Skip to main content

ပြည်တွင်းစားသုံးဆီဖူလုံဖို့ နေကြာတိုးချဲ့စိုက်ပျိုးစို့

မြတ်လေးငုံ(စိုက်ပျိုးရေး)

တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများအနက် မြန်မာနိုင်ငံသည် ဆန်နှင့် ဆီစားသုံးမှု အများဆုံးသော နိုင်ငံဖြစ်သည်။ မြန်မာလူမျိုးများသည် စားသုံးဆီကို နေ့စဉ်ချက်ပြုတ်သည့် ဟင်းလျာတိုင်း၌ ထည့်သွင်းအသုံးပြုသည့်အပြင် ထမင်းဖြူထဲတွင် ဆီနှင့်ဆားရောနယ်ပြီး စားသုံးလေ့ရှိကြသည်။ စားသုံးဆီမှာ မီးဖိုချောင်သုံးပစ္စည်းများအနက် မရှိမဖြစ်အရေးပါသော ပစ္စည်းဖြစ်သည်။ မြေပဲဆီနှင့် နှမ်းဆီကို အဓိကစားသုံးဆီအဖြစ် စားသုံးလာရာ တိုးတက်လာသောလူဦးရေနှင့်အညီ စားသုံးဆီထုတ်လုပ်မှုကို တိုးမြှင့်ထုတ်လုပ်ရန် လိုအပ်လာသဖြင့် ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံကို ၁၉၇၀ ပြည့်နှစ်များ၌စတင်၍ ဆီထွက်နေကြာသီးနှံမျိုးများကို စိုက်ပျိုးလာခဲ့ကြသည်။

နေကြာအစေ့ထုတ်လုပ်မှုအများဆုံးနိုင်ငံ

နေကြာပင်သည် ရုက္ခဗေဒအရ မျိုးစု (Genus) Helianthus မှာ ပါဝင်ပြီး မျိုးကွဲပေါင်း ၆၇ ခုရှိသည့် အနက် ၁၇ မျိုးလောက်ကိုသာ စိုက်ပျိုးရေးအတွက် အရေးကြီးသောမျိုးစုများအဖြစ် သတ်မှတ်ထားကြသည်။ နေကြာ၏မူရင်းဒေသမှာ မြောက်အမေရိကတိုက်ဖြစ်ပြီး ဘီစီ ၃၀၀၀ ခန့်ကပင် ၎င်းဒေသတွင် နေထိုင်သော အင်ဒီးယန်းလူမျိုးများမှ စတင်စိုက်ပျိုးခဲ့ကြကြောင်း သိရှိရပေသည်။ နေကြာကို လူတို့စားသုံးရန်အတွက်သာမက တိရစ္ဆာန်စာအဖြစ်လည်း အသုံးပြုကြသည်။ နေကြာဟူသော အခေါ်အဝေါ် ပေါ်ပေါက်လာပုံမှာ ၎င်း၏ပန်းပွင့်ပုံသဏ္ဌာန်မှာ နေမင်းနှင့်တူပြီး အပွင့်နှင့် အရွက်များသည် နေရောင်ရှိရာဘက်သို့ အစဉ်မျက်နှာမူသဖြင့် ၎င်းအပင်ကို အနောက်တိုင်းသားများက “Sun Flower” နေရောင်ပန်းဟု ခေါ်ကြခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် နေကြာအများအပြားစိုက်ပျိုးသော နိုင်ငံများအနက် နေကြာအစေ့ထုတ်လုပ်မှုအများဆုံးနိုင်ငံမှာ ရုရှားနိုင်ငံဖြစ်ပြီး ယူကရိန်းနိုင်ငံသည် ဒုတိယအများဆုံးနှင့် ဥရောပသမဂ္ဂနိုင်ငံတို့သည် တတိယအများဆုံးထုတ်လုပ်သော နိုင်ငံများဖြစ်သည်။ ၂၀၂၃ ခုနှစ် ကိန်းဂဏန်းများအရ တစ်ကမ္ဘာလုံး၏ နေကြာစုစုပေါင်းအထွက်မှာ မက်ထရစ်တန် ၅၆ ဒသမ ၇ သန်းရှိကြောင်း သိရှိရသည်။

နေကြာမျိုးများအနေဖြင့် နေကြာကြီး၊ နေကြာလေး၊ ဆီထွက်နေကြာစသည်ဖြင့် မျိုးပေါင်းများစွာ ရှိပါသည်။ မြန်မာနိုင်ငံတွင် အဓိကအားဖြင့် အစေ့စားနေကြာနှင့် ဆီစားနေကြာတို့ကို အဓိကစိုက်ပျိုးကြသည်။ အစေ့စားနေကြာမှာ သက်လျင်မျိုးနှင့် သက်ကြီးမျိုးဟူ၍ အမျိုးအစားနှစ်မျိုးရှိသည်။ သက်လျင်မျိုး၏ အစေ့ခွံမှာ အသင့်အတင့်ထူ၍ အဆန်ပြည့်ဝပြီးအရောင်မှာ အညိုကြားအရောင်ရှိ ပါသည်။ အစေ့စားသက်ကြီးမျိုးမှာ အနက်ရောင်နှင့် အညိုရောင်ရှိပြီး အစေ့အလွန်သေးငယ်၍ အခွံပါးပြီး အဆန်ပြည့်ဝသည်ဟု သိရသည်။ ဆီပါဝင်မှု (၂၅%)မှ (၄၈%) ရှိသည်။ ဆီစားနေကြာမှာ ဆီပါဝင် မှု (၃၅%)မှ (၆၅%) ရှိသည်။ မြန်မာနိုင်ငံတွင် အထွက်ကောင်းမျိုးများဖြစ်ကြသည့် စပ်မျိုးနေကြာ၊ ရေဆင်းစပ်မျိုး-၁၊ မြန်မာနိုင်ငံ မျိုးစေ့ကော်မတီက အတည်ပြုထားသော နိုင်ငံခြားစပ်မျိုးများနှင့် OPV မျိုးဖြစ်သည့် ဆင်းရွှေကြာ- ၂ မျိုးများကို အဓိကစိုက်ပျိုးကြသည်။

စိုက်ပျိုးသင့်သော မြေအမျိုးအစားများ

နေကြာသည် မြေအမျိုးအစားအမျိုးမျိုးတွင် ပေါက်ရောက်နိုင်သော်လည်း သဲနုန်းမြေစေး၊ နုန်းမြေနှင့် သဲနုန်းမြေတို့တွင် စိုက်ပျိုးပါက အထူးသန်စွမ်းကောင်းမွန်သည်။ သဲမြေဆန်သည့် မြေနီသဲဝန်းနှင့် ရွှံ့စေးမြေတို့တွင် နေကြာပင်ကို မစိုက်ပျိုးသင့်ပေ။ မြေအချဉ်အငန်ဓာတ် (၆-၇) တို့သည် နေကြာစိုက်ပျိုးရန် အသင့်တော်ဆုံးဖြစ်သည်။ ဆားငန်မြေ၊ ဆပ်ပြာပေါက်မြေများတွင် စိုက်ပျိုးပါက အပင်ကြီးထွားမှုနှင့် ဆီပါဝင်မှုကို ထိခိုက်နိုင်ပေသည်။ နေကြာသည် အပူချိန် (၂၀-၂၅) ဒီဂရီစင်တီဂရိတ်အတွင်း ကောင်းစွာဖြစ်ထွန်းသည်။ နေကြာကို မိုးရာသီနှင့် ဆောင်းရာသီများတွင် သီးထပ်သီးညှပ်ပုံစံအမျိုးမျိုးဖြင့် စိုက်ပျိုးနိုင်သည်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မိုးစပါးအပြီး နေကြာသီးထပ်အဖြစ်လည်းကောင်း၊ ပဲမျိုးစုံဖြင့် သီးညှပ်အဖြစ်လည်းကောင်း စိုက်ပျိုးကြသည်။

တောင်သူဦးကြီးများအနေဖြင့် နေကြာစိုက်ပျိုးရာတွင် စိုက်ပျိုးမည့်မြေကို ထယ်ဖြင့် နက်နက်ထိုးပေးပြီးနောက် ထွန်ဖြင့် နှံ့နှံ့စပ်စပ်မွှေပေးရသည်။ နေကြာမျိုးစေ့ကို စိုက်ပျိုးသည့် မြောင်းအတွင်း မျိုးစေ့ချရာတွင် မတိမ်လွန်း၊ မနက်လွန်းတွင်ချပြီး မြေပြန်ဖုံးရာတွင် မထူလွန်း၊ မပါးလွန်းအောင် သတိထား၍ စိုက်ပျိုးရပါသည်။ မြေထဲသို့ အစေ့ထည့်ပြီးနောက် အပင်စတင်ပေါက်ပြီး ၇ ရက်ကြာ သောအခါ အပင်ပေါက်စုံသည်။ ၁၅ ရက်ကြာသောအခါ တစ်ကျင်းတွင် တစ်ပင်ချန်လှပ်ပြီး ပေါင်းသင်ခြင်း၊ အပင်ခွဲခြင်းများ ပြုလုပ်ရသည်။ အပင်ပေါက်သည့်အချိန်မှ (၂၀-၂၅) ရက်ကြာသောအခါ အဖူးစတင်ဝင်ရောက်ပြီဖြစ်ရာ ပထမအကြိမ် ယူရီးယားမြေဩဇာ ၁၁၂ ပေါင်ထည့်ပေးပြီး ကြားထွန်ဝင်ပေးရသည်။ ဖြုတ်ပိုး၊ ပျပိုး၊ ယင်ဖြူ၊ ပိုးနဂါးနှင့် အပွင့်စားပိုး ကဲ့သို့သော ရွက်စားပိုးများကျရောက်တတ်သဖြင့် ထောက်ခံချက်ပြုထားသော ပိုးသတ်ဆေးဖြင့် ပက်ဖျန်းပေးရမည်။ ပေါင်းကင်းစင်အောင် (၃၀-၃၅) ရက်အကြာတွင် ကြားထွန်ဝင်ခြင်း၊ လက်ပေါင်း လိုက်ခြင်းတို့ကို အပြီးသတ် ဆောင်ရွက်ရမည်။ (၄၀-၄၅) ရက်ကြာလျှင် ပန်းစတင်ပွင့်သဖြင့် ဒုတိယအကြိမ် ယူရီးယားမြေဩဇာ ၅၆ ပေါင်ထည့်ပေးရသည်။ ရေလိုအပ်ပါက ရေသွင်းပေးပြီး (၄၅-၅၅)ရက်အကြာတွင် ပန်းပွင့်နေပြီဖြစ်၍ အစိုဓာတ်လိုအပ်ပါက ဒုတိယအကြိမ် ရေသွင်းပေးရန်လိုသည်။ (၅၅-၆၅) ရက်ကြာသောအခါ ပန်းပွင့်ချိန်ပြီးဆုံးပြီး အစေ့အဆံ စတည်ဖြစ်ပေါ်သည်။ ရက် (၈၀-၉၀) ကြာသောအခါ အပွင့်အုံကြောဘက်၌ အဝါရောင်ဖြစ်ပေါ်လာကာ မျိုးစေ့များ ရင့်မှည့် လာသည်။

နေကြာပင်၏ သက်တမ်းမှာစိုက်ပျိုးပြီး ရက် ၉၀ မှ ရက် ၁၀၀ အထိရှိပြီး ပန်းပွင့်ပုံ အညိုရောင် ပြောင်းသွားသည့်အခါ အစေ့အောင်မြင်လာပြီဖြစ်သဖြင့် အပွင့်များ မြေသို့ငိုက်မကျမီ ရိတ်သိမ်းရမည်။ ရိတ်သိမ်းရန် အသင့်တော်ဆုံးအချိန်မှာ နေကြာပွင့်များ၏ ပွင့်ခေါင်းနောက်ပိုင်းသည် ၈၀% (သို့မဟုတ်) ၉၀% ခန့်ဝါလာပြီး ပွင့်ခံရွက်အုံသည် အညိုရောင်သန်းလာသောအချိန်တွင် ဖြစ်ပါသည်။ ရိတ်သိမ်းပြီးသောနေကြာပွင့်များကို တလင်းပြင်တွင် တစ်ပွင့် ချင်းဖြန့်ခင်း၍ နေလှန်း ရပါသည်။ ၅ ရက်ခန့် နေလှန်းပြီး ခြောက်သွေ့လာသော နေကြာပွင့်ကို အစေ့ခြွေရာတွင် ပန်းပွင့်နှစ်ပွင့်ကို မျက်နှာချင်းဆိုင်ပွတ်တိုက်ပေးခြင်းဖြင့် အစေ့များကို ရယူရပါသည်။ ထိုမှတစ်ဆင့်ရရှိလာသော နေကြာစေ့များကို ၂ ရက်မှ ၄ ရက်အထိနေလှန်းပြီး အစိုဓာတ်(၁၂%)သာရရှိရမည် ဖြစ်ပါသည်။

ကျန်းမာရေးနှင့်ညီညွတ်သည့် နေကြာဆီ

ကျန်းမာရေးရှုထောင့်မှ ကြည့်မည်ဆိုပါက နေကြာဆီတွင် လူကိုဘေးဖြစ်တတ်သော ကိုလက်စထရောလုံးဝမပါရှိသည့်အတွက် ကျန်းမာရေးနှင့် ညီညွတ်မျှတကြောင်း ကျန်းမာရေးဆိုင်ရာ သုတေသီများ၏ အဆိုရသိရှိရသည်။ နေကြာဆီတွင် ပါရှိသော ဗီတာမင်အီးက ဦးရေပြားပေါ်ရှိ သွေးကြောများ လည်ပတ်စီးဆင်းမှုကို ကောင်းမွန်စေသည်။ နေကြာဆီတွင် ဗီတာမင် B6 ပါဝင်သည့်အတွက် ဦးနှောက်မှတ်ဉာဏ်အားကောင်းစေသည်။ လူတို့အတွက် မရှိမဖြစ်လိုအပ်သော အာဟာရများ ဖြစ်သည့် အမျှင်ဓာတ်၊ ပရိုတင်းဓာတ်၊ ကျန်းမာသော အဆီဓာတ်များ၊ ဗီတာမင်နှင့် သတ္တုဓာတ်များကို နေကြာဆီမှ ရရှိနိုင်ကြောင်း သိရှိရသည်။

ယခင်က မြန်မာနိုင်ငံတွင် “ဆီကို ရေချိုး၊ ဆေးရိုး မီးလှုံ၊ စပါးတောင်လိုပုံ” တင်စားရလောက်အောင် စားသုံးဆီပေါများခဲ့သော်လည်း လက်ရှိတွင် မြန်မာနိုင်ငံ၏ လူဦးရေတိုးတက်လာသည်နှင့်အမျှ ဆီစားသုံးမှု များပြားလာခဲ့သည်။ မြန်မာနိုင်ငံသည် ဆီစားသုံးမှုမြင့်မားသော နိုင်ငံတစ်ခုဖြစ်သည့် အလျောက် သုံးစွဲမှုပမာဏကို ဖြည့်တင်းနိုင်ရန်အတွက် ပြည်တွင်းဆီထုတ်လုပ်မှုသာမက ပြည်ပမှ ဆီအမျိုးမျိုးကို နှစ်စဉ်တင်သွင်းနေရပါသည်။ ယခုအခါတွင် ကမ္ဘာ့စီးပွားရေးဂယက်ရိုက်ခတ်မှုများကြောင့် ပြည်ပမှတင်သွင်းသည့် စားသုံးဆီကို မှီခိုအားထားရခြင်း၊ စျေးနှုန်းများ မြင့်မားခြင်းတို့ကြောင့် ထိုဖြစ်ရပ်များကို ကာကွယ်ပေးနိုင်ရန်အတွက် ပြည်တွင်း၌ စျေးနှုန်းသက်သက်သာသာဖြင့် စားသုံး ဆီထုတ်လုပ်နိုင်ရန် လိုအပ်လျက်ရှိပါသည်။

ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး

“နိုင်ငံ၏ စီးပွားရေးအခြေအနေကောင်းများ ဖန်တီးနိုင်မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်”ဆိုသည့်မူဝါဒနှင့်အညီ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေထူထောင်၍ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေတိုးတက်စေရန်အတွက် နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ပြည့်မီစေရေးအတွက် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေးစီမံကိန်းအား ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်တွင်လည်းကောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ် ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) စီမံကိန်းအားလည်းကောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးနှင့် အထွက်နှုန်း တိုးတက်စေရေးအတွက် ဇုန်များ သတ်မှတ်၍လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံတိုးတက်ရေးအတွက် ကြိုးပမ်းနေကြချိန်တွင် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့တတ်စွမ်းနိုင်သည့် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်ကြမည်ဆိုပါလျှင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်လာမည်ဖြစ်ပေသည်။

ပြည်ပမှစားသုံးဆီတင်သွင်းမှုကို လျှော့ချပေးရန်

အချုပ်အားဖြင့်ဆိုသော် ဆီထွက်သီးနှံများအနက် နေကြာသီးနှံသည် မြန်မာနိုင်ငံ၏ ရာသီဥတု၊ ရေ/မြေသဘာဝနှင့် အထူးသင့်လျော်ပြီး စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်နည်းပါး၍ အထွက်နှုန်းကောင်းမွန်ခြင်းတို့အပြင် ဆီထွက်နှုန်းလည်း ကောင်းမွန်ခြင်းတို့ကြောင့် ပြည်တွင်းစားသုံးမှု ဖူလုံရန်အတွက် တိုးချဲ့စိုက်ပျိုးသင့်သော သီးနှံအမျိုးအစားတစ်မျိုးဖြစ်ပြီး ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို လျှော့ချပေးနိုင်သော အစားထိုးကုန်စည် တစ်မျိုးဖြစ်ပါသည်။ နေကြာတိုးချဲ့စိုက်ပျိုးထုတ်လုပ်ခြင်းသည် တောင်သူများ၊ ဆီစက်ပိုင်များ တွက်ခြေကိုက်သကဲ့သို့ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေပါသည်။ ပြည်သူများအနေဖြင့်လည်း ဈေးနှုန်းသင့်တင့်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော နေကြာဆီကို သုံးစွဲနိုင်မည်ဖြစ်သည့်အတွက် ပြည်ပမှ မှာယူတင်သွင်းနေကြရမည့်အစား မိမိတို့နိုင်ငံတွင် ကျယ်ကျယ် ပြန့်ပြန့် စိုက်ပျိုးဖြစ်ထွန်း အောင်မြင်မည်ဆိုလျှင် မြန်မာနိုင်ငံသည် စားသုံးဆီအတွက် ပြည်ပကအားကိုးရန် မလိုတော့သည့်အခြေအနေ ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် မိမိတို့နိုင်ငံ၏ နိုင်ငံခြားငွေယိုစိမ့်မှုကို ကာကွယ်ရန်နှင့် ပြည်တွင်းဆီသုံးစွဲမှုဖူလုံရန်အတွက် နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးကြစေရေး တိုက်တွန်းတင်ပြလိုက်ရခြင်းဖြစ်ပေသည်။ ။