Skip to main content

တိုင်းပြည်သာယာဝပြောရေး ပြည်ထောင်စုစိတ်ဓာတ်ဖြင့် လက်တွဲဆောင်ရွက်ကြပါစို့

မောင်ငြိမ်းအေး

၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် (၇၇)နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွက် ကမ္ဘာတည်သရွေ့မမေ့နိုင်သော နေ့တစ်နေ့ဖြစ်သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် အမျိုးသားခေါင်းဆောင်ကြီးများက လွတ်လပ်ရေးရရှိရေးအတွက်၊ တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် နယ်ချဲ့အစိုးရနှင့် ရင်ဆိုင်တိုက်ပွဲဝင်နေစဉ် လမ်းခုလတ်၌ပင် မသမာသူနယ်ချဲ့လက်ပါးစေ အမျိုးသားသစ္စာဖောက်တို့၏ လက်ချက်ကြောင့် ကျဆုံးခဲ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် အာဇာနည်ခေါင်းဆောင်ကြီးများသည် လွတ်လပ်ရေးကို အသက်နှင့်လဲပေးဆပ်ကာ ရယူပေးခဲ့ကြသည်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်သည့် လွတ်လပ်သောနိုင်ငံအဖြစ် တင့်တယ်စွာရပ်တည်နိုင်အောင် လမ်းညွှန်ပြသပေးခဲ့သည်။ တိုင်းပြည်အတွက် အသက်ပေးဆပ်ခဲ့သည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးတရားများနှင့် လမ်းညွှန်မှာကြားခဲ့သည့်အတိုင်း ကျွန်ပ်တို့အားလုံးသည် လွတ်လပ်ရေးအဓွန့်ရှည် တည်တံ့ခိုင်မြဲရေးနှင့် တိုင်းပြည်သာယာဝပြောရေးအတွက် မမေ့မလျော့၊ တာဝန်သိသိ၊ သစ္စာရှိရှိ၊ ဇွဲမာန်အပြည့်ဖြင့် ဆက်လက်ထမ်းဆောင်ကြရမည်။

ဝိုင်းဝန်းဆောင်ရွက်

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အသက်သွေးတို့ဖြင့် ရင်းနှီးရယူပေးခဲ့သော လွတ်လပ်ရေးအဓွန့်ရှည်တည်တံ့ခိုင်မြဲရေးနှင့် လမ်းညွှန်ပေးခဲ့သည့် နိုင်ငံတော်သာယာဝပြောရေးတာဝန်များကို အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားများကို သိတတ်သောအားဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်မှာကြားခဲ့သော “တိုင်းပြည်ထူထောင်ရေးလုပ်ငန်းတွေ၊ ကာကွယ်ရေးလုပ်ငန်းတွေကို လုပ်တဲ့ အခါမှာ တိုင်းသူပြည်သားလူထုနဲ့ချီပြီးတော့ လုပ်ငန်းကိုလုပ်မှ အောင်မြင်လိမ့်မယ်” ဟူသည့် မှာကြားချက်နှင့်အညီ ပြည်သူလူထုတစ်ရပ်လုံးက နိုင်ငံတော်၏ ဦးဆောင်မှုနှင့်အတူ ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။

မျက်မှောက်ကာလတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်မှာကြားချက်များကို ဆက်လက်အကောင်အထည်ဖော်နေသည် ဟုခံယူထားပါသည်။ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၁ ရက် နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်တွေတပ်နယ်၌ “နိုင်ငံရေးနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်၊ နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး တပ်မတော်အနေဖြင့် ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် လုပ်ငန်းများအောင်မြင်မည်ဟုယုံကြည်ကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းသည့်အချိန်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲပြန်လည်ကျင်းပပေးမည်ဟု တပ်မတော်အနေဖြင့် အာမခံပြီးဖြစ်ကြောင်း၊ တပ်မတော်သည် ပြည်သူကြားမှ ပေါက်ဖွားလာပြီး တိုင်းပြည်၏ အစိတ်အပိုင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် မှန်မှန်ကန်ကန် လျှောက်လှမ်းနိုင်ရေး တပ်မတော်အနေဖြင့် ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ခိုင်ခိုင်မာမာဆောင်ရွက်

ထို့အပြင် “အမျိုးသားရေးမျှော်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် တိုင်းပြည်စားရေရိက္ခာပေါများရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းပြည်သာယာဝပြောရေးဆိုသည်မှာ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ဒီမိုကရေစီအပြည့်အဝရရှိသည့် နိုင်ငံဖြစ်ရန်လိုကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူများဘဝရပ်တည်နိုင်ရေးအတွက် အသိပညာ၊ အတတ်ပညာများရရှိအောင် ဆောင်ရွက်ပေးမှသာ ၎င်းတို့ဘဝတိုးတက်လာမည်ဖြစ်ကြောင်း၊ လွယ်ကူသည့်လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်၍ ခက်ခဲသည့်အလုပ်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် မျှော်မှန်းချက်များကို ခိုင်ခိုင်မာမာချမှတ်ဆောင်ရွက် သွားရန်လိုကြောင်း” ပြောကြားခဲ့သည်။

မျက်မှောက်ကာလတွင် ကိုလိုနီနယ်ချဲ့ လက်သစ်နှင့် လက်ဝေခံနိုင်ငံအချို့က ဖိအားပေးမှုများ၊ ပိတ်ဆို့မှုများ လုပ်ဆောင်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်တွင်းအဖျက်သမား သောင်းကျန်းသူများက တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ဖျက်ဆီးနေသည်။ ပြည်ထောင်စုပြိုကွဲပျက်စီးအောင် ပြုလုပ်နေသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို အားစိုက်လုပ်ဆောင်နေသည်။ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများကို စွမ်းအားရှိသရွေ့ ထုတ်လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်နေသည်။ နိုင်ငံတော်၏ ဦးဆောင်မှုဖြင့် တိုင်းပြည်ကာကွယ်ရေး၊ စီးပွားတိုးတက်ရေး၊ တည်ဆောက်ရေးတို့ အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

အခွင့်အရေးတန်းတူ

ပြည်ပနိုင်ငံအချို့က အကြမ်းဖက်သောင်းကျန်းသူများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အကူအညီပေးနေသည်။ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများက တစ်နိုင်ငံလုံးဖြန့်ကြက်၍ လုံခြုံရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်နေခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုကြီးမပြိုကွဲရေးအတွက် တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။ အချို့ဒေသများတွင် ငြိမ်းချမ်းရေးကိုလိုလားသည့် တိုင်းရင်းသားအဖွဲ့များက လုံခြုံရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။ နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တိုင်းရင်းသားများ အခွင့်အရေးတန်းတူရရှိရေး၊ အကာအကွယ်ရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိသည်။

စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်မာစွာလျှောက်လှမ်းနိုင်ရေး နိုင်ငံတော်အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော်လည်း အကြမ်းဖက်သောင်းကျန်းသူများက နိုင်ငံရေးကို အကြမ်းဖက်နည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်နေသည်။ နယ်မြေအလိုက် အာဏာထူထောင်ရေးကို ဆောင်ရွက်နေသည်။ လုံခြုံရေးတပ်ဖွဲ့များက တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးနေသည်။

လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေသည်။ တပ်မတော်သည် ပြည်ထောင်စုအကျိုးကိုရှေးရှု၍ လက်နက်ကိုင် ပဋိပက္ခများကို ခုခံကာကွယ်သည်မှအပ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေသည်။ နိုင်ငံရေးပါတီများ၊ NCA တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

အားကောင်းအောင်ကြိုးပမ်း

စိုက်ပျိုး၊ မွေးမြူရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်နေသည်။ နိုင်ငံသူ၊ နိုင်ငံသားများ စားရေရိက္ခာဖူလုံရေး၊ လူမှုစီးပွားမြင့်မားတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်နေသည်။ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်များကို တိုးချဲ့ဖွဲ့စည်းပေးခဲ့ပြီး ထိရောက်သည့် အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်ပေးနေသည်။ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ ဖွံ့ဖြိုးတိုးတက်မှု အားကောင်းလာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ် တည်ဆောက်ရာတွင် ပညာရည်မြင့်မားရေးသည် အရေးကြီးသဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေး၊ KG+9 အထိ မသင်မနေရ ပညာသင်ကြားနိုင်ရေးကို သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသော အချို့ဒေသများ၌ ကျောင်းများဖွင့်လှစ်နိုင်ခြင်းမရှိသေးပေ။ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲတွင် CDM ဆောင်ရွက်မှုများကြောင့် နယ်ပယ်ကဏ္ဍအသီးသီးရှိ လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးသွားခဲ့သည်။ ကာယကံရှင်များ ထိခိုက်နစ်နာမှုများဖြစ်ကြရသလို နိုင်ငံတော်အတွက်လည်း ဆုံးရှုံးမှုပင်ဖြစ်သည်။ အဆိုပါနစ်နာဆုံးရှုံးမှုများကို ကုစားပေးနိုင်ရန် နိုင်ငံတော်အစိုးရက ယင်းဝန်ထမ်းများကို လုပ်ငန်းခွင်စွန့်ခွာရသည့် အကြောင်းအရာပေါ်မူတည်၍ အမည်မည်းစာရင်းမှ ပယ်ဖျက်ဖြေလျှော့ပေးပြီး ပုံမှန်အတိုင်း နေထိုင်လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိသည်။

ဦးစားပေးဆောင်ရွက်

လစ်ဟာသွားသော ပညာရေးဝန်ထမ်းများ ပြန်လည်ပြည့်မီဆောင်ရွက်နိုင်ရေး၊ မဖွင့်လှစ်ရသေးသော ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ဖွင့်လှစ်ပြီးကျောင်းများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ ပညာရေးဝန်ထမ်းများ လုံခြုံရေး၊ ချီးမြှင့်ထောက်ပံ့ရေးနှင့် အလားတူလစ်ဟာသွားသည့် ကျန်းမာရေးဝန်ထမ်းများ ပြည့်မီစွာပြန်လည်ခန့်ထားနိုင်ရေး၊ ဆရာဝန်မရှိသည့် ဆေးရုံဟူ၍ မရှိစေရေး၊ အခြေခံလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံသူနိုင်ငံသားများ ကျန်းမာကြံ့ခိုင်ပြီး ပညာတတ်သူများ ပေါများရေးသည် နိုင်ငံအတွက်အရေးကြီးသဖြင့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံတော်၏ အန္တိမရည်မှန်းချက်သည် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးဖြစ်သည်။ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်သည့် ရွေးကောက်ပွဲသည် ပြည်သူများ၏လိုလားမှုဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။ နိုင်ငံ့သမိုင်းတွင် ဆိုးရွားသည့် အမည်းစက်ဖြစ်ခဲ့ရသည့် ၂၀၂၀ ပြည့်နှစ် မဲစာရင်းမှားယွင်းသည့် အဖြစ်မျိုးထပ်မံမဖြစ်ပွားစေရန် အဖြစ်နိုင်ဆုံး မဲစာရင်းမှားယွင်းမှုမဖြစ်စေရန် ဆောင်ရွက်လျက်ရှိသည်။ မဲစာရင်းမှားယွင်းမှုမဖြစ်စေရေး လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိသည်။ မှန်ကန်သည့် မဲစာရင်းများရရှိမှသာ ရွေးကောက်ပွဲကို မှန်ကန်ချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

သမိုင်းပေးတာဝန်ထမ်းဆောင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မျက်မှောက်ကာလ ဆောင်ရွက်ချက်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးကောင်းမွန်ရေး၊ လူမှုစီးပွားဘဝမြင့်မားတိုးတက်ရေးတို့အတွက် နိုင်ငံကိုတာဝန်ယူဆောင်ရွက်နေသော ကာလအတွင်းအကောင်းဆုံး အဖြစ်နိုင်ဆုံး ဆောင်ရွက်နေခြင်းဖြစ်သည်။ အနှောင့်အယှက်အမျိုးမျိုးအဖုံဖုံ ကြုံတွေ့နေသည့် ပြည်ထောင်စုကြီးကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် တို့တာဝန်အရေးသုံးပါးကို တပ်မတော်အနေဖြင့် သမိုင်းပေးတာဝန်အဖြစ် ကျေပွန်စွာထမ်းဆောင်လျက်ရှိသည်။

မျက်မှောက်ကာလတွင် ဗိုလ်ချုပ်အောင်ဆန်း ကြိုတင်မြော်တွေးထားခဲ့သည့် အခြေအနေများအတိုင်း ကြုံတွေ့လျက်ရှိသည်ဟု ဆိုနိုင်ပါသည်။ အမြော်အမြင်ကြီးမားသည့် အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၏ ကြိုတင်မြော်တွေးထားသည်များမှာ သွေးထွက်အောင်ပင်မှန်နေသည်ကို မြင်တွေ့နိုင်ပါသည်။ ဗိုလ်ချုပ် ကြိုတင်မြော်တွေးထားခဲ့သည့် မြန်မာပြည်၏ စီးပွားရေးတိုက်ပွဲဟာ ရှည်ကြာမည်၊ ခက်ခဲမည်ဆိုသည့်အတိုင်း ပြည်တွင်း/ပြည်ပ အနှောင့်အယှက်မျိုးစုံတို့ကြောင့် စီးပွားရေးတွင် အောင်မြင်မည့်အခြေအနေများရှိပါလျက်နှင့် အခက်အခဲများကြုံတွေ့နေသည်။ ကြန့်ကြာမှုများ၊ နှောင့်နှေးမှုများ၊ စိန်ခေါ်မှုများရှိနေသည်။

ဗိုလ်ချုပ်သဘောထား

စည်းလုံးညီညွတ်မှုပျက်ပြားအောင် ပြည်တွင်း/ပြည်ပနှောင့်ယှက်မှုမျိုးစုံ ကြုံတွေ့နေသည်။ ကိုယ့်လူမျိုးအချင်းချင်း သတ်ဖြတ်၊ လုယက်၊ တိုက်ခိုက်၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေကြသည်။ တိုင်းပြည်ကိုကာကွယ်ရန်၊ တစ်တိုင်းပြည်လုံး ကြီးပွားစေရန် ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့ကတခြား အကွဲကွဲအပြားပြား မပြုလုပ်ရန်လိုသည်။ ပြန်လည်ထူထောင်ရေးဖြစ်စေ၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးဖြစ်စေ၊ တိုင်းပြည်ကာကွယ်ရေးဖြစ်စေ လုပ်သည့်အခါတွင် တိုင်းပြည် လူထုနှင့်ယှဉ်ပြီး ကိုယ်ထိလက်ရောက် ပါဝင်လုပ်ဆောင်ကြရန်လိုသည်။ စုပေါင်းလုပ်ကြရန် လိုသည်။ တိုင်းရင်းသားအချင်းချင်းညီညတ်ရေး၊ တိုင်းရင်းသားလူထုညီညွတ်ရေး၊ တိုင်းသူပြည်သားလူထုညီညွတ်ရေး၊ ထိုညီညွတ်ရေးနှစ်ခုရှိရန်လိုအပ်သည်။ ယင်းတို့သည် ဗိုလ်ချုပ်အောင်ဆန်းမှာကြားခဲ့သော သဘောထားများဖြစ်သည်။

ထို့ကြောင့် ကျွန်ပ်တို့သည် ဗိုလ်ချုပ်အောင်ဆန်းကို ချစ်မြတ်နိုးသလို၊ လေးစားတန်ဖိုးထားသလို၊ မမေ့နိုင်သလို ဗိုလ်ချုပ်မှာကြားချက်များကို အလေးထားကြရမည်ဖြစ်သည်။ ဆက်လက်အကောင်အထည်ဖော်ကြရမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် နိုင်ငံတော်ကဆောင်ရွက်နေသည့် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စည်းလုံးညီညွတ်ရေး၊ လူမှုစီးပွားဘဝမြင့်မားတိုးတက်ရေး ဆောင်ရွက်ချက်များသည် ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းသည့်အတိုင်း အကောင်အထည်ဖော်နေခြင်းဖြစ်၍ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တိုင်းပြည်သာယာဝပြောရေးတို့ကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။ ။