Skip to main content

တိုးချဲ့စိုက်ပျိုးသင့်သည့် ဆီထွက်သီးနှံ

နေသူရဇော်

စားဝတ်နေရေးလို့ခေါ်တဲ့ လူ့ဘောင်လောကရဲ့လိုအပ်ချက်တွေထဲမှာ နေ့စဉ် စားသောက်နေရဖို့က အခြေခံအကျဆုံးအရာတစ်ခုဖြစ်ပါတယ်။ စားသုံးကြရတဲ့ အစားအစာများကို ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နိုင်ရေးဟာ အရေးပါလှသလို အစားအစာများဟာ အာဟာရပြည့်ဝဖို့နဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးသည် အလွန်အရေးကြီးတဲ့ ကဏ္ဍတစ်ရပ်ဖြစ်လာပါတယ်။ နေ့စဉ်စားသုံးနေကြတဲ့ အစားအစာတွေကို ဖန်တီးတဲ့နေရာမှာ မပါမဖြစ် အသုံးပြုနေကြရတဲ့ စားသုံးဆီသန့်ရှင်းရေးနဲ့ ဖူလုံစွာထုတ်လုပ်နိုင်ရေးဟာ မျက်မှောက်ခေတ်ရဲ့စိန်ခေါ်မှုတစ်ခုအဖြစ် ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ မြန်မာ့လူဦးရေတိုးတက်လာတာနဲ့အတူ ပြည်တွင်းစားသုံးဆီလိုအပ်မှုဟာ ပိုမိုများပြားလာပါတယ်။ ဒါကြောင့် ဘေးအန္တရာယ်ကင်းရှင်းတဲ့ စားသုံးဆီတွေကို ဖူလုံအောင် စိုက်ပျိုးထုတ်လုပ်ကြဖို့ လိုအပ်လာပြီပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီအုန်း၊ ပန်းနှမ်းနဲ့ ဆီမုန်ညင်းကို စားသုံးဆီအတွက် အဓိကထားစိုက်ပျိုးထုတ်လုပ်လျက်ရှိပါတယ်။ မြန်မာ့ ရေမြေရာသီဥတု အခြေအနေအရ “ မြန်မာ့ဆီအိုးကြီးဟု တင်စားခေါ်ဝေါ်ကြသော မကွေးတိုင်းဒေသကြီးတွင် အများဆုံးစိုက်ပျိုးပြီး မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှာ စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ပြည်တွင်းစားသုံးမှုအတွက် အဓိကဖြန့်ဖြူးပေးလျက်ရှိပါတယ်။

စိုက်ပျိုးလွယ်သီးနှံအစားထိုးစိုက်ပျိုးလာ

ဆီထွက်သီးနှံတွေဟာ အခြားသီးနှံတွေထက် ရာသီဥတုပြောင်းလဲမှုကို ခံနိုင်ရည်နည်းပြီး အထွက် နှုန်းများစွာ ကောင်းမွန်မှုမရှိတဲ့အတွက်တောင်သူတွေ ဝင်ငွေနည်းခြင်း၊ ပိုးမွှားရောဂါ နှိမ်နင်းနိုင်မှုအားနည်းခြင်းအပြင် ရိတ်သိမ်းပြီးလျှင် ဆက်လက်လုပ်ဆောင်ရမယ့် နည်းပညာတွေ (ရိတ်သိမ်းချိန်လွန်နည်းပညာ)ကို လိုက်နာနိုင်မှုအားနည်းခြင်းတို့ကြောင့် သီးနှံအရည်အသွေးအရ စံနှုန်းပြည့်မီဖို့ခက်ခဲနေသေးတဲ့အတွက် ဈေးကွက်ရောင်းချတဲ့အချိန်မှာ ကောင်းမွန်တဲ့ရောင်းဈေးကို မရနိုင်သဖြင့် ဆီထွက်သီးနှံအစား အခြားသော စိုက်ပျိုးရလွယ်ကူတဲ့ ကောက်ပဲသီးနှံတွေကို အစားထိုးစိုက်ပျိုးလာကြပါတယ်။ ဒါ့အပြင် လူဦးရေ တိုးပွားလာခြင်းနဲ့အတူ ဆီစားသုံးမှုမြင့်မားလာခြင်းတို့ကြောင့် ပြည်တွင်းသုံးစွဲမှုကို လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်းဖြစ်ပြီး ပြည်ပမှ စားသုံးဆီကို တင်သွင်းနေရခြင်းဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါတယ်။

ပြည်ပစားအုန်းဆီ နှစ်စဉ်တင်သွင်း

မြန်မာ့ဆီထွက်သီးနှံကို စုစုပေါင်းစိုက်ပျိုးမြေရဲ့ ၁၆ ရာခိုင်နှုန်းကိုသာ စိုက်ပျိုးနိုင်ပြီး ထွက်ရှိ လာတဲ့ ဆီထွက်သီးနှံတွေထဲကမှ သီးနှံလုံးဆန် မက်ထရစ်တန် သုံးသိန်းကျော်ကို ပြည်ပသို့ နှစ်စဉ် တင်ပို့ရောင်းချနေရပြီး ပိုလျှံတဲ့ ဆီထွက်သီးနှံလက်ကျန်ဟာ ပြည်တွင်းဆီလိုအပ်ချက်ကိုမပြည့်မီတော့ဘဲ ပြည်ပကနေ စားအုန်းဆီတွေကို နှစ်စဉ် တင်သွင်းနေရပါတယ်။ ယင်းဆီတွေမှာ သယ်ယူပို့ဆောင်ရေးခရီးရှည်လျားခြင်းနဲ့ သိုလှောင်ဖြန့်ဖြူးမှုလုပ်ငန်းအဆင့်ဆင့်မှာ အခက်အခဲတွေ ရှိတာကြောင့် အရည်အသွေးတွေ ကျဆင်းကာ စားသုံးသူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါပေမယ့် ဈေးနှုန်းသက်သာတဲ့အတွက် ပြည်တွင်းစားသုံးဆီဈေးကွက်ရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို နေရာယူထားပြီး ပြည်တွင်း ထုတ်လုပ်မှုတွေကို ထိခိုက်လာတဲ့အထိ ကြုံတွေ့ခဲ့ရပါတယ်။

ရင်းနှီးမြှုပ်နှံဖို့လိုအပ်

စားသုံးသူတွေရဲ့ကျန်းမာရေးနဲ့ နိုင်ငံ့ထွက်ငွေကို လျှော့ချနိုင်ဖို့အတွက် ဆီထွက်သီးနှံကို ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေးဟာ အရေးကြီးသလို ထွက်ရှိလာတဲ့သီးနှံတွေကို အရည်အသွေးပြည့်ဝတဲ့စားသုံးဆီတွေအဖြစ် ကြိတ်ခွဲထုတ်လုပ်ပေးနိုင်မယ့် စက်မှုလုပ်ငန်းတွေကိုလည်း ပိုမိုရင်းနှီးမြှုပ်နှံဖို့ လိုအပ်ပါတယ်။

သီးနှံစိုက်တောင်သူတွေ အလားအလာကောင်း

နိုင်ငံတော်အနေနဲ့လည်း စားသုံးဆီဖူလုံရေးအတွက် ပြည်တွင်းမှာ မြေပဲ၊ နှမ်း၊ နေကြာစတဲ့ ဆီထွက်သီးနှံတွေ တိုးချဲ့စိုက်ပျိုးနိုင်ရေးကို အားပေးကူညီပြီး တွန်းအားပေး ဆောင်ရွက်လျက်ရှိပါတယ်။ MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်ပထွက်ငွေ လျှော့ချနိုင်ဖို့အတွက် မူဝါဒတွေ ချမှတ်ဆောင်ရွက်လျက်ရှိရာ ဒေသအတွင်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အရည်အသွေးပြည့်ဝတဲ့စားသုံးဆီတွေ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးတဲ့ တောင်သူတွေအနေနဲ့ အကျိုးကျေးဇူးတွေ ပိုမိုရရှိနိုင်မယ့်အလားအလာကောင်းတွေကို မြင်တွေ့နေရပြီ ဖြစ်ပါတယ်။

ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးတာဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသုံးဆီတွေကို ရရှိစေနိုင်ရုံသာမက ဆီကြိတ်ရာမှ ထွက်ရှိလာတဲ့ ပဲဖတ်၊ နှမ်းဖတ်တွေကို တိရစ္ဆာန်အစာအဖြစ်လည်း သုံးစွဲ နိုင်ပါတယ်။ တစ်နည်းအားဖြင့် ဆီထွက်သီးနှံစိုက်ပျိုးတဲ့ တောင်သူတွေအနေနဲ့ မွေးမြူရေးလုပ်ငန်းကိုပါ တွဲဖက်လုပ်ကိုင်နိုင်ကြောင်း တွေ့ရှိရပါတယ်။ စိုက်ပျိုးထွက်ရှိလာတဲ့ ထွက်ကုန်တွေကို သီးနှံလုံးဆန်အနေနဲ့ ရောင်းချတာအပြင် ဆီအဖြစ် ကြိတ်ခွဲပြီး ရောင်းချနိုင်သလို ဆီကြိတ်ရာမှ ထွက်ရှိလာတဲ့ ကြိတ်ဖတ်တွေကို တိရစ္ဆာန်အစာအဖြစ် ပြန်လည်အသုံးပြုနိုင်တာကြောင့် ဝင်ငွေများစွာ ရရှိနိုင်ပါတယ်။ တိရစ္ဆာန်စာတွေမှာလည်း ပြည်ပမှ တင်သွင်းနေရတာဖြစ်ပြီး ဆီထွက်သီးနှံကိုသာ ပိုမိုစိုက်ပျိုးပြီး ဆီကို တိုးတက်ထုတ်လုပ်နိုင်ပါက ပြည်ပကနေ တင်သွင်းရတဲ့ စားအုန်းဆီနဲ့ တိရစ္ဆာန်အစာအတွက် ကုန်သွယ်မှုလိုငွေကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။

ပိုလျှံသည့်ဆီထွက်သီးနှံရောင်းချနိုင်

အချုပ်အားဖြင့်ဆိုရလျှင် ဆီထွက်သီးနှံကို ပိုမိုစိုက်ပျိုးထုတ်လုပ်ခြင်းအားဖြင့် ကျန်းမာရေးနှင့်ညီညွတ်ကာ အာဟာရပြည့်ဝတဲ့ စားသုံးဆီများကို ရရှိနိုင်မည့်အပြင် ပိုလျှံသည့် ဆီထွက်သီးနှံများကို သီးနှံလုံးဆန်အနေနှင့်သော်လည်းကောင်း၊ စားသုံးဆီအဖြစ်သော်လည်းကောင်း ရောင်းချနိုင်ခြင်း၊ ဆီကြိတ်ရာမှ ထွက်ရှိလာမယ့် ကြိတ်ဖတ်များဖြင့် တိရစ္ဆာန်အစာအဖြစ် အသုံးပြုကာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို တွဲဖက်လုပ်ကိုင်နိုင်ခြင်း တို့ကြောင့် ဝင်ငွေတိုးတက်လာမည်မှာ မလွဲဧကန်ဖြစ်၍ ဆီထွက်သီးနှံများကို ပိုမိုစိုက်ပျိုးထုတ်လုပ်သင့်ပါကြောင်း တိုက်တွန်းရေးသားဖော်ပြလိုက်ရပါတယ်ခင်ဗျာ။ ။