နိုင်ငံသားတစ်ဦး၏ တာဝန်ကျေပွန်ဖို့ နိုင်ငံတော်ကာကွယ်ရေးတာဝန် ပါဝင်ထမ်းဆောင်ကြပါစို့
မောင်သောင်းဝင်း(တမန်ဟောင်း)
စင်စစ်အားဖြင့် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ အခြေခံစိတ်ဓာတ်သည် နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လိုသော စိတ်ဆန္ဒများရှိကြပါသည်။ တည်ငြိမ်အေးချမ်းမှုရှိနေမှသာလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူ့ဘဝလုံခြုံရေးအတွက် ကာကွယ်ရေးအင်အားတောင့်တင်းရန် လိုအပ်ပေသည်။ နိုင်ငံတစ်နိုင်ငံတွင် ရိုသေခံ့ညားလောက်သည့် ကာကွယ်ရေးအင်အားရှိနေမှသာလျှင် ပြည်တွင်း၊ ပြည်ပအဖျက်သမားများနှင့် လက်နက်ကိုင်အကြမ်းဖက်သမားများကို ဟန့်တားချေမှုန်းနိုင်မည်ဖြစ်သည်။
ဝေဖန်ထိုးနှက်
လက်ရှိအချိန်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည် အသက်ဝင်လာသည့်ကိစ္စနှင့်စပ်လျဉ်း၍ ပြည်သူများအကြားတွင် ထင်ကြေးအမျိုးမျိုးပေးကာ ပြောဆိုဝေဖန်လျက်ရှိကြသည်။ အစိုးရ၏ အပြုသဘောဆောင်သောကြိုးပမ်းဆောင်ရွက်မှုများကို အမြဲတစေဝေဖန်တိုက်ခိုက် လျက်ရှိသည့် ပြည်တွင်း၊ ပြည်ပမှ အကြမ်းဖက်အားပေးမီဒီယာများကလည်း လူငယ်များနှင့် မိဘများ ထိတ်လန့်စိုးရိမ်မှုဖြစ်အောင် ဝါဒဖြန့်ထုတ်လွှင့်ရေးသားလျက်ရှိကြသည်။ သို့သော် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်ရှိသော ပြည်သူများသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသိအမှတ်ပြု ထောက်ခံလျက်ရှိကြသည်။
ယခင်ကတည်းက ပြဋ္ဌာန်းထား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို အရေးပေါ်အသစ်ပြဋ္ဌာန်းလိုက်ခြင်းမဟုတ်ပေ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ၁၉၅၉ ခုနှစ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းထားခဲ့သည်။ ထို့နောက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၁၉၅၉ ခုနှစ် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြန်လည်ပြင်ဆင်သတ်မှတ်ခဲ့သည်။ ဆိုရလျှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက် နေ့မှစ၍ ပြည်သူ့စစ်မှုထမ်းဥပဒေအာဏာတည်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ တိုင်းပြည်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပကတိအခြေအနေအရ နိုင်ငံသားတိုင်း မိမိအဝန်းအဝိုင်းကို ကာကွယ်စောင့်ရှောက်သွားလိုသော စိတ်ဓာတ်ကိန်းအောင်းလာစေရန်ပင်ဖြစ်သည်။ စင်စစ်အားဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို မြန်မာနိုင်ငံတွင်သာ ပြဋ္ဌာန်းနေခြင်းမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံများစွာ တွင်လည်း ကျင့်သုံးလျက်ရှိသည်။
စနစ်တကျ စုဖွဲ့ပြင်ဆင်လေ့ကျင့်
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့စပ်လျဉ်း၍ ပြည်ဖျက်မီဒီယာများ၏ လှုံ့ဆော်ရေးသားထုတ်လွှင့်မှုများကြောင့် လူငယ်များနှင့် မိဘများ စိုးရိမ်ပူပန်မှု မြင့်တက်လျက်ရှိသည်။ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်းဥပဒေ၌ အကျုံးဝင်သည့် အမျိုးသား ၆ ဒသမ ၃ သန်းကျော်၊ အမျိုးသမီး ၇ ဒသမ ၇ သန်းကျော် စုစုပေါင်း ၁၃ သန်းခန့်ရှိသည်။ သို့ရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းများကို ခေါ်ယူရာတွင် အမျိုးသမီးများကို လတ်တလောခေါ်ယူရန် အစီအစဉ်မရှိသေးသဖြင့် အမျိုးသားဦးရေ ၆ သန်း ကျော်ထဲကမှ တစ်ရာခိုင်နှုန်း ခြောက်သောင်းခန့်သာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင် ရမည်ဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင်လည်း စနစ်တကျခေါ်ယူသွားမည်ဖြစ်ပြီး ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် အသက်အရွယ်အကျုံးဝင်သည့်တိုင်အောင် ပညာဆုံးခန်းတိုင်အောင် ဆက်လက်သင်ကြားခွင့်ရရှိမည်ဖြစ်သည်။ အလားတူ နိုင်ငံခြားတွင် ပညာသင်ကြားနေသူများသည်လည်း ပညာဆုံးခန်းတိုင်အောင် ဆက်လက်သင်ကြားခွင့်ရရှိမည် ဖြစ်သည်။
ထို့ပြင် စစ်မှုထမ်းဥပဒေအရ တာဝန်ထမ်းဆောင်ရာတွင်လည်း သတ်မှတ်ထားသော လစာနှုန်းထား၊ ရိက္ခာ၊ ခံစားခွင့်များ ရရှိမည်ဖြစ်သည်။ ထိုသို့တာဝန်ပေးအပ်နိုင်ရေးအတွက် စနစ်တကျ လေ့ကျင့်မှု(Well Train)၊ စနစ်တကျစုဖွဲ့မှု (Well Organization)၊ စနစ်တကျပြင်ဆင်မှု (Well Prepare)များ လုပ်ဆောင်သွားမည်ဖြစ်သည်။ လူငယ်များ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းကြံ့ခိုင်မှုဖြင့် ခံယူချက်ပြည့်ဝလာစေရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ စစ်ပညာရပ်များ၊ ကာကွယ်ရေးပညာရပ်များ သင်ကြားပေးခြင်းအားဖြင့် လူငယ်များသည် မိမိကိုယ်ကို ယုံကြည်စိတ်၊ မိမိအဖွဲ့အစည်းအပေါ် ယုံကြည်စိတ်၊ မိမိလူမျိုးနှင့် မိမိနိုင်ငံအပေါ် ယုံကြည်စိတ်များ မြင့်တက်လာမည်ဖြစ်သည်။
ပူးပေါင်းဆောင်ရွက်ရန်လို
လက်ရှိအချိန်တွင် ကမ္ဘာ့အင်အားကြီးနိုင်ငံတချို့သည် ကာကွယ်ရေးအင်အားချည့်နဲ့သော နိုင်ငံငယ်များကို လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အကြောင်းပြချက်များဖြင့် စစ်ဆင်ရေးများဆင်နွှဲပြီး ၎င်းတို့မနှစ်သက်သည့် အစိုးရများကိုဖြုတ်ချကာ ရုပ်သေးအစိုးရများ တင်မြှောက်လျက် ကြိုးကိုင်ခြယ်လှယ်လေ့ရှိကြသည်။ ထို့ကြောင့် တိုင်းပြည်ကာကွယ်ရေးအင်အား တောင့်တင်းနေမှသာလျှင် ပြည်တွင်းရှိ အကြမ်းဖက်သမားများနှင့် ပြည်ပမှ ဝင်ရောက်စွက်ဖက်လိုသူများကို ဟန့်တားနိုင်စွမ်းရှိမည်ဖြစ်သည်။ ထိုသို့ ကာကွယ်ရေးအင်အားတောင့်တင်းရန်သည် ပြည်သူအားလုံး၏ ပူးပေါင်းဆောင်ရွက်မှုများစွာ လိုအပ်လျက်ရှိသည်။
ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိ
လက်ရှိအချိန်တွင် တချို့သော EAOs များနှင့် PDF များသည် တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ထိပါးနှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်ကို ပြည်သူအားလုံးအသိပင်ဖြစ်သည်။ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ မြို့/ရွာတချို့တွင် သောင်းကျန်းသူများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများသည် ပညာသင်ယူခွင့် လက်လွှတ်ဆုံးရှုံးရလျက်ရှိသည်။ ထို့ပြင် အကြမ်းဖက်သောင်းကျန်းသူများသည် ပြည်ထောင်စုကြီး ပြိုကွဲပျက်စီးရန်နှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကိုပါ ထိပါးစော်ကားသည့်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိကြသည်။ ဆိုရလျှင် သောင်းကျန်းသူအဖျက်သမားများ၏ လုပ်ရပ်များကြောင့် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူများစွာ ထိခိုက်နစ်နာလျက်ရှိသည်။
စင်စစ်အားဖြင့် နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကိုစောင့်ထိန်းရန် တာဝန်ရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၌ အတိအလင်းပြဋ္ဌာန်းထားသည်။ ထို့ပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည်ဟူသောအချက်နှင့် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြား ရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟူသည့်အချက်တို့ ပြဋ္ဌာန်းပါရှိသည်။
အကျိုးကျေးဇူးများစွာ
လူငယ်များသည် ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ခြင်းအားဖြင့် နိုင်ငံတော်ကာကွယ်နိုင်သည့် အသိပညာ အတတ်ပညာများ တတ်မြောက်ခြင်း၊ အဖွဲ့အစည်းနှင့် လုပ်တတ်ကိုင်တတ်သည့်စိတ်ဓာတ် (Team Work, Team Spirit) များရရှိခြင်း၊ မျိုးချစ်စိတ်ဓာတ်ရှိသူအချင်းချင်း၊ နိုင်ငံချစ်စိတ်ရှိသူအချင်းချင်း၊ မိတ်ဆွေအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ စည်းကမ်းလိုက်နာလိုသည့်စိတ်စသည့် စွမ်းရည်စွမ်းအားများ တိုးတက်လာစေမည်ဖြစ်သည်။ အထူးသဖြင့် မိမိနိုင်ငံကို ကာကွယ်နိုင်သည်ဆိုသော ယုံကြည်မှု၊ မိမိကိုယ်ကိုကာကွယ်နိုင်သည်ဆိုသော ယုံကြည်မှု၊ မိမိမိသားစုကို ကာကွယ်နိုင်သည်ဆိုသော ယုံကြည်မှု၊ မိမိလူမျိုးကိုကာကွယ်နိုင်သည်ဆိုသော ယုံကြည်မှုများ ရှိလာမည်ဖြစ်သည်။
နိုင်ငံသားတစ်ဦး၏တာဝန်ကျေပွန်ဖို့
တိုင်းပြည်အတွင်းရှိသည့် နိုင်ငံ့စွမ်းအားစုအားလုံး ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် တစ်ခုတည်းသောနည်းလမ်းသည် အမျိုးသားစစ်မှုထမ်းစနစ် (National Service) ပင်ဖြစ်သည်။ အမျိုးသားစစ်မှုထမ်းစနစ်သည် နိုင်ငံတော်လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်ဆောင်ရွက်ရသည့်စီမံချက် (Long Term Plan)တစ်ခုပင်ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံတော်၏စီးပွားရေးစွမ်းအား (Economic Might)နှင့် ကာကွယ်ရေးစွမ်းအား (Military Might)တို့ ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန် လိုအပ်ပေသည်။
စင်စစ်အားဖြင့် နိုင်ငံသားတိုင်းသည် ပြည်တွင်း၊ ပြည်ပအဖျက်သမားများ၏ အန္တရာယ်ကို အစဉ်အမြဲ ကာကွယ်စောင့်ရှောက်လျက်ရှိသည့် တပ်မတော်ကို အားဖြည့်ကူညီပေးရန် လိုအပ်သည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းနေမှသာလျှင် ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်နိုင်ကြမည်ဖြစ်သည်။ ပြည်သူလူထုတစ်ရပ်လုံးသည် တပ်မတော်နှင့်အတူ တိုင်းပြည်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်သွားရန် လိုအပ်သည်။
ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ အခွင့်အရေး၊ တာဝန်နှင့် ဝတ္တရားများအရသော်လည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရသော်လည်းကောင်း၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်အရသော်လည်းကောင်း နိုင်ငံတော်ကာကွယ်ရေးတွင် ပါဝင်ထမ်းဆောင်ကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။