စားသုံးဆီအရည်အသွေးမြင့်မားရန် စိုက်ပျိုးရေးနည်းပညာများ
စိုးမိုးဝင်း (စိုက်ပျိုးရေး)
မြန်မာလူမျိုးတို့သည် နေ့စဉ်ချက်ပြုတ်စားသောက်ကြရာတွင် စားသုံးဆီကို အမြဲတမ်းအသုံးပြုကြသည်။ “ဆီရွှဲဖွဲတောင်ဟင်းဖြစ်”ဟု ဆိုစကားပြုရလောက်အောင် ရှေးမြန်မာမင်းများလက်ထက်ကတည်းက ဆီကို နှစ်ခြိုက်စွာ စားသုံးခဲ့ကြပြီး ယနေ့ခေတ်တွင်လည်း ဟင်းချက်ရာမှာဖြစ်စေ၊ ကြော်ရာမှာဖြစ်စေ၊ အသုပ်စားရာမှာဖြစ်စေ ဆီကို မဖြစ်မနေ အသုံးပြု ကြသည်။ စားသုံးဆီဆိုသည်မှာ ချက်ပြုတ်ကြော်လှော်စားသုံးရာတွင် အဆိပ်အတောက်မဖြစ်စေဘဲ စားသုံး ရန် သင့်တော်သောဆီကို ခေါ်သည်။ မြန်မာနိုင်ငံတွင် စားသုံးနေသော အသုံးများသည့် ဆီအမျိုးအစားများမှာ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ စားအုန်းဆီနှင့် ပဲပုပ်ဆီတို့ဖြစ်သည်။
ဆီထွက်သီးနှံစိုက်ဧကများ တိုးချဲ့စိုက်ပျိုးရေးဆောင်ရွက်သကဲ့သို့ မြန်မာလူမျိုးတို့သည် ဆီကို နေ့စဉ်စားသုံးနေကြသည့်အတွက် စားသုံးဆီအရည်အသွေးမြင့်မားရေးသည်လည်း အလွန်အရေးကြီးပါသည်။ ထို့ကြောင့် စားသုံးဆီမထုတ်လုပ်ခင် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်စဉ်ကတည်းက စားသုံးဆီအရည်အသွေးမြင့်မားစေနိုင်သည့် စိုက်ပျိုးရေးနည်းပညာများကို ဆောင်ရွက်သင့်ပါသည်။
ဆီထွက်သီးနှံများမှအစပြု၍ အရည်အသွေးမြင့်မားသော စားသုံးဆီထုတ်လုပ်နိုင်ရေး လုပ်ငန်းစဉ်ကွင်းဆက်တစ်လျှောက်လုံးတွင် အဓိကအရေးပါသော လုပ်ငန်းအစိတ်အပိုင်းများမှာ ဆီထွက်သီးနှံကုန်ကြမ်းများ ရယူခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲခြင်း၊ နည်းပညာသုံး၍ ကုန်ချောထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်းနှင့် သိုလှောင်ဖြန့်ဖြူးခြင်းစသည်တို့ ပါဝင်နိုင်သည်။ ထိုအဆင့်များတွင် ပထမဆုံးအရေးကြီးသည့်အချက်မှာ ကုန်ကြမ်းများဖြစ်သည့် ဆီထွက်သီးနှံထွက်ကုန်များပင် ဖြစ်သည်။ အရည်အသွေးမြင့်ဆီ ထုတ်လုပ်ရန် ဆီထွက်သီးနှံကုန်ကြမ်းများ ကောင်းမွန်မှုသည် အဓိကဖြစ်သည်။ ဆီထွက်သီးနှံကုန်ကြမ်းများတွင် အမှုန်၊ အမှိုက်များကင်းပြီး ပိုးသတ်ဆေးဓာတ်ကြွင်းနှင့် မှိုအဆိပ်ကင်းစင်ရမည်။ ထို့ပြင် သတ်မှတ်ထားသော အစိုဓာတ်ကိုရောက်အောင် နေလှန်းပြီး ခြောက်သွေ့အောင်ထားရပါမည်။ ထိုကဲ့သို့ အရည်အသွေးပြည့်ဝသော ကုန်ကြမ်းများကို အသုံးပြုမှသာ အရည်အသွေးမြင့်ဆီကို ထုတ်လုပ်နိုင်မည်ဖြစ်သည်။
မြေပဲ
မြေပဲတွင် အပေါ်အခွံအောက်ရှိ အမြှေးပါးပျက်စီးလျှင် အတွင်းအဆန်ရှိ ဆီမော်လီကျူးကို မကာကွယ်နိုင်သောကြောင့် Oxidation ဖြစ်လွယ်ခြင်း၊ Free Fatty Acid (FFA) တက်ခြင်းများ ဖြစ်စေနိုင်သည်။ ထို့ကြောင့် မြေပဲဆန်ရှိ အမြှေးပါးကို မပျက်စီးအောင် ထိန်းသိမ်းဖို့လိုအပ်ပါသည်။
အဖ်လာတော့စင် (Aflatoxin) မှိုရောဂါသည် Aspergillus flavus နှင့် Aspergillus parasiticus မှိုများကြောင့် ဖြစ်ပေါ်သော အဆိပ်တစ်မျိုးဖြစ်ပြီး ပြောင်း၊ မြေပဲ၊ ဝါစေ့နှင့် သစ်သီးပင်များတွင် တွေ့ရသည်။ အဖ်လာတော့စင်ပါဝင်သော မြေပဲကို ဆီကြိတ်လျှင် ဆီထဲသို့ အဖ်လာတော့စင်ပါသွားသည်။ ဆီထဲမှ အဖ်လာတော့စင်ကို ပြန်လည်ခွဲထုတ်နိုင်သည့်နည်းလမ်းသည် ယနေ့အချိန်အထိ မရှိသေးပါ။
မြေပဲကို စိုက်ခင်းတစ်ခင်းထဲမှာပင် ဆက်တိုက်စိုက်ပျိုးသောကြောင့် အဖ်လာတော့စင် မှိုဥများသည် စိုက်ခင်းထဲတွင် အမြဲရှိနေသည်။ ထို့ပြင် မြေပဲတွင်ပါဝင်သော အဖ်လာတော့စင်သည် သိုလှောင်မှုစနစ်မကျခြင်းကြောင့် ဖြစ်ပေါ်တတ်သည်။ အစိုဓာတ် ၇ ရာခိုင်နှုန်းကျော်လာလျှင် မှိုတက်လာတတ်ပါသည်။
မြေပဲတွင် အဖ်လာတော့စင် မပါဝင်စေရန် မြေပြုပြင်ချိန်မှာ သီးနှံပင်အကြွင်းအကျန်နှင့် ပေါင်းမြက်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် နွေထယ်ရေးခံခြင်းတို့ကို ဆောင်ရွက်ပေးရမည်။ ပိုးမွှားကင်းစင်ပြီး ဒဏ်ရာမရှိသောမျိုးစေ့များကို ရွေးချယ်ကာ မှိုသတ်ဆေး၊ မျိုးစေ့ လူးနယ်ဆေးတို့ဖြင့် မျိုးစေ့ကို လူးနယ်ပေးပြီး စိုက်ပျိုးရမည်။ ပေါင်းမြက်များကို နှိမ်နင်းစဉ်မှာ မြေပဲစွယ်နှင့် သီးတောင့်များကို မထိခိုက်အောင် ဆောင်ရွက်ရမည်။ ထို့ပြင် စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုသော လယ်ယာသုံးကိရိယာများကိုလည်း ပိုးမွှားရောဂါ ကင်းစင်နေအောင်၊ အမြဲသန့်ရှင်းနေအောင်ထားရမည်။ မြေပဲကို မြေကြီးပေါ် တိုက်ရိုက်မလှန်း ဘဲ အခင်းများဖြင့် လှန်းရမည်။ မြေပဲသိုလှောင်ချိန်တွင် မြေပဲစေ့၏ အစိုဓာတ်ကို ၈ ရာခိုင်နှုန်းအောက်ရောက်အောင် အခြောက်လှန်းပြီး မိုး၊ လေ၊ အစိုဓာတ်တို့ မထိရောက်စေရန်၊ ကြွက်၊ ငှက်၊ ပုရွက်ဆိတ်တို့ မဖျက်ဆီးနိုင်စေရန် အထူးဂရုစိုက်ပြီး သိုလှောင်ရမည်။ မြေပဲကို မြေကွက်တစ်ခုတည်းမှာ နှစ်စဉ် ဆက်တိုက်မစိုက်ပျိုးဘဲ သုံးနှစ်တစ်ကြိမ် ပြောင်း၍ သီးလှည့်စိုက်ပျိုးရမည်။
နှမ်း
နှမ်းကို အစိုဓာတ်၊ ဖုန်၊ အမှုန်အမွှားများဖြင့် သိမ်းဆည်းသိုလှောင်လျှင် အစိုဓာတ်တက်လာပါသည်။ ရှေးလူကြီးများ၏ ဆိုရိုးစကားအရ နှမ်းကို လက်ဖြင့်ဆုပ်လိုက်ပြီး ပြန်လွှတ်ချလိုက်လျှင် နှမ်းစေ့များ လက်ကိုကပ်ကျန်မနေမှသာ ခြောက်သွေ့ပါသည်။ ထိုအဆင့်မျိုးအထိရောက်အောင် နှမ်းကို နေလှန်းသင့်သည်။ အစိုဓာတ်မကုန်ဘဲ သိုလှောင်လျှင် Free Fatty Acid (FFA) များ ပါဝင်တတ်သည်။ ထို့ပြင် နှမ်းကိုလှဲပြီး နေလှန်းလျှင် အချဉ်ဓာတ်တန်ဖိုး (Acid value) တက်ပြီး အဖ်လာတော့စင် ပို၍ပါနိုင်သည်။ ထို့ကြောင့် နှမ်းပင်ကို စည်းထောင်စနစ်ဖြင့်ထောင်ပြီး အခြောက်လှန်းရမည်။
နှမ်းများ ကွဲအက်ပျက်စီးခြင်းမဖြစ်ပေါ်စေရန် အအေးဆုံးအချိန်တွင် ရိတ်သိမ်းသင့်သည်။ မိုးရွာနေစဉ် နှမ်းကို မရိတ်သိမ်းသင့်ပေ။ ရိတ်သိမ်းပြီးသော နှမ်းစည်းများကို မြေကြီး၊ ကျောက်စရစ်၊ ဖုန်မှုန့်နှင့် အခြားပစ္စည်းများ ကင်းစင်စေရန် ကွန်ကရစ်ကြမ်းခင်း၊ ပတ္တူစ သို့မဟုတ် တာပေါ်လင်စများပေါ်တွင် ဖြန့်ခင်းထားသင့်သည်။ နှမ်းစည်းများကို တုတ်များဖြင့် ညင်သာစွာရိုက်ပြီး အစေ့ခါချရမည်။ အဖျင်းအမှော်များနှင့် အခြားပစ္စည်းများမပါစေရန် လှေ့ပြီး သန့်စင်ရပါမည်။
နှမ်းစေ့များကို စုပ်ဂျပိုးများ မဖျက်ဆီးရအောင် ပုံးများဖြင့် သန့်ရှင်းသောကြမ်းပြင်ပေါ်တွင် ထားသင့်သည်။ မသိုလှောင်မီ သန့်ရှင်းပြီး ခြောက်သွေ့အောင် ပြုလုပ်ရမည်။ သိုလှောင်ရာတွင် အိတ်များ၊ သံပုံးများနှင့် ပုတ်များကိုသုံး၍ သိုလှောင်နိုင်သည်။ နှမ်းအကောင်းများကို မကောင်းသောနှမ်းများနှင့် ရောနှောသိုလှောင်ပါက နှမ်းအကောင်းများပါ ပျက်စီးနိုင်သည့်အတွက် မကောင်းသောနှမ်းများကို သီးသန့်သိုလှောင်သင့်ပါသည်။
နေကြာ
နေကြာတွင် ဆီပါဝင်မှုမြင့်မားစေရန် ဝတ်မှုန်ကူးစဉ်ကတည်းက ဂရုတစိုက်ဆောင်ရွက်သင့်သည်။ နေကြာပန်းသည် ပင်တည်းဝတ်မှုန်ကူးလျှင် အစေ့တည်မှုနည်းပြီး အစေ့များ အရွယ်အစားသေးခြင်း၊ ဆီပါဝင်မှုနည်းခြင်းနှင့် မျိုးအဖြစ်သုံးလျှင် အညှောက်ပေါက်မှုနည်းခြင်းတို့ ဖြစ်တတ်သည်။ ထို့ကြောင့် နေကြာစိုက်ပျိုးရာတွင် အစေ့တည်ခြင်း၊ အစေ့အောင်ခြင်းနှင့် ဆီပါဝင်မှုမြင့်မားစေရန်အတွက် ပင်ခြားဝတ်မှုန်ကူးခြင်းကို မဖြစ်မနေဆောင်ရွက်ပေးရမည်။ နေကြာသည် ပျားများဖြင့် ဝတ်မှုန်ကူးသည့်အတွက် ပျားမွေးမြူရေးပုံးများကို စိုက်ခင်းအနီးတွင် ထားပေးရမည်။
ထို့ပြင် လေ့လာတွေ့ရှိချက်များအရ ပန်းပွင့်ချိန်တွင် နံနက်ပိုင်း ၁၀ နာရီမှ ၁၂ နာရီအတွင်း လက်ဖြင့်ဝတ်မှုန်ကူးခြင်းကို တစ်ရက်ခြား ငါးကြိမ်မှ ခြောက်ကြိမ်အထိ ပြုလုပ်ပေးခြင်းသည် အထွက်နှုန်းကို ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ တိုးတက်စေကြောင်း သိရပါသည်။ လက်ဖြင့်ဝတ်မှုန်ကူးရာတွင် တစ်ဧကအတွက် လုပ်သားခြောက်ယောက် လိုအပ်ပြီး ကုန်ကျစရိတ်များသည်ဟု ထင်ရသော်လည်း အစေ့တည်မှုကောင်းခြင်း၊ အစေ့အောင်ခြင်း၊ ဆီပါဝင်မှုများခြင်းတို့ကြောင့် များစွာ အကျိုးကျေးဇူးရှိနိုင်ပါသည်။
ရိတ်သိမ်းချိန်လွန်နည်းပညာ
အရည်အသွေးမြင့်ဆီထုတ်လုပ်နိုင်ရန် ကုန်ကြမ်းများဖြစ်သော ဆီထွက်သီးနှံထွက်ကုန်များ အရည်အသွေးပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်ရေးနည်းပညာသည် အရေးကြီးသကဲ့သို့ ရိတ်သိမ်းပြီးနောက်ပိုင်း စိုက်ပျိုးရေးနည်းပညာများဖြစ်သည့် ရိတ်သိမ်းချိန်လွန်နည်းပညာများသည်လည်း အလွန်အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ထိုနည်းပညာများကို ကောင်းစွာအသုံးချနိုင်လျှင် တောင်သူလယ်သမားများနှင့် ဆီစားသုံးသူများအတွက် အကျိုးရှိနိုင် မည်ဖြစ်သည်။
ဆီထွက်သီးနှံထွက်ကုန်များကို ခြောက်သွေ့အောင် နေလှန်းခြင်းနှင့် သန့်ရှင်းစွာ သိုလှောင်ခြင်းတို့သည် အရေးကြီးသည်။ ဆီထွက်သီးနှံထွက်ကုန်များတွင် အစိုဓာတ် လုံးဝမကျန်လျှင် အဖ်လာတော့စင်ကင်း၍ ဆီထွက်ပိုကောင်းသည်။ သိုလှောင်သည့်နေရာတွင် မှိုဆိပ်ပေါက်ပွားလာနိုင်သည့်အတွက် သိုလှောင်ရုံသန့်ရှင်းခြင်းနှင့် သိုလှောင်ရုံဧရိယာအတွင်း လေဝင်လေထွက်ကောင်းစေခြင်းတို့ကို အထူးဂရုစိုက်ဆောင်ရွက်ပေးရမည်။ သိုလှောင်ရုံအတွင်း အသုံးပြုသော ပိုးသတ်ဆေးများကိုလည်း သတ်မှတ်ထားသော ပိုးသတ်ဆေးများနှင့် သတ်မှတ်ထားသောပမာဏကိုသာ အသုံးပြုရမည်။
တောင်သူလယ်သမားဦးကြီးများအနေဖြင့် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုးထုတ်လုပ်ရေးနည်းပညာများကိုသာမက ဆီအရည်အသွေးမြင့်မားရေးအတွက် ရိတ်သိမ်းချိန်လွန်နည်းပညာများကိုလည်း အထူးဂရုစိုက်ဆောင်ရွက်ရန် လိုအပ်လှပါကြောင်း တင်ပြအပ်ပါသည်။ ။
ကိုးကား
(၁) စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန (၂၀၂၃)၊ “စားသုံးဆီ အရည်အသွေးမြှင့် ထုတ်လုပ်နိုင်ရေး အသိပညာပေး ဆွေးနွေးပွဲများ (ဝါစေ့ဆီ၊ နေကြာဆီ၊ ပဲဆီ၊ နှမ်းဆီ၊ ပဲပုပ်ဆီ၊ ဖွဲနုဆီ၊ စားအုန်းဆီ) ကျင်းပပြုလုပ်ခြင်း အစီရင်ခံစာ” ၊ ဇွန်လ (၁) ရက်။
(၂) ဘားစီမင်ဒယ် (၂၀၀၈) “မြန်မာနိုင်ငံ၏ အဓိက နှစ်ချင်းဆီ ထွက်သီးနှံများ လက်စွဲ”၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ ဌာနေကိုယ်စားလှယ်ရုံး၊ မြန်မာ။