထောက်အကူပြု သမဝါယမအသင်းများအနေဖြင့် ကျေးလက်နေတောင်သူများ ရာသီသီးနှံများကို အချိန်မီစိုက်ပျိုးနိုင်ရေး၊ စုပေါင်းထွန်ယက်၊ စုပေါင်းစိုက်ပျိုး၊ စုပေါင်းရိတ်သိမ်းနိုင်ရေး လယ်ယာသုံးစက်ကိရိယာများဖြင့် လယ်ယာဝန်ဆောင်မှုများ ဆောင်ကြဉ်းပေးနေခြင်းအပြင် ယခုကဲ့သို့ တောင်သူစိတ်ကြိုက် လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူရရှိနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးခြင်းကို နိုင်ငံတစ်ဝန်းတိုးချဲ့လုပ်ဆောင်ပေးခြင်းဖြင့် မြန်မာ့လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာခြင်း၊ စက်မှုလယ်ယာစနစ်များ ကျယ်ပြန့်လာခြင်း၊ လယ်ယာထုတ်ကုန်သီးနှံများ တိုးမြှင့်ထုတ်လုပ်လာနိုင်ခြင်း၊ ပြည်တွင်းစားသုံးမှုဖူလုံပြီး ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့လာနိုင်ခြင်းနှင့် သီးနှံအထွက်နှုန်းတိုးလာခြင်းကြောင့် တောင်သူများ ဝင်ငွေတိုးပွားလာကာ ယင်းတို့၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်နေမိပါတော့သည်။ ။