စိတ်ခွန်အားမှသည် စိတ်တန်ခိုးဖြင့် … ဆီသို့
သဲဟန်(ဘန်ကောက်)
စိတ်သာရှင်စော၊ ဘုရားဟော။ မြတ်ဗုဒ္ဓဟောခဲ့တာမှာ စိတ်ကိုအသေးစိတ်၊ အနုစိတ်တာမှ ခေတ်သစ် QUANTUM PHYSICS အထိ၊ ATOM, PROTON, NEUTRONS, ELECTRONS ခေတ်သစ်ရူပဗေဒတွေ့ရှိချက်တွေကို နှစ်ပေါင်း ၂၆၀၀ ကျော်ကတည်းက တွေ့ရှိဟောကြားခဲ့တာပါ။
ဗုဒ္ဓဘာသာမြန်မာအများစုကတော့ ရုပ်မြင်သံကြားက မဟာဗောဓိတရားတွေလာရင် ကိုရီးယားကား CHANNEL ကို REMOTE ခလုတ် ကလေးနှိပ်ပြောင်းကြည့်လေ့ရှိကြပါတယ်။ ဒါကိုတွေ့တော့ ကိုးကွယ်ရာဘာသာမရှိတဲ့ စင်ရော်ငှက် ကလေးယောနသန်ရယ်၊ ကံအကြောင်းမလှခဲ့တဲ့ နာကြည်းစရာဘဝ ဘာသာမဲ့ ၁၂ နှစ်သားကလေးအရွယ်ကနေ စိတ်တန်ခိုးနဲ့ အလွန်အောင်မြင်သော ဦးနှောက်နဲ့ စိတ်ပညာရှင်ကြီးတစ်ဦးအကြောင်းဖတ်ပြီးတော့ ဗုဒ္ဓဘာသာဝင်တွေ ကိုယ်စားရှက်ပြုံးလေးပြုံးမိရပါတယ်။ တစ်ချိန်တည်းမှာပဲ အဆိုတော်အောင်ကိုလတ်ဆိုခဲ့တဲ့ A B C D မတတ်ဘဲနဲ့ အရပ်ထဲကိုလည်ဆိုတဲ့သီချင်းကို တီးတိုးညည်းမိပါတယ်။
လူတိုင်းရဲ့ အတွင်းသဏ္ဌာန်ထဲက အကောင်းတွေ မြင်အောင်ကြည့်
RICHARD BACH ရဲ့ ယောနသန်စင်ရော်ကို အကြိမ်ကြိမ်ဖတ်ခဲ့ဖူးပါတယ်။ တစ်ခါပြန်ဖတ်တိုင်း ဖတ်တိုင်းအတွေးတစ်မျိုး၊ အသိဉာဏ်တစ်မျိုးပေါ်ပါတယ်။ ငယ်ငယ်တုန်းကတော့ သူများမလုပ်နိုင်တာကို ကြိုးစားထိုးဖောက်လုပ်နိုင်စွမ်းရည်ကို အားကျခဲ့ရတာပါ။
မေတ္တာတွေ၊ ကရုဏာတွေ၊ တရားသဘောတွေ ပါမှန်းမသိခဲ့ပါဘူး။ အခုကြီးလာတဲ့အခါ၊ တစ်ခါပြန်ဖတ်တိုင်း ဖတ်တိုင်းစိတ်ရဲ့တန်ခိုးစိတ်စွမ်းအားတွေ၊ လုံ့လစိုက်ထုတ်မှု၊ ဒဿနိကသဘော၊ ပရမတ္တတရားသဘောတွေ ထင်ဟပ်သဘောပေါက်လာရပါတယ်။ မူရင်းအင်္ဂလိပ်ဘာသာ JONATHAN LIVINGSTON SEAGULL ကို ဖတ်လိုက်တွေးလိုက်၊ ဓမ္မိကဘသန်း(လွတ်လပ်ရေးမော်ကွန်းဝင် သရေစည်သူ၊ ဗိုလ်မှူးကြီး)ရဲ့ မြန်မာပြန်ကို ဖတ်လိုက်နဲ့၊ ဖတ်တိုင်းဖတ်တိုင်း၊ စိတ်ခွန်အားတွေ၊ တဖွားဖွားဖြစ်စေခဲ့ပါတယ်။
ယောနသန်စင်ရော်ဟာ သာမန်ငှက်ပိန်းမဟုတ်ပါ။ လေဟုန်ဝေဟင်ကနေ အဖန်ဖန်ပြန်ကျလဲ၊ အားသစ်ဖြည့်ပြန်ထ၊ အထက်အောက်ပျံသန်းနိုင်တဲ့ ငှက်စွမ်းကောင်းပါ။ ပေတစ်ထောင်အမြင့် အာကာယံကနေ ပင်လယ်ထဲထိုးကျအရှိန်ယူပြီး၊ အရှိန်ဖြင့် ရုတ်ခြည်းစောက်ထိုးပြု၊ တည့်တည့်မတ်မတ်ကြီးအောက်သို့ ပင်လယ်လှိုင်းများဆီသို့ မီးပွင့်လုမတတ်စိုက်ထိုးဆင်းသက်တတ်တဲ့ ယောနသန်စင်ရော်ပါ။
အောက်စိုက်ကျဆင်းရာကနေ ခက်ခက်ခဲခဲပေတစ်ထောင်အမြင့် အာကာတွေကို ပြန်တက်၊ ရှေ့တည့်တည့် အားကုန်ပျံ၊ နောက်တစ်ခါအောက်ကို စောက်ထိုးဒေါင်လိုက်ကြီး စိုက်ချတဲ့ ယောနသန်၊ ဂျင်လိုတလိမ့်ခေါက်ကွေးကျပြန်ပြီး ပြန်တက်လိုက်။
တစ်ခါတုန်းက စင်ရော်အိုငှက်ကြီးတစ်ကောင်က သူ့ကိုလိုက်ထိုးပြီး အနိုင်ကျင့်လို့ သူကြိုးစားရယူထားတဲ့ ငါးငယ်လေးတစ်ကောင်ကို ချပေးလိုက်ရတာသူမမေ့။ အားကြီးသူက အနိုင်ကျင့်စမြဲ။ ဪ - ဒီအစာအတွက် အချိန်ကုန်ခံမည့်အစား၊ အချိန်တွေကို အပျံလေ့ကျင့်ခြင်းဖြင့် ကုန်စေတာမကောင်းပါလား၊ လေ့လာစရာ၊ သင်ယူစရာ၊ နိဿရည်းတွေ အများကြီးတောင်မှပဲ၊ ဒါသူ့အတွေး။
သတ္တဝါဆိုတဲ့ ဘဝကိုရလာကြတာဟာ သင်ယူဖို့၊ တွေ့ရှိဖို့၊ တတ်မြောက်ဖို့၊ ကျော်လွှားနိုင်ဖို့။ ဒါဟာစင်ရော်ငှက်ကလေးက လူသားတွေကိုပေးတဲ့ သင်ခန်းစာ။ လူသားတွေ လေသူရဲတွေအတွက် ယောနသန်စင်ရော်ငှက်ကပေးတဲ့ စိတ်ခွန်အား၊ စိတ်တန်ခိုး…။
“ငါဟာအရိုးနဲ့အသွေးဆိုတဲ့ ရုပ်ဓာတ်သာရှိတာမဟုတ်ဘူး။ ဘာကမှကန့်သတ်ချုပ်ချယ်မထားတဲ့ ကျွတ်တမ်းဝင်တရားနဲ့ လွတ်မြောက်စွာပျံသန်းမှုတရားတွေကို ထိုးသွင်းသိမြင်တဲ့ ဉာဏ်ပညာဆိုတဲ့ နာမ်ဓာတ်တစ်ခုလည်း တွေ့ရတယ်။”
ဟော ရုပ်နဲ့နာမ်တရားကို စင်ရော်ငှက်က ပြနေပြီပါပကောလား။
ဆရာယောနသန်က အကြဉ်ခံထားရတဲ့ ဖလက်ချာငှက်ကလေးကို သင်ပေးတယ်။ ဒီမှာဖလက်ချာ၊ မင်းရဲ့မံသမျက်စိတွေက ပြောပြနေတာတွေ မင်းမယုံလေနဲ့။ အဲဒါအကန့်အသတ် အချုပ်အချယ်တွေပဲ။ ဘာကိုမဆို အမြင်သိနဲ့သာ မဟုတ်ဘဲ ပညာသိနဲ့ နားလည်အောင်၊ မြင်တတ်အောင်၊ တွေ့အောင်ရှာကြည့်ကွ။ ဒါဆိုပျံသန်းခြင်းအတတ်ရဲ့ လမ်းမတော်ကြီးကို မင်းမြင်လာလိမ့်မယ်တဲ့။ ဒီမှာမင်းကိုကြဉ်ထားတဲ့ အုပ်စုကြီးဆီကိုမင်းပြန်သွားပြီ၊ မင်းတတ်တဲ့ပညာသင်ပေးချင်တဲ့ စိတ်မျိုးပေါ်လာသည်အထိ မင်းမေတ္တာပွားရမယ်။ မင်းသတိပြုရမှာက မုန်းတီးခြင်းနဲ့ မကောင်းမှုဆိုတာကို မင်းမစွဲလမ်းရဘူး၊ မချစ်ရဘူး။ သူတို့တစ်ကောင်ချင်း၊ တစ်ဦးချင်း၊ တစ်ယောက်စီတိုင်းရဲ့ အတွင်းသဏ္ဌာန်ထဲမှ အကောင်းတွေကို မင်းမြင်အောင်ကြည့်ဖို့ ကြိုးစား။ ဒီအကောင်းတွေမြင်လာရင် မင်းသူတို့ကို အကူအညီ ပေးရမယ်။ မေတ္တာတရားဆိုတာဒါမျိုးပဲလို့ ငါဆိုလိုချင်တာ၊ မေတ္တာတရားရဲ့အထာကို မင်းသိလာရင် သိပ်ပျော်စရာကောင်းတယ်တဲ့။
အလိုလေး၊ ဒါယောနသန်စင်ရော်က ဖလက်ချာငှက်လေးကို တရားပြနေတာ၊ မေတ္တာတရားသင်ပေးနေတာ။ လူတွေကို ကြည့်လိုက်ကြပါဦးကွယ်တို့ရယ်။
တိရစ္ဆာန်မှာကိုးကွယ်တဲ့ ဘာသာမရှိဘူးရယ်၊ ဒါပေမယ့် မေတ္တာတရား၊ ရုပ်တရား၊ နာမ်တရားတွေကို သူညွှန်ပြသွားတယ်လေ။
ကရုဏာဖြင့် နှလုံးသားဒဏ်ရာ ကုစားအောင်နိုင်ခြင်း
ကရုဏာတရားကို လက်တွေ့ပွားများခြင်းကနေဘဝမှာ ဘယ်လိုမှမမျှော်မှန်းနိုင်တဲ့ ပြောင်းလဲမှု၊ အောင်မြင်မှုတွေရခဲ့တာကို ဘာသာတရားမရှိ စိတ်ဒဏ်ရာအပြည့်နဲ့ ၁၃ နှစ်သား အမေရိကန် နိုင်ငံသားကလေးငယ်က သက်သေပြလိုက်ပါပြီ။
ဖခင်အရက်သမားမူးပြီး ကားတိုက်လို့ အလုပ်ပြုတ်၊ ထောင်ခဏခဏကျ၊ မိခင်ကစိတ်ကျရောဂါနဲ့ သူ့ကိုယ်သူ သေကြောင်းကြံတာမှ အကြိမ်ကြိမ်၊ အမေ့ဆေးရုံပို့ဖို့၊ ကျောင်းအကြိမ်ကြိမ်ပျက်၊ သူ့ပညာရေးကိုလည်း မိဘကမပံ့ပိုးနိုင်၊ ဒီလိုကံအကြောင်းမလှတဲ့ ကလေးငယ်လေးဟာ ဆိုးကျိုးတွေ၊ ခါးသီးမှုတွေနဲ့ သူ့ဘဝဟာ ကျိန်စာသင့်နေတယ်လို့ သူထင်မိတယ်။ တစ်နေ့မထင်မှတ်ဘဲ ကရုဏာတရားရှုမှတ်ဖို့ သင်ပေးတဲ့သူနဲ့ ကြုံခဲ့ရတယ်။ ဒါသူ့ ဘဝရဲ့ အံ့မခန်းပြောင်းလဲချက်ခြေလှမ်းပါ။
မျက်လှည့်ဝါသနာပါတဲ့ ကလေးငယ်ဟာ မျက်လှည့်ပစ္စည်းရောင်းတဲ့ ဆိုင်တစ်ဆိုင်ကိုရောက်သွားပြီး ဆိုင်ရှင်ရဲ့မိခင်က ကလေးကိုမျက်လှည့်သင်ပေးမယ်ဆိုရာက စခဲ့ပါတယ်။ တကယ်တော့ အမျိုးသမီးကြီးဟာ မျက်လှည့်မတတ်ပါဘူး၊ ကလေးကို အသက်ရှူသွင်း၊ ရှူထုတ်လေ့ကျင့်ပြီး ကရုဏာပွားတတ်အောင် သင်ပေးခဲ့တာပါ။ ကရုဏာတရားပွားခြင်းနဲ့ ဝင်လေထွက်လေရှုမှတ်ခြင်း အလေ့အကျင့်ကို ထူထောင်ပေးလိုက်တာပါ။ ဒီအလေ့အကျင့်ဟာ သူ့နှလုံးသားဒဏ်ရာတွေကို ကုစားပေးနိုင်ရုံသာမက သူ့နားက သူတွေရဲ့ နှလုံးသားဒဏ်ရာတွေကိုပါ သူကုစားပေးနိုင်ခဲ့ပါပြီ။
သူဟာ ဒီကနေ့အလွန်အောင်မြင်ကျော်ကြားနေတဲ့၊ ဦးနှောက်ခွဲစိတ် အထူးကုဆရာဝန်ကြီး၊ ဦးနှောက်နဲ့ နှလုံးသားချိတ်ဆက်မှု သုတေသနပညာရှင်ပါမောက္ခကြီး၊ CCARE - CENTER FOR COMPASSION ALTRUISM RESEARCH & EDUCATION ခေါ်တဲ့ ကရုဏာနဲ့မုဒိတာ သုတေသနနဲ့ ပညာရေးဗဟိုဌာနကြီးတစ်ခု တည်ထောင်သူ၊ ဦးဆောင်သူ ညွှန်ကြားရေးမှူးတစ်ဦး ဖြစ်လာခဲ့ပါပြီ။
ဘာသာမဲ့တဲ့၊ ဗုဒ္ဓဘာသာမဟုတ်တဲ့ ဒီသူငယ်လေးဟာ ကရုဏာတရား၊ မုဒိတာတရား လူနာတွေကိုပွားများစေပြီး ဆေးကုပေးနေပါပြီ။ ဦးနှောက်ခွဲစိတ်ခန်းဝင်တဲ့အခါ လူနာရဲ့အသက်အတွက်၊ သေမင်းနဲ့ စစ်ခင်းရအချိန်မှာ သူဟာဝင်လေ ထွက်လေမှတ်၊ ကရုဏာ၊ မုဒိတာကမ္မဋ္ဌာန်းခေတ္တရှုပြီးမှ ဓားကိုင်သော လက်မတုန်ရအောင် ဆက်ထိန်းခွဲစိတ်နိုင်တော့တယ်လို့ ပြောပါတယ်။
ဒီလိုကရုဏာတရားရှုနည်း၊ မုဒိတာတရားရှုနည်းကို စာရေးသူရဲ့ကျေးဇူးရှင် အောက်စ်ဖို့ဆရာတော်ကြီးရဲ့ တရားစခန်းမှာ အမြဲပွားများကျင့်ရပါတယ်။ နှလုံးသားတံခါးကို ဖွင့်ထားကြလို့ ဆရာတော်ကြီး သွန်သင်ဆုံးမမှုတွေ စာအုပ်လည်းပဲထုတ်ထားပါတယ်။ ကရုဏာဆိုတာ တစ်ဖက်သားရဲ့ဒုက္ခကို ကိုယ်ချင်းစာနာထောက်ထားတာပါ။ ကိုယ်ကိုယ်တိုင်ကမှ ရေနစ်နေရင်သူတစ်ပါးကို ဘယ်လိုကယ်တင်မှာလဲ။ ဒါကြောင့် ကရုဏာတရားရှုမှတ်နည်းမှာ -
၁။ ကိုယ့်ကိုယ်ကိုယ်အရင် ကရုဏာပွားရပါတယ်။
၂။ ကိုယ်နဲ့အနီးကပ်ဆုံး (မိဘ၊ ခင်ပွန်း၊ သားသမီး)၊
၃။ လုပ်ဖော်ကိုင်ဖက် ခင်မင်ရင်းနှီးသူ၊
၄။ ကိုယ်နဲ့မသိတဲ့ သူစိမ်း၊
၅။ ကိုယ့်ကိုရန်ပြုစော်ကားသူ၊ မုန်းတီးသူ။
ဒီအုပ်စုငါးစုကို တစ်လွှာချင်းကရုဏာပွားရပါတယ်။ အုပ်စု ၁ ကနေ ၄ အထိ ခိုင်ပြီးမှသာ အုပ်စု ၅ ကို ပွားနိုင်မှာပါ။ ဘဝမှာဘယ်လိုခက်ခဲမှု၊ ရုန်းကန်မှုတွေကြုံခဲ့ရသလဲဆိုတာကို အလွှာလိုက် ကရုဏာပွားရပါတယ်။
နောက်တစ်ဆင့် မုဒိတာကမ္မဋ္ဌာန်းပွားများခြင်းမှာတော့ ဒီလိုဒုက္ခတွေ၊ ကျဆုံးမှုတွေကျော်လွှားနိုင်ခဲ့ပြီး ဝမ်းမြောက်ရတဲ့၊ ပျော်ရွှင်ရတဲ့ အကြောင်းအရာလေးတွေကို ခုနလိုပဲ အလွှာငါးလွှာခွဲပြီး ပွားရပါတယ်။
စာရေးသူတရားစခန်းမျိုးစုံဝင်ခဲ့၊ ဆရာများစွာထံက တရားဆည်းပူးခဲ့ရာ သက်တမ်းတစ်လျှောက်လုံး ဒီလိုဂရုဏာ၊ မုဒိတာတရားရှုမှတ်နည်းကို အောက်စ်ဖို့ဆရာတော်ဆီရောက်မှပဲ စကြားဖူး၊ အားထုတ်ဖူးတော့တယ်။ ဆရာတော်ကြီးရဲ့ ကျေးဇူးကြီးမားလှပါတယ်။ နှလုံးသားတံခါးကိုဖွင့်စေခဲ့တဲ့ ဆရာတော်ကြီးကိုလည်း ဒီဆောင်းပါးဖြင့် ဦးညွှတ်ကန်တော့ပါတယ်ဘုရား။
ဗုဒ္ဓရဲ့တရားရှုမှတ်နည်းမျိုးစုံကို ရိပ်သာမျိုးစုံ၊ နည်းမျိုးစုံနဲ့ သူ့သာဓကနဲ့သူ တရားမိုးတွေရွာသွန်းပေးနေတဲ့ စာရေးသူတို့နိုင်ငံမှာ အဘယ်ကြောင့်များ မေတ္တာ၊ ကရုဏာ၊ မုဒိတာတရားများ ဆိတ်သုဉ်းနေရပါသလဲလို့ အကြိမ်ကြိမ်မေးခွန်းထုတ်မိပါတယ်။
ခုနပြောတဲ့ ဘာသာမဲ့၊ ဦးနှောက်ဆရာဝန်ကြီးရဲ့ သုတေသနဆောင်ရွက်ချက် စာတမ်းတွေကို လေ့လာကြည့်ရာမှာတော့ ဒီလိုကရုဏာပွား၊ မုဒိတာပွားနေတဲ့အခါ ဦးနှောက်ကနေ ဟော်မုန်းအရည်တွေထွက်လာပြီး ဦးနှောက်ကို ပြုပြင်ပြောင်းလဲစေနိုင်တယ်လို့ ဖတ်မှတ်ရပါတယ်။ အောက်စ်ဖို့ဆရာတော်ကြီးရဲ့ စကားနဲ့ပြောရရင်တော့ ဦးနှောက်ရဲ့အနောက်ခြမ်း၊ ဝံပုလွေအမည်းက မကောင်းတဲ့အတွေး၊ အပြစ်မြင်၊ အပျက်သဘောအတွေးအမြင်တွေ လွှမ်းမိုးနေတဲ့ ဦးနှောက်အပိုင်းက ကျုံ့သွားပြီး ဦးနှောက်အရှေ့ခြမ်း ဝံပုလွေအဖြူ အကောင်းမြင်၊ အပြုသဘောဆောင်၊ တွေးခေါ်တတ်တဲ့ ဦးနှောက်အပိုင်းက ကြီးထွားဖွံ့ဖြိုးလာတယ်လို့ သင်ယူမှတ်သားရပါတယ်။
ခုနကဆရာဝန်ကြီးက ဘာသာကိုးကွယ်မှုမရှိပါဘူး။ ဒါပေမယ့် သူဟာကရုဏာ၊ မုဒိတာပွားပြီး ဗြဟ္မစိုရ်တရားနဲ့ ဆေးကုပါတယ်။ ဦးနှောက်နဲ့ နှလုံးအိမ်ဟာဒယဆက်နွှယ်မှုကို အထူးပြုသုတေသနလုပ်တဲ့ ဆရာဝန်ကြီးဟာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ အကြင်နာတရားပွားခြင်းကို သူ့ရဲ့ဆေးပညာ လက်နက်တန်ဆာအဖြစ် အသုံးပြုပါတယ်။
ဒီကနေ့ ဦးနှောက်နဲ့ စိတ်ပညာဆရာဝန်ကြီး တော်တော်များများဟာ လူနာတွေကို တရားရှုမှတ်စေတဲ့ နည်းနဲ့ကုသနေကြတာ အတော်လေးခရီး ရောက်နေကြပါပြီ။
ရှေ့မှာပြောခဲ့တဲ့ ယောနသန်စင်ရော်ငှက် ကလေးကရော ဘာပြောသလဲ။ ကိုယ့်ကိုကြဉ်ထားတဲ့ ရန်ဘက်အုပ်စုကို မေတ္တာထားနိုင်အောင်သူတို့ အကျိုးကိုလိုလိုလားလား ကူညီဆောင်ရွက်ဖို့ ညွှန်ကြားပါတယ်။
သူတို့ ဗုဒ္ဓတရားတွေမသင်ယူဖူးကြပါဘူး။ ဒါဆိုရင် စာရေးသူတို့ ဗုဒ္ဓဘာသာတွေ မေတ္တာ၊ ကရုဏာ၊ မုဒိတာတွေ ဘယ်လောက်ပွားများနိုင်ကြပြီလဲ။ မုန်းစွဲတွေကို တွယ်တာနေရမှာမဟုတ်၊ မေ့ပစ်ရမှာဆိုတဲ့ ယောနသန်စင်ရော် တိရစ္ဆာန်ရဲ့ညွှန်ပြမှု။
အမှတ်မထင် အဆိုတော်အောင်ကိုလတ်ရဲ့ “အေ ဘီ စီ ဒီ မတတ်ဘဲနဲ့ အရပ်ထဲကိုလည်” သီချင်းကို တီးတိုးဆိုမိလိုက်ပါတော့တယ်။
ABCD မတတ်ဘဲနဲ့ အရပ်ထဲကိုလည်
ဦးနှောက်နဲ့နှလုံး ဟာဒယချိတ်ဆက်မှုကို သုတေသနပြုခဲ့တဲ့ ဆရာဝန်ကြီး ဟိုးတစ်ချိန်ဘဝမလှခဲ့၊ အလွန်ဆင်းရဲခဲ့၊ နာကြည်းခဲ့ရတဲ့ဘဝကနေ ကရုဏာတရား၊ ဝင်လေထွက်လေ ရှုမှတ်ပြီး ဒီကနေ့ အောင်မြင်ကျော်ကြားနေတဲ့ ဆရာဝန်ကြီး CCARE ကရုဏာ၊ မုဒိတာ သုတေသနနဲ့ ပညာရေးဗဟို ဝန်ဆောင်မှုပေး၊ ဆေးကုသတဲ့ဆရာဝန်ကြီးဆီက A B C D ကို စာရေးသူ ခုမှသင်ယူနေရပါတယ်။ သူကနှလုံးသားရဲ့အက္ခရာဟာ C D E F G H I J K L လို့ ဖွင့်ဆိုပါတယ်။
C= Compassion(ကရုဏာ၊ စာနာရိုင်းပင်းမှု)
D=DIGNITY(ဂုဏ်သိက္ခာ၊ ကိုယ်ကျင့်တရား)
E=EQUANIMITY(စိတ်တည်ငြိမ်၊ တုန်လှုပ်ချောက်ချားမှုကင်းခြင်း)
F=FORGIVENESS (ခွင့်လွှတ်ခြင်း၊ ခန္တီ)
G=GRATITUTE(ကျေးဇူးတရားသိတတ်ခြင်း)
H=HUMILITY (နှိမ့်ချခြင်း)
I=INTEGRITY(ရိုးသားဖြောင့်မှတ်တည်ကြည်ခြင်း)
J=JUSTICE(တရားမျှတခြင်း)
K=KINDNESS(သနားကရုဏာတရား)
I=LOVE(ချစ်ခြင်းမေတ္တာ)
ဆရာဝန်ကြီးဖွင့်ဆိုတဲ့ A B C D ကို နှလုံးသားမှာ လေးလေးနက်နက် အက္ခရာထွင်းနိုင်ရင်တော့ စာရေးသူတို့ရဲ့ ဦးနှောက်မှာ ဝံပုလွေအမည်းအတွက် နေရာမရှိတော့ဘဲ၊ ဝံပုလွေအဖြူက နေရာယူထားမှာဖြစ်လို့ စိတ်ရဲ့ခွန်အား၊ စိတ်ရဲ့တန်ခိုးများကြောင့် မကောင်းတဲ့အကျင့်အတွေးတွေ ပယ်ဖျောက်ပြီး ကောင်းကျိုးလိုရာ ရည်မှန်းချက်ပန်းတိုင်ဆီသို့ ဧကန်မလွဲရောက်ကြရမှာပါ။
နိဂုံးချုပ်လေးမှာ နောင်ရေးကောင်းရေးမယ့် ရေးချင်စိတ်ရှိတဲ့ အယူအဆလေးနှစ်ခုနဲ့ အဆုံးသတ်ချင်ပါတယ်။ DISPOSITIONAL OPTIMISM ဆိုတာ စိတ်ဝင်စားမိပါတယ်။ SUBCONSCIOUS MIND မသိစိတ်က မအောင်မြင်တဲ့အကြောင်းတွေးနေတာ၊ CONSCIOUS MIND သိစိတ်ကအောင်မြင်တဲ့ အကြောင်းတွေးတာ။ ဝံပုလွေအမည်းနဲ့အဖြူစိတ်ရဲ့ ဦးနှောက်ဆက်နွှယ်ပုံတွေကို ဆက်လက်လေ့လာကြည့်ချင်ပါသေးတယ်။
မြန်မာပြည်သူပြည်သားများ စိတ်ရဲ့စွမ်းအား၊ စိတ်တန်ခိုးဖြင့် မေတ္တာ၊ ကရုဏာ၊ မုဒိတာတရားများ လျှံနေသောဘဝနေထိုင်မှုဖြင့် လိုရာပန်းတိုင်ဆီသို့ ရောက်ကြပါစေသော်။ ။