Skip to main content

မြန်မာ့အနာဂတ်ရောင်နီဦး သို့မဟုတ် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်ရေး မျှော်လင့်ချက်

သျှင်မေ

၂၀၂၄ ခုနှစ် ဇွန်လဒုတိယပတ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိတ္ထီလာမြို့မှာ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ မြို့မိမြို့ဖဒေသခံတွေနဲ့ တွေ့ဆုံစဉ် ၂၀၂၅ ခုနှစ်အတွင်း လွတ်လပ်၍တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နေပြီဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ နိုင်ငံရေးကိုအကြောင်းပြုပြီး ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို ဆောင်ရွက်ခြင်းမရှိရင် တိုးတက်မှုတွေနောက်ကျနေခဲ့မယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပမယ်ဆိုပြီး ပြောကြားတာက ယခုမှပြောကြားတဲ့စကားရပ် မဟုတ်ပါဘူး။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး နိုင်ငံတော်တာဝန်ကို ထမ်းဆောင်စဉ်ကာလ ကနဦးကတည်းက လမ်းပြမြေပုံငါးချက်မှာ အရေးအကြီးဆုံးဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ အန္တိမရည်မှန်းချက်ပဲ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ နိုင်ငံတော်ရဲ့ အရေးပေါ်ကာလကို တာဝန်ယူထားရချိန်တစ်လျှောက်လုံးရဲ့ ရည်မှန်းချက်ပန်းတိုင်ကိုက စစ်မှန်ပြည့်ဝတဲ့ ရွေးကောက်ပွဲကြီး ပြန်လည်ကျင်းပပြီး နိုင်ငံတော်ကို ပိုမိုမြင့်မားတဲ့ အနာဂတ် ဖန်တီးပေးလိုတာပါ။

မည်သို့သောအခက်အခဲ၊ အကျပ်အတည်းမျိုးတွေကမှ တပ်မတော်ရဲ့စေတနာ၊ နိုင်ငံတော်ရဲ့ မျှော်လင့်ချက်ပန်းတိုင်၊ ပြည်သူတွေရဲ့ တောင့်တမှုအစစ်အမှန်တွေကို မတားဆီးနိုင်တော့ဘဲ လာမယ့် ၂၀၂၅ ခုနှစ်မှာ နိုင်ငံရေးအခင်းအကျင်းသစ်တွေနဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးကို ကျင်းပဖို့ ပြင်ဆင်နေပြီဆိုတဲ့သတင်းက ပြည်သူတွေအတွက်တော့ မျှော်လင့်ချက်ရောင်နီဦး ဖြစ်ပါတယ်။

ရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့အတွက် နိုင်ငံတော်အစိုးရက ကြိုးပမ်းနေသလို နိုင်ငံရေးပါတီတွေကလည်း ပြည်သူအားကိုးအားထားပြုရလောက်တဲ့ ပြည်သူ့ကိုယ်စား လှယ်တွေဖြစ်အောင်၊ ပြည်သူယုံကြည်လောက်တဲ့ စံပြကိုယ်စားလှယ်လောင်းတွေကို ပြည်သူအသိအမှတ်ပြုအောင် လက်တွေ့သက်သေပြကြရမှာဖြစ်သလို ပြည်သူတွေကိုယ်တိုင်ကလည်း မိမိတို့နိုင်ငံရဲ့ ကောင်းမွန်တဲ့အနာဂတ်အတွက် ပူးပေါင်းပါဝင်ပေးကြဖို့ လိုအပ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း ရုပ်ဆိုးအကျည်းတန်ပြီး သမိုင်းမလှခဲ့ရတဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရဲ့ မဲလိမ်မဲခိုးဖြစ်ရပ်ဆိုးတွေကို သတိပြုဆင်ခြင်လို့ အကောင်းဆုံးပြင်ဆင်မှုတွေနဲ့ သမိုင်းဝင်ရွေးကောက်ပွဲအတွက် စစ်မှန်ပြည့်ဝတဲ့ ရွေးကောက်ပွဲကြီးဖြစ်လာစေဖို့ ကြိုးပမ်းရမယ့် အချိန်ကောင်းဖြစ်ပါတယ်။

အများမျှော်လင့်တဲ့ရွေးကောက်ပွဲ

အခုလို အထွေထွေရွေးကောက်ပွဲကျင်းပဖို့ နိုင်ငံတော်က ကြိုးပမ်းနေတာကို ကြိုဆိုထောက်ခံတဲ့ နိုင်ငံရေးပါတီအများအပြားရှိပြီး ပြည်သူအများစုကလည်း ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိနိုင်တော့မယ့် နေ့ရက်များအတွက် ရင်ခုန်စိတ်လှုပ်ရှားနေကြပါပြီ။ “ကြိုဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီအတိုင်းကြီးသွားနေလို့မရပါဘူး” လို့ ပြည်သူ့ရှေ့ဆောင်ပါတီ ယာယီဥက္ကဋ္ဌ ဦးမြင့်မောင်ထွန်းက တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ ဖြေကြားထားခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုတင်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို အရှိန်မြှင့်ဆောင်ရွက်နေတာကိုလည်း မြင်တွေ့ရပါတယ်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာဖြစ်ပွားခဲ့တဲ့ မဲစာရင်းမှားယွင်းမှုတွေကို စစ်ဆေးဆောင်ရွက်ပြီးချိန်ကနေစတင်ပြီး မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအတွက် အလေးထားလုပ်ဆောင်လျက်ရှိပါတယ်။ ရွေးကောက်ပွဲအကြိုလုပ်ငန်းတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ဝန်ထမ်းတွေကိုလည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေနဲ့ မဲရုံဆိုင်ရာလုပ်ငန်းလမ်းညွှန်၊ လုပ်ထုံးလုပ်နည်းတွေကို နှံ့စပ်ကျွမ်းကျင်စေရန် လေ့လာကြဖို့ ဇူလိုင် ၇ ရက်က မဲဆန္ဒရှင်များစာရင်း စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအတွင်းမှာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ လက်ရှိမှာ မှတ်ပုံတင်လျှောက်ထားတဲ့ နိုင်ငံရေးပါတီပေါင်း ၇၀ ဝန်းကျင်ရှိပြီး မှတ်ပုံတင်ခွင့်ပြုချက်ရရှိတဲ့ ပါတီက ၄၉ ပါတီဝန်းကျင်ရှိနေတယ်လို့ သိရှိရပါတယ်။

အခက်အခဲများရှိနိုင်သော်လည်း မိမိတို့နိုင်ငံမှာ မြို့နယ် ၃၃၀ ရှိတဲ့အတွက် စစ်မက်ဖြစ်ပွားနေတဲ့ မြို့နယ်တွေကိုချန်လှပ်ပြီး ကျန်မြို့နယ်တွေမှာ ရွေးကောက်ပွဲကို လုပ်လို့ရနိုင်ကြောင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘယ်လောက်မြို့နယ်တွေကို လုပ်နိုင်မှ ရွေးကောက်ပွဲလုပ်ရမယ်ဆိုပြီး ပြဋ္ဌာန်းမထားကြောင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်းက ဆိုပါတယ်။ သူက “ ပီအာစနစ်ကို ကျင့်သုံးမှာဖြစ်လို့ လုပ်နိုင်တဲ့နေရာတွေမှာ လုပ်သွားရင် ရွေးကောက်ပွဲဖြစ်သွားမယ်လို့ ပြောနိုင်ပါတယ်။ ပြည်သူ့လွှတ်တော်မှာ မဲဆန္ဒနယ် ၃၃၀ ရှိပါတယ်။ မဖြစ်မနေကျင်းပရမယ့် မဲဆန္ဒနယ် အနည်းဆုံးအရေအတွက်ဆိုပြီး ဖွဲ့စည်းပုံမှာလည်း သတ်မှတ်ထားတာမရှိတဲ့အတွက် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကျင်းပနိုင်မယ်ဆိုတာ ယုံကြည်တယ်”လို့ သုံးသပ်ဆွေးနွေးမှုတွေကို သတင်းမီဒီယာတွေပေါ်မှာ တွေ့ရှိခဲ့ရပါတယ်။

နိုင်ငံရေးထွက်ပေါက်မဟုတ်သော လမ်းပြမြေပုံအရ ထွက်ပေါ်လာမယ့် ရွေးကောက်ပွဲ

ပြည်ပအခြေစိုက် သတင်းမီဒီယာအချို့နဲ့ ပြည်ပြေးသစ္စာဖောက်မီဒီယာတွေမှာတော့ ၂၀၂၅ ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲ မကျင်းပနိုင်ဘူးဆိုတဲ့ အဖျက်လှုံ့ဆော်မှုတွေ၊ တပ်မတော်အနေနဲ့ ကျဉ်းထဲကျပ်ထဲရောက်ရှိနေတဲ့အချိန် ထွက်ပေါက်အဖြစ် အသုံးချမယ့် ရွေးကောက်ပွဲစသည်ဖြင့် လိုရာဆွဲ ပုံဖော်ရေးသားနေကြတာကိုလည်း မြင်တွေ့ရပါတယ်။ အမှန်တော့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလမှာ မဲမသမာမှုတွေကို အချို့သော မီဒီယာသမားများက သိမြင်ခဲ့ကြကြောင်း သတင်းထောက်အချို့က ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ သို့သော် အင်အားကြီးပါတီနဲ့ အပေါင်းအပါတွေကြောင့် နှုတ်ဆိတ်နေခဲ့ကြရတယ်လို့ သိရပါတယ်။

ပြည်ပြေးမီဒီယာတွေအနေနဲ့ လွန်ခဲ့တဲ့သုံးနှစ်တာကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကျင်းပတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/ လုံအစည်းအဝေး) အစည်းအဝေးမှာ နိုင်ငံတော်ယာယီသမ္မတ ဦးမြင့်ဆွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ တက်ရောက်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်ကို ပြန်လည်ဖတ်ရှုသင့်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယာယီသမ္မတကို ဆွေးနွေးတင်ပြရာမှာ “နိုင်ငံတော် တာဝန်ဆောင်ရွက်ခြင်းအား ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပါ ပြဋ္ဌာန်းချက်များနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ခြင်းမရှိတဲ့ တည်ဆဲဥပဒေများတိုင်း လိုက်နာဆောင်ရွက်သွားမှာဖြစ်ပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီ စနစ်ကို တရားမျှတမှုအပြည့်နဲ့ တည်ဆောက်သွားမှာဖြစ်တဲ့အပြင် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနဲ့အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲအား ကျင်းပပေးသွားမှာဖြစ်ပြီး အနိုင်ရရှိတဲ့ပါတီကို နိုင်ငံတော်တာဝန်လွှဲပြောင်းပေးအပ်သွားမယ်” လို့ အတိအလင်းတင်ပြဆွေးနွေးခဲ့သလို ပြည်သူလူထု သိရှိအောင် သတင်းထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

တာဝန်ကြီးလွန်းသည့် နိုင်ငံရေးပါတီများ

ရွေးကောက်ပွဲကျင်းပမယ့်အပေါ် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက “ရွေးကောက်ပွဲ ကျင်းပရာမှာ ကျင်းပနိုင်မယ့်နေရာတွေမှာ စတင်လုပ်ဆောင်မယ်လို့ယူဆပြီး နိုင်ငံရေးပါတီများအနေဖြင့်လည်း မှတ်ပုံတင်ရုံဖြင့်မပြီးဘဲ ပြည်သူများအတွက် သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုများနဲ့ မျှော်လင့်ချက်များ ပေးအပ်နိုင်ရန် လိုအပ်ကြောင်းနဲ့ ပြည်သူက နိုင်ငံရေးကို ယုံကြည်လာကာ ပရော်ဖက်ရှင်နယ်နိုင်ငံရေးသမားများအဖြစ် ပြည်သူလူထုရဲ့အခက်အခဲတွေကို ကိုယ်စားပြုပြီး ဆွေးနွေးတာ၊ ရလဒ်ကောင်းတွေရတာမျိုးကို ကြိုးစားသင့်တယ်” လို့ သူ့အမြင်ကို ထုတ်ဖော် ပြောကြားထားတာရှိပါတယ်။

ဒီမိုကရေစီစနစ်မှာ နိုင်ငံရေးပါတီတွေက အဓိကအရေးကြီးပြီး နိုင်ငံရေးပါတီတွေရဲ့ အရည်အချင်းရှိတဲ့ ကိုယ်စားလှယ်လောင်းတွေကို စနစ်တကျ ရွေးထုတ်နိုင်မှသာ အစိုးရကောင်းကို လွှတ်တော်က မွေးဖွားပေးနိုင်မှာဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေဟာ ပြည်သူလူထုအကျိုးစီးပွားအတွက် ပညာရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံ များ ဖွံ့ဖြိုးရေး၊ အလုပ်အကိုင်ရရှိရေး၊ တိုင်းပြည်တည်ငြိမ်ရေးအတွက် တာဝန်ရှိသကဲ့သို့ ဒေသတွင်းက တိုင်းရင်းသားပြည်သူလူထုကို စောင့်ရှောက်ကြရမယ့်လူများ ဖြစ်ပါတယ်။

နိုင်ငံတကာမှာလည်း နိုင်ငံရေးပါတီတွေက နိုင်ငံရဲ့သမိုင်းကြောင်း၊ ပထဝီနိုင်ငံရေးတို့ကို အခြေခံပြီး ခိုင်မာတဲ့မူဝါဒတွေချမှတ်လို့ အင်အားတောင့်တင်းအောင်တည်ဆောက်ပြီး ပြည်သူ့ အကျိုးပြုနေကြတာကို တွေ့ရှိရပါတယ်။ ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၂၆၅ နိုင်ငံအနက် ပါတီစုံစနစ် ကျင့်သုံးတဲ့နိုင်ငံ ၁၂၀ ကျော်၊ အင်အားကြီးပါတီအချို့ရဲ့ အလွှမ်းမိုးခံ ပါတီစုံစနစ်ကျင့်သုံးတဲ့ နိုင်ငံ ၅၀ ကျော် ရှိပါတယ်။ တစ်ပါတီဦးဆောင်တဲ့ နိုင်ငံရေးပါတီစနစ်ကျင့်သုံးတဲ့နိုင်ငံ ကိုးနိုင်ငံရှိပါတယ်။ ဘယ်လိုစနစ်ကျင့်သုံးတာဖြစ်စေ နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာကို နိုင်ငံရေးပါတီတွေက ထိန်းသိမ်းကာကွယ်ကြဖို့ တာဝန်ရှိပါတယ်။

နိုင်ငံရေးအားကောင်းတဲ့ ပါတီတွေအနေနဲ့ ယခုအခင်းအကျင်းမှာ ပါဝင်လာသင့်ပြီး သို့မှသာ တိုင်းပြည်ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ အင်အားစုတွေ ကျယ်ပြန့်လာနိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ နိုင်ငံရေးကျွမ်းကျင်သူအချို့ကတော့ ၂၀၂၅ ခုနှစ်ရွေးကောက်ပွဲက အစိုးရရဲ့ ထွက်ပေါက်မဟုတ်ဘဲ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေ ပြန်လည်ဦးမော့လာစေဖို့ အမြန်ဆုံးကျင်းပနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

ရွေးကောက်ပွဲအခင်းအကျင်းသစ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရွေးကောက်ပွဲကျင်းပနိုင်မယ့် အခင်းအကျင်းနှစ်မျိုး နဲ့ ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ ကျင်းပတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၂/၂၀၂၃) မှာ ထည့်သွင်းပြောကြားထားခဲ့ပါတယ်။ ထို့အတူ ယခုနှစ်မတ်လအတွင်းမှာ ပြည်ပမီဒီယာနဲ့တွေ့ဆုံမေးမြန်းမှုမှာတော့ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းတဲ့ဒေသတွေမှာ ရွေးကောက်ပွဲကို အပိုင်းလိုက် ပြန်လည်ကျင်းပသွားဖို့ရှိတယ်လို့ ဖြေကြားခဲ့ပါတယ်။

ရွေးကောက်ပွဲကြီးကို အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့အတွက် ကာကွယ်တဲ့ဥပဒေတွေကိုလည်း ရေးဆွဲပြဋ္ဌာန်းထားသင့်တယ်လို့ နိုင်ငံရေးကျွမ်းကျင်သူများက အကြံပြုကြပါတယ်။ ထို့အတူ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေကိုလည်း လုံခြုံတဲ့ဒေသတွေမှာသာ စည်းရုံးတာ၊ မီဒီယာ ပလက်ဖောင်းတွေနဲ့ အွန်လိုင်းကနေ စည်းရုံးတာစတဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှု ပုံစံအသစ် တွေကို ချမှတ်ထားသင့်တယ်လို့ ယူဆသူတွေလည်း ရှိပါတယ်။

တစ်ချိန်က ရွေးကောက်ပွဲပြန်လည်ကျင်းပမှာကို ဆိုးဆိုးရွားရွားကန့်ကွက်သံတွေ ညံခဲ့ကြပေမယ့် အချိန်ကာလအပြင် လက်ရှိနိုင်ငံရေးအခြေအနေနဲ့ နိုင်ငံတော်အစိုးရရဲ့ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး ကြိုးပမ်းချက်တွေအပေါ် နားလည်စပြုလာတဲ့ ပြည်ပနိုင်ငံအချို့ရှိနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက ပြောကြားထားခဲ့ပါတယ်။ အရင်က ဆန့်ကျင်ခဲ့တဲ့ နိုင်ငံအချို့ဟာ အခုအချိန်မှာ ပြည်သူအတွက် ရွေးကောက်ပွဲ ပြန်လည်ကျင်းပခြင်းကသာ အကောင်းဆုံးအဖြေ ဖြစ်တာကို သိရှိလာကြပြီး ကန့်ကွက်သံတွေ လျော့နည်းလာတယ်လို့လည်း သူကဆက်ပြောထားပါတယ်။ ရွေးကောက်ပွဲကို ပါတီကြီးတစ်ခုကပဲ အပြတ်အသတ်နိုင်တယ်ဆိုတာမျိုးမဟုတ်ဘဲ မျှတတဲ့ ရွေးကောက်ပွဲအဖြစ် ပါဝင်သင့် ပါဝင်ထိုက်တဲ့ ပါတီတွေ ပါဝင်ကြဖို့သင့်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦးက တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ဖြေကြားထားခဲ့ပါတယ်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်းမှသည် မဲစာရင်းမှန်ကန်ခြင်းဆီသို့

ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို လာမယ့်အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူသွားဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ သိရှိရပါတယ်။ လက်ရှိမှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူဖို့အတွက် စာရင်းကောက်ကွက် စုစု ပေါင်း ၁၁၀၀၀၀ ခန့် ရှိပြီး စာရင်းစစ်၊ စာရင်းကောက်အင်အား လေးသောင်းနဲ့ အသုံးပြုကောက်ယူမှာဖြစ်ပါတယ်။ စာရင်းကောက်ယူရာမှာလည်း အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု ပါဝင်ပြီး အဖွဲ့အစည်းမေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ခု မေးမြန်းကောက်ယူသွားဖို့ ပြင်ဆင်လျက်ရှိပါတယ်။ သန်းခေါင်စာရင်းရဲ့ ရှေ့ပြေးလူဦးရေစာရင်းကိုတော့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ထုတ်ပြန်နိုင်စေဖို့ ရည်မှန်းထားပါတယ်။

“ရွေးကောက်ပွဲက နိုင်ငံတော်အစိုးရ၏ ထွက်ပေါက်မဟုတ်ဘဲ တစ်နိုင်ငံလုံးအတွက် ထွက်ပေါက်ဖြစ်နိုင်တယ်” လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဦးဆောင်နာယကက မီဒီယာအင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။ ရွေးကောက်ပွဲအကျိုးဆက်အဖြစ် နိုင်ငံရေးပါတီတွေရဲ့အခန်းကဏ္ဍ မြင့်မားလာပြီး လွှတ်တော်ပေါ်လာတာ၊ အစိုးရသစ်ပေါ်လာတာတွေက အာဏာချိန်ခွင်လျှာ မျှတလာနိုင်ခြေရှိပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွေအတွက် လက်ရှိ အထွေထွေအကျပ်အတည်းတွေကနေ ဦးမော့လာနိုင်တယ်လို့ သူက ခန့်မှန်းပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲက သမိုင်းဝင် မသမာမှုများစွာနဲ့ ရုပ်ဆိုးအကျည်းတန်ခဲ့ရပါတယ်။ ဒီမိုကရေစီဆိုတာ အများရဲ့ဆန္ဒနဲ့ ဆောင်ရွက်ရတာဖြစ်ပြီး အများရဲ့ဆန္ဒကလည်း စစ်မှန်ပြီးရိုးသားတဲ့ နိုင်ငံရေးဖြစ်ဖို့ လိုအပ်ပါတယ်။ မဲစာရင်းကွာဟမှုတွေ၊ လွဲမှားမှုတွေကို စစ်ဆေးပေးဖို့ နိုင်ငံတော်သမ္မတမှသည် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့ထံကို နည်းလမ်းတကျ အကြိမ်ကြိမ်တင်ပြမှု၊ ထောက်ပြဝေဖန်မှုတွေကို ဂရုမမူခဲ့ဘဲ ရိုးရိုးဖြေပါက အောင်နိုင်ခြေရှိတဲ့ စာမေးပွဲကို မသမာတဲ့နည်းလမ်းတွေနဲ့ အမှတ်မတန်တဆရယူလိုတဲ့ အကျိုးဆက်အဖြစ် ပြည်သူတွေရဲ့မျှော်လင့်ချက်နဲ့ လျှောက်လှမ်းကြရမယ့် ဒီမိုကရေစီခရီးလမ်း တစ်စစီကျိုးပဲ့ခဲ့ရပါ တယ်။

ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲပြုလုပ်တာ၊ ဆန္ဒမဲပေးတာက ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်ပါတယ်။ မိမိတို့ပြည်သူတွေ မျှော်လင့်နေကြပါသော လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အမြန်ဆုံး စတင်နိုင်စေဖို့နဲ့ မြန်မာနိုင်ငံတော်ကြီး စစ်မီးလျှံတို့ ငြိမ်းအေးကာ အေးချမ်းသာယာပါစေကြောင်း ဆုတောင်းမျှော်လင့်နေမိပါတယ်။ ။