Skip to main content

ကဆုန်လနှင့် ညောင်ရေသွန်းပွဲတော်

လွန်းပိုးအိမ်

မြန်မာတို့၏ ဆယ့်နှစ်လရာသီတွင် ကဆုန်လသည် ဒုတိယမြောက်လဖြစ်သည်။ ကဆုန်လ၏ သဘာဝအလှတို့ကား စာဖွဲ့မကုန်နိုင်ပါချေ။ မိုးရနံ့နှင့်အတူ ဖူးပွင့်လာသော စံကားဝါပန်းကလေးများ၏ မွှေးရနံ့လေးများသည် ရင်ကိုအေးမြစေပါသည်။ ကဆုန်လတွင်ကျင်းပသည့် ညောင်ရေသွန်းပွဲတော်သည် စည်ကားသိုက်မြိုက်လှသော ပွဲတော်တစ်ခုဖြစ်သည်။

ဗျာဒိတ်စကား ဟောကြား

ကဆုန်လသည် နွေလဖြစ်သည့်အားလျော်စွာ ဆည်မြောင်း၊ ကန်ချောင်း၊ ရေတွင်းရေအိုင်တို့တွင် ရေများခန်းခြောက်သည့်လဖြစ်သည်။ နွေရာသီ ကဆုန်လ၏ တောတောင်ရှုခင်းတို့မှာ လွမ်းမောဖွယ် ရှိလှပါသည်။ ဥဩငှက်ကလေးများ၏ လွမ်းမောဖွယ်ကောင်းသော အသံချိုလေးများမှာ ချစ်စရာကောင်းလှသည်။ ကဆုန်လပြည့်နေ့တွင် ဒီပင်္ကရာမြတ်စွာဘုရားက ဂေါတမဘုရားအလောင်းတော် သုမေဓာရှင်ရသေ့အား ဘဒ္ဒကမ္ဘာတွင် ဘုရားအဖြစ်ကို ရလိမ့်မည်ဟု ဗျာဒိတ်စကား ဟောကြားခဲ့ပါသည်။

ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ကဆုန်လပြည့်နေ့တွင် ဖွားမြင်ခဲ့သည်။ ဘုရားဖြစ်တော်မူသောရက်သည်လည်း ကဆုန်လပြည့်နေ့တွင် ဖြစ်သည်။ မြတ်ဗုဒ္ဓသည် ကဆုန်လပြည့်နေ့တွင်ပင် ပရိနိဗ္ဗာန်စံတော်မူခဲ့သောကြောင့် ထိုနေ့ကို ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဟူ၍ ဗုဒ္ဓဘာသာဝင်များက အထွတ်အမြတ်ထားခဲ့ကြသည်။

ညောင်ရေသွန်းပွဲတော်ဓလေ့သည် မြန်မာမင်းအဆက်ဆက်မှ ယနေ့ခေတ်တိုင်အောင် ကျင်းပလာခဲ့သော မြန်မာ့ရိုးရာဘာသာရေးပွဲတော်တစ်ခု ဖြစ်သည်။ ညောင်ရေသွန်းပွဲတော်ကို ကျေးလက်တောရွာအနှံ့ နိုင်ငံတစ်ဝန်း စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။

ညောင်ရေသွန်းပွဲတော်ကို ပုဂံ၊ ပင်းယ၊ အင်းဝခေတ်ကပင် ဆင်နွှဲခဲ့ကြသည်။ တောင်ငူခေတ်တွင် စာဆိုတော် နတ်သျှင်နောင်၏ ပေါ်နွေလလျှင်ချီရတုတွင် ညောင်ရေသွန်းပွဲတော်အကြောင်းကို ထည့်သွင်းဖွဲ့ဆိုထားပါသည်။

ပေါ်နွေလလျှင်၊ တောင်ကခြိမ့်မြူး

မင်းလွင်ဦးနှင့်၊ ပြန့်ပြူးချုပ်တိုင်း

မုန်တိုင်းဆင်လို၊ တိမ်ညိုမှိုင်းထပ်

ပြက်လျှပ်ပြကာ၊ စိမ်းဝါမိုးပန်း

ထွေထွေစွန်းက၊ ရေသွန်းသာကြည်

ပျော်ရမည်ကို၊ မြရည်သတ်မှတ်

ရောက်ခဲ့လတ်ဟု၊ ချစ်ထွတ်တင်သည်

 (နတ်သျှင်နောင်)

ကုန်းဘောင်ခေတ်စာဆိုတော် လက်ဝဲသုန္ဒရအမတ်ကြီးကလည်း “မဲဇာတောင်ခြေ ချီရတုတွင်-

ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်

ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်

မဲဇာရပ်သူ၊ တောင်းဆုယူသည်ဟု ထည့်သွင်းဖွဲ့ဆိုခဲ့ပါသည်။

ကဆုန်ညောင်ရေသွန်းပွဲတော် ဖြစ်ပေါ်ခြင်းနှင့်ပတ်သက်၍ မဟာအတုလမင်းကြီးက-

မြူခြေငယ်စွန်းပါလို့၊ နေဝန်းငယ်စက်ရှိန်

တောက်လောင်ငယ်ထိန်သည်၊

ဖလ်သူရိန်တေဇာကြောင့်၊

ပူဗျာပါကဲတဲ့လကိုလေး။

ရာသီငယ်ပြိဿ၊ မဟေသီလဲ၊

ရွှေညီခလို့၊ ပန်းမြစံကားဝါ၊

ဝိသာခါနှင့်၊ တရားခြံရံ၊

စန်းယုန်ငွေ ဖန်သည့်နှယ်၊

ဆဒ္ဒန်ပိုင်ဗွေပုံမှာ၊

လကဆုန်ညောင်ရေပွဲချိန်မို့၊

သဲလှတယ်လေးဟု ဖွဲ့ဆိုထားပါသည်။

မြေပြင်တွင် အပူဒဏ်မခံနိုင်ဘဲ မိုးကိုသာ မျှော်နေကြသည်။ မိုးဒေဝါကလည်း ရွာတော့မည့်ဟန်ဖြင့် ကောင်းကင်ပြင်တွင် တဂျိမ်းဂျိမ်းနှင့် မိုးခြိမ်းသံပေးနေသည်။ တိမ်ဖြူ၊ တိမ်ပြာတို့ကလည်း ဟိုပြေးသည်ပြေး ရွေ့လျားနေသည်။ တစ်ခါတစ်ရံ လျှပ်ပန်း၊ လျှပ်နွယ်တို့ကလည်း ပြိုးပြိုး ပြက်ပြက် ကောင်းကင်ကစုံမိုးသံပေးလျက်ရှိသည်။

စာဆိုရှင် စုံနံ့သာမြိုင် ဦးကြော့က ကဆုန်လနွေ၏ မြင်ကွင်းရှုခင်းကို မိုးကောင်းကင်တွင် မိုးရွာမည့်ဟန်နှင့် လမ္မရာစည် ပုစွန်လက်မစည်များကိုတီး မိုးသံပေးနေသည်ဟု ရေးဖွဲ့ထားခဲ့သည်။

ဟေမန်နွေလှန်လလို့ တုံ့ပြန်တော့

ဘွေသဟံ ဝေယန်ဘုံဆီက၊

လေပြန်လှုံ့ဆော်ခဲ့ပြီ။

ပင်ပေါ်ထက် ရော်ရွက်ဝါထိန်ဝေနှင့်

ခါဂိမ္မေ သည်တခေတ်တွင်မှ၊

ညှာလိမ်ကြွေ တမည်လှစ်မည်ကြောင့်

အသစ်ထွေ ထွေကာစုပါလို့

ပုရစ်ခွေတမာနုမှာကွယ် ကျေးဥစီစီ။

ခင်တန်းလျှိုသပြေပင်က၊

ရွှေသဇင် သုတ်လေနှောပြန်တော့

နေဝင်လျှင် ဘုတ်တွေရောပါလို့၊

အုတ်ရွှေဩရယ်က တွန်သံချီ၊

ဌာနီနှင့်ကွာဝေး။

ဖန်ခါခါ လမ္မရာစည်ဍိဏ္ဍိပေမို့

ဝသန်ဆည်ချိပြီဘူး

ပူမိသည်နော်ရဂုံက

တော်ကဆုန် ညောင်ရေသွန်းချိန်မို့၊

ဖော်မစုံ အောင်မြေကွန်းဆီသို့

လွမ်းလှသေး။

ကဆုန်လသည် အပူချိန်လွန်ကဲသောလဖြစ်သည်။ ပုရစ်ဖူး၊ ပုရစ်ငုံကလေးများသည် အစီအရီ အညီအညာ၊ ကြွကြွရွရွ၊ လှလှပပဖြင့် လောက၏ အလှတန်ဆာကို ဆင်နေပါသည်။

ကဆုန်နယုန် လေရူးသုန်ဟု ဆိုရိုးစကား ရှိခဲ့သည့်အတိုင်း အနောက်တောင်မုတ်သုံလေ၏ လေပြည်လေညင်းလေးများ တိုက်ခတ်စပြုပြီး ၎င်းတို့နှင့်အတူ မိုးပွင့်မိုးဖွားလေးများကို လက်ပြနှုတ်ဆက်တော့မယောင် ထင်မှားစေရပြန်သည်။ မုတ်သုံမိုးစက်လေးများ၏ ကလူကျီစယ်မှုကြောင့် မြေသင်းရနံ့ သင်းပျံ့ပျံ့လေးများကို ခံစားရစေနိုင်ပါသည်။

စမ်းချောင်းလေးများဝယ် ရွက်ကြွေလေးများ မျောပါလာသည်။ လိပ်ပြာရောင်စုံလေးများက မျောပါလာသော သစ်ကိုင်းခြောက်လေးများပေါ်၌ နားခိုလိုက်ပါလာသည်။ တန်ခူးရေကုန်၊ ကဆုန်ရေခန်းတတ်သည်။ ထန်းတက်သမားတို့ကလည်း ထန်းရည်လှိုင်ချိန်ဖြစ်၍ ထန်းတက်နေကြသည်။ မိုးမကျမီ အားသွန်ခွန်စိုက် လုံ့လဝီရိယစိုက်ထုတ်ကာ လုပ်ကိုင်နေကြသည်။

ကဆုန်လသည် အလွန်ပူပြင်းသောလဖြစ်ရာ သီဟိုဠ်နှင့် ဗုဒ္ဓဂယာတို့မှ မျိုးပွားယူ၍ စိုက်ပျိုးထားသော ဗောဓိညောင်ပင်အား အပူရှိန်ကြောင့် ညှိုးခွေခြောက်သွေ့သေဆုံးသွားမည်စိုးသဖြင့် ရေသွန်းလောင်းရာမှအစပြု၍ ညောင်ရေသွန်းပွဲတော် စတင်လာခြင်းဖြစ်သည်။

ညောင်ရေသွန်းပွဲတော်ကျင်းပပုံကို စာဆိုတော် မင်းဇေယျရန္တမိတ်က-

ကဆုန်လတွင်၊ ပြာစင်ညက်ဖြူ

ရွှေပြည်သူတို့၊ သင်းကြူကြိုင်စွာ

ရေနံ့သာဝယ်၊ ရင်းမာကွမ်းဘူး

စကားဦးနှင့်၊ ကွန့်မြူးလျှံမောင်း

မွေတော်ပေါင်းကို၊ ပျံ့လှောင်းကြိုင်ရွှန်း

အဲသီချင်းနှင့်၊ ပြန်တင်းရည်စောင်

အဆောင်ဆောင်သည်

ခါညောင်မသွန်းလှည့်လေလော့ ဟူ၍ သီကုံးခဲ့ပေသည်။ ကဆုန်လပြည့်နေ့တွင် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းကြသည်။ ညောင်ရေသွန်းပွဲတော်သည် မြန်မာတို့၏ယဉ်ကျေးမှု မြန်မာ့ဓလေ့၊ မြန်မာနည်း၊ မြန်မာ့ဟန်ဖြင့် ပေါက်ဖွားလာသော ပွဲတော်တစ်ခုဖြစ်သည်။ ကဆုန်လပြည့်နေ့ ညောင်ရေသွန်းဓလေ့သည် မဇ္ဈိမဒေသနှင့် သီဟိုဠ် တို့တွင် ဘုရားပွင့်တော်မူရာဒေသဖြစ်သော်လည်း ရှေးကလည်းမရှိခဲ့။ ယနေ့လည်းမရှိ။ မြန်မာတို့တွင် သာရှိသောကြောင့် မြန်မာ့ပွဲတော်စစ်စစ်ဟု ဆိုရပေမည်။ ကဆုန်လပြည့်နေ့တွင် ရေအိုးကိုယ်စီရွက် ၍လည်းကောင်း၊ တချို့မှာ ဆိုင်းထမ်းများဖြင့်လည်းကောင်း ဗောဓိညောင်ပင်ရှိရာသို့ ရေစင်သွန်းလောင်းကြသည်မှာ ယဉ်ကျေးသိမ်မွေ့လှသော မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့အသွင်သဏ္ဌာန်ပင် ဖြစ်သည်။

တစ်စုံတစ်ရာအမှုကိစ္စပေါ်ပေါက်၍ အောင်ရာအောင်ကြောင်း ဆုတောင်းသောအခါတွင် “ဘယ်ဘုရားမှာတဲ့ ဆွမ်းတော်တင်၊ ဘယ်ပလ္လင်မှာ ညောင်ရေလောင်းလို့ ဆုတောင်းရပါမယ် ဆိုသည့် ညောင်ရေမှာလည်း ကဆုန်လပြည့်နေ့တွင် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းသော ညောင်ရေသွန်းမှ ပေါက်ဖွားခြင်း ဖြစ်ဟန်တူသည်။ ရှေးအခါက ဘုရင့်တပ်မတော် စစ်ထွက်သောအခါတွင်လည်း နန်းတွင်းသူ လှပျိုဖြူကလေးများက “အောင်ပါစေ သပြေပန်းနဲ့ ရေချမ်းကိုလောင်း၊ သွန်းလောင်းညောင်ရေ အောင်ပါစေဟု ဆုတောင်းလေ့ရှိသည်ကို ရေးဖွဲ့သည်။ စာဆိုတစ်ဦးကမူ-

သပြေပန်းနဲ့ သွန်းလောင်းညောင်ရေ

အောင်မြင်စေဟု၊ အောင်စေရတု

အောင်ကြောင်းပြု၍၊ ရုံးစုမပျက်

ငြိမ့်ငြိမ့်ထွက်သည်

ဘုတ်ကျက်သဘင် တပွဲတည်း ဟူ၍ စပ်ဆိုခဲ့သည်။

ညောင်ရေသွန်းပွဲတော်ကို ခြိမ့်ခြိမ့်သဲမျှကျင်းပ

ကဆုန်လသည် အပူချိန်လွန်ကဲ၍ ခြောက်သွေ့သောလဖြစ်သည့်အလျောက် တောင်သူဦးကြီးများလည်း အလုပ်နားကြသည်။ ထို့ကြောင့် ညောင်ရေသွန်းပွဲတော်ကို ခြိမ့်ခြိမ့်သဲမျှ စည်ကားစွာကျင်းပကြသည်။ ကဆုန်လပြည့်နေ့မရောက်မီ တစ်ရက်အလိုတွင် ရေသွန်းလောင်းကြမည့် ညောင်ပင်ကို အမွှေးနံ့သာများ ဖျန်းပေးခြင်း၊ ထုံးသုတ်ခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းထားခြင်းများ ပြုလုပ်ကြသည်။

ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် ဆင်ယင်ကျင်းပသော ညောင်ရေသွန်းပွဲတော်သည် ကျက်သရေ ရှိလှသည်။ ရေအိုးလေးများ ကိုယ်စီရွက်၍ ဗောဓိ ညောင်ပင်ရှိရာသို့ ရေစင်သွန်းလောင်းရန် သွားကြသော ဗုဒ္ဓဘာသာ မြန်မာအမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့၏ ပုံရိပ်မှာလည်း မြန်မာ့ဟန်၊ မြန်မာ့သဏ္ဌာန်တို့ဖြင့် ယဉ်ကျေးသိမ်မွေ့ကာ အလှဝေဖြာနေပါသည်။

ညောင်ရေသွန်းပွဲတော်မှာ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်ဖြစ်သကဲ့သို့ ကုသိုလ်ယူစရာ၊ ဝမ်းသာကြည်နူးစရာ ပွဲတော်လည်း ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာလူမျိုးများသည် ကဆုန်လ ရောက်တိုင်း ညောင်ရေသွန်းလောင်းရမည့် အချိန်ကာလကို စောင့်မျှော်လျက်ရှိကြပါတော့သည်။ ။