ဘာသာတရား အလေးထား
လင်းလက်နေခြည်
ဘာသာတရားဆိုသည်မှာ
ဘာသာတရားဆိုသည်မှာ “ယုံကြည်ကိုးကွယ်သည့် အယူဝါဒ”ဟု မြန်မာအဘိဓာန်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ကမ္ဘာဦးအစကပင် ရောဂါအမျိုးမျိုး၊ ဒုက္ခအမျိုးမျိုး၊ ကပ်ဘေးအန္တရာယ်အမျိုးမျိုးတို့ကို လူသားတို့ ရင်ဆိုင်ကြုံတွေ့ရသည့်အချိန်တွင် ကြောက်ရွံ့ခြင်းများဖြစ်လာပြီး ထိုအန္တရာယ်အမျိုးမျိုးမှ ကင်းလွတ်စေရေးအတွက် ကာကွယ်စောင့်ရှောက်ပေးနိုင်မည့် လူပုဂ္ဂိုလ် သို့မဟုတ် အရာဝတ္ထုများကို ရှာဖွေခဲ့ကြသည်။ အတွေးအခေါ်ဖွံ့ဖြိုးမှုအားမကောင်းသေးသည့်ကာလ လူသားတို့သည် သစ်ပင်၊ မြစ်ချောင်း၊ တောတောင်၊ ပင်လယ်၊ ကျောက်တုံးစသည့် အရာများကို ကိုးကွယ်ရာအဖြစ် သတ်မှတ်ခဲ့ကြသည်။
မိမိတို့ဘဝလုံခြုံမှုအတွက် ဦးတည်ကိုးကွယ်ကြခြင်းဖြစ်ရာ မြစ်များ၊ ချောင်းများကို ကိုးကွယ်စရာ နတ်ဘုရားများအဖြစ် သတ်မှတ်ခဲ့ကြသည်။ မြစ်ချောင်းများသည် လူသားများအတွက် စားသောက်စရာ ရေသတ္တဝါများကို ပေးခြင်းနှင့် သီးနှံစိုက်ပျိုးရေးအတွက် လိုအပ်သည့် ရေကို ပေးနိုင်သဖြင့် လူသားတို့အတွက် အားကိုးအားထားပြုစရာဖြစ်နေသည်။ ရာသီဥတုဖောက်ပြန်သည့်အခါ မြစ်များက ရေကြီးခြင်းကိုဖြစ်စေပြီး လူတို့၏ အသက်အိုးအိမ်စည်းစိမ်များကို ပျက်စီးစေပြန်သဖြင့် လူသားတို့အတွက် ကြောက်မက်ဖွယ်ရာ နတ်ဆိုးတစ်ပါး ဖြစ်ခဲ့ပြန်သည်။
လူသားတို့ နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရသည့်အရာများအနက် ရင်ဆိုင်ဖြေရှင်းရန်ခက်ခဲပြီး လူသားတို့အတွက် ကောင်းကျိုးဆိုးကျိုးများကို ပေးအပ်နိုင်စွမ်းရှိသောအရာများသည် လူသားတို့ ကိုးကွယ်ရာနတ်ဘုရားများ ဖြစ်လာခဲ့သည်။ “မြေ၊ ရေ၊ လေ၊ မီး” စသည့်အရာများသည် လူသားတို့အတွက် “စား၊ ဝတ်၊ နေရေး” အခြေခံလိုအပ်ချက်များကို ပေးအပ်နိုင်စွမ်းရှိပြီး တစ်ဖက်တွင်လည်း လူသားတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို ပျက်စီးစေနိုင်စွမ်းရှိနေပြန်သဖြင့် ထိုအရာများသည် လူသားတို့အတွက် ကိုးကွယ်စရာဖြစ်လာပြန်သည်။ နေ့စဉ်တွေ့ကြုံနေရသည့်အရာများကို လူသား တို့၏ ခွန်အားဖြင့် ရင်ဆိုင်သွားနိုင်သည့်အခါတွင် လူသားတို့၏ စိတ်နှင့်ဘဝဖြစ်စဉ်များအပေါ် လွှမ်းမိုးနေသည့် မမြင်ရနိုင်သည့် လွှမ်းမိုးမှုများရှိနေခြင်းသည် နတ်ဘုရားတို့ သီးသန့်ရှိနေခြင်းပင်ဖြစ်သည် ဟု မှတ်ထင်လာကြပြန်သည်။ ထိုမမြင်ရနိုင်သည့် လွှမ်းမိုးမှုများကို မျှော်မှန်းကာ နတ်ကိုးကွယ်ခြင်း အလေ့အထများ ဖြစ်ပေါ်လာပြန်သည်။
လူနေမှုဖြစ်စဉ်များ ပြောင်းလဲလာသည်နှင့်အမျှ လူသားတို့၏ တွေးခေါ်မြော်မြင်မှုများကလည်း ပြောင်းလဲလာပြီး မိမိတို့၏ဘဝအတွက် လက်တွေ့ကျသော အမှန်တကယ်လမ်းပြပေးနိုင်သည့်အရာများကို ရှာဖွေကြရင်းဖြင့် ကိုးကွယ်ရာဘာသာတရားများ ပေါ်ထွန်းလာခဲ့သည်။
ဘာသာတရားအမျိုးမျိုး
ရေမြေသဘာဝနှင့် ပတ်ဝန်းကျင်အနေအထားတို့က လူတို့၏ နေ့စဉ်ဘဝဖြစ်စဉ်များကို တစ်နေရာနှင့် တစ်နေရာ ကွဲပြားစေပြီး ကြုံတွေ့ရသည့်အခက်အခဲနှင့် စိန်ခေါ်မှုများကလည်း မတူညီကြပေ။ မတူကွဲပြားသည့် ဘဝဖြစ်စဉ်များနှင့် ရပ်တည်မှုများအပေါ်အခြေတည်၍ ဖြစ်ပေါ်လာသည့် ဘာသာ တရားများကလည်း ကမ္ဘာပေါ်တွင် များစွာတည်ရှိနေပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် ကိုးကွယ်ယုံကြည်မှုဘာသာတရားပေါင်း ၁၀၀၀၀ ကျော်ခန့်ရှိသည်ဟု ဝါရှင်တန်ဒီစီအခြေစိုက် Population Education ၏ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်တွင် တွေ့ရသည်။ အဓိကအားဖြင့် ဘာသာကြီးလေးမျိုးဖြစ်သည့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာနှင့် အစ္စလာမ်ဘာသာတို့ကို ကိုးကွယ်ယုံကြည်သူအများဆုံးဖြစ်သည်။ Population Education ၏ ဖော်ပြချက်အရ ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၁၆ ရာခိုင်နှုန်းခန့်သည် ကိုးကွယ်ရာ ဘာသာတရားမရှိ ဘာသာမဲ့များဖြစ်နေသည်ကို တွေ့ရသည်။
ဘာသာတရားများသည် လူသားများအတွက် လူသားဆန်စွာနေထိုင်နိုင်ရေးအတွက် လိုအပ်သည့် အရာများကို လမ်းပြပေးသဖြင့် အကျိုးကျေးဇူးများစွာရှိသည်။ လူသားတို့၏သဘာဝသည် လောကဓံတရားများဖြင့် ရင်ဆိုင်ရသည့်အခါတွင် စိတ်ဓာတ်ကျခြင်း၊ ဝမ်းနည်းခြင်း၊ အထီးကျန်ခြင်း၊ စိတ်ပျက်အားလျော့ခြင်းစသည့် ခံစားမှုများကို ခံစားရတတ်သည်။ လောကသဘာဝအရ ကြုံတွေ့ရသည့်အခက်အခဲ၊ အကျပ်အတည်းနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် တွန်းအားဖြစ်စေသည့်အရာများအနက် ဘာသာတရား၏အဆုံးအမများသည် တစ်ခုအပါအဝင်ဖြစ်သည်။ ဘာသာတရား၏ မှန်ကန်သောအဆုံးအမများကြောင့် ဘဝတက်လမ်းကို လျှောက်လှမ်းနိုင်သကဲ့သို့ လူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးတက်စေပြီး ကမ္ဘာလောကကြီးတစ်ခုလုံးကို ငြိမ်းချမ်းစေနိုင်သည်။
လူသားများအတွက် အကျိုးရှိသည်
ဘာသာတရားများက လမ်းညွှန်ပြသမှုများသည် လူသားများ၏ဘဝကို မှန်ကန်မျှတစွာဖြင့် တရားသောနည်းလမ်းများဖြင့် ဖြတ်သန်းနိုင်စေရေး လမ်းပြပေးသည်။ ဘာသာတရားများ၏ အဆုံးအမများကို လေ့လာကြည့်မည်ဆိုပါကလည်း “သူတစ်ပါးအသက်ကို မသတ်ခြင်း၊ သူတစ်ပါးပစ္စည်းဥစ္စာကို မခိုးယူခြင်း၊ မကောင်းမှုဒုစရိုက်များကို မကျူးလွန်ခြင်း” စသည့် အဆုံးအမများက ထပ်တူကျနေသည်ကို တွေ့ရသည်။
ဘာသာတရားများသည် လူသားများအတွက် ဘဝအခက်အခဲနှင့်စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် ခွန်အားတစ်ခုအနေဖြင့် ဖြစ်စေခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်အားငယ်ခြင်း၊ စိုးရိမ်ကြောက်ရွံ့ခြင်း၊ အထီးကျန်ဆန်ခြင်းစသည့် လူတို့၏ စိတ်ဓာတ်ခွန်အားကို ကျစေသည့်အရာများကို ကုစားနိုင်သည့် နည်းလမ်းများကို လမ်းပြပေးခြင်း၊ လူအချင်းချင်းဆက်ဆံရာတွင် မေတ္တာတရားများဖြင့် ထားရှိရမည့် လူမှုကျင့်ဝတ်စံနှုန်းများကို လက်ကိုင်ထားနိုင်ခြင်း၊ လူသားအချင်းအချင်း စည်းလုံးညီညွတ်စွာဖြင့် အတူယှဉ်တွဲနေထိုင်နိုင်မည့် ငြိမ်းချမ်းရေးနည်းလမ်းများ၏ မြစ်ဖျားခံရာဖြစ်သဖြင့် ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ခြင်း၊ ဘာသာရေးအဆောက်အအုံများကို ထိန်းသိမ်းထားခြင်းဖြင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းနိုင်ခြင်း၊ ရှေးဟောင်းယဉ်ကျေးမှုအနု သုခုမလက်ရာများကို ဘာသာရေးအဆောက်အအုံများမှ ပြန်လည်မြင်တွေ့ရနိုင်ခြင်း၊ ဘာသာရေးအဆောက်အအုံများနှင့် ဘာသာရေးကျောင်းများတွင် လူအချင်းအချင်း ဆုံတွေ့နိုင်သဖြင့် လူမှုဆက်ဆံရေးနယ်ပယ်တစ်ခု ဖြစ်လာနိုင်ခြင်း၊ ဘာသာရေးအဆုံးအမများသည် လူအချင်းချင်း ရိုင်းပင်းကူညီခြင်းဖြင့်သာ ရှေ့ဆက်ကြရန် လမ်းပြပေးသဖြင့် လူမှုပတ်ဝန်းကျင်လုံခြုံမှုကို ဖြစ်ပေါ် စေခြင်း၊ လူမှုပတ်ဝန်းကျင်တွင် ကိုယ်ကျင့်တရားဆိုင်ရာ စံတန်ဖိုးများကို ထိန်းသိမ်းတတ်သည့် အလေ့အထများ တိုးပွားလာစေခြင်း၊ ဘာသာရေးအဆုံးအမများမှ မျိုးဆက်သစ်လူငယ်များကို နိုင်ငံချစ်စိတ်၊ နိုင်ငံနှင့်လူမျိုးအကျိုးကို သယ်ပိုးလိုစိတ်များရှိစေရေး ပြုပြင်ပေးနိုင်ခြင်း၊ သတ္တဝါများအပေါ် ကြင်နာသနားတတ်သည့် ကိုယ်ချင်းစာစိတ်များ ကိန်းအောင်းလာအောင် လမ်းပြပေးနိုင်သဖြင့် သတ္တဝါများ မျိုးသုဉ်းပျောက်ကွယ်သွားခြင်းအပါအဝင် သဘာဝဂေဟစနစ်နှင့် ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများကို ထိန်းသိမ်းနိုင်ခြင်း၊ မိမိကိုယ်မိမိ ယုံကြည်မှုတိုးတက်စေပြီး လူမှု ပတ်ဝန်းကျင်ကို ကောင်းကျိုးပြုစေသည့် အလေ့အထများ လူမှုပတ်ဝန်းကျင်တွင် ပျံ့နှံ့လာစေခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေပါသည်။
ရွှေရောင်လွှမ်းရာ တို့မြန်မာ
ဗုဒ္ဓဘာသာသည် ကမ္ဘာပေါ်တွင် ကိုးကွယ်ယုံကြည်မှုအများဆုံးဖြစ်သည့် ဘာသာကြီးလေးမျိုးတွင်ပါဝင်ပြီး မြတ်ဗုဒ္ဓ၏အဆုံးအမများသည် မကောင်းမှုပြုလုပ်ရန် ရှက်ခြင်းကြောက်ခြင်းဆိုသည့် ဟီရိဩတပ္ပတရားများ ကိန်းအောင်းစေရန် လေ့ကျင့်ပေးသည်။ ပဋိပက္ခများကို ရှောင်ရှားစေပြီး ငြိမ်းချမ်းသော လူမှုပတ်ဝန်းကျင်ကို ဖန်တီးပုံဖော်ရာတွင် အဓိကကျသည့် အဆုံးအမများကို ပေးအပ် နိုင်သည့် ဘာသာတရားပင်ဖြစ်သည်။ “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား” ဆိုသည့် အဆုံးအမသည် မည်သည့်ဘာသာတရားကိုးကွယ်သူမဆို လိုက်နာကျင့်ကြံပြီး ငြိမ်းချမ်းသော ဘဝကိုရနိုင်သည့် အဆုံးအမပင်ဖြစ်သည်။
မြန်မာနိုင်ငံ၌ လူဦးရေ ၅၆ သန်းခန့်ရှိရာတွင် ဗုဒ္ဓဘာသာကိုးကွယ်သူ ၉၀ ရာခိုင်နှုန်းခန့်၊ ခရစ်ယာန်ဘာသာကိုးကွယ်သူ ခြောက်သန်းနီးပါးခန့်၊ အစ္စလာမ်ဘာသာကိုးကွယ်သူ နှစ်သန်းကျော်ခန့်နှင့် ဟိန္ဒူဘာသာကိုးကွယ်သူ ငါးသိန်းကျော်ခန့်ရှိသည်။ ဗုဒ္ဓဘာသာကိုးကွယ်သူ အများဆုံးနေထိုင်ရာ မြန်မာနိုင်ငံတွင် ရွှေရောင်လွှမ်းသော စေတီပုထိုးများ၊ ဘုရားကျောင်းကန်များ၊ သာသနိကအဆောက်အအုံများဖြင့် လှပသာယာနေသည်။ အခြားသော ဘာသာများဖြစ်သည့် ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ်စသည့် ဘာသာကိုးကွယ်သူများကလည်း ဗုဒ္ဓဘာသာကိုးကွယ်သူများနှင့် ညီအစ်ကိုအရင်းပမာ စည်းလုံးညီညွတ်စွာဖြင့် နေထိုင်နေကြသည်မှာ မြန်မာနိုင်ငံ၏ အလှတရားပင်ဖြစ်သည်။ ရွှေရောင်တောက်ပနေသည့် ဘုရားစေတီပုထိုးများနှင့် ငြိမ်းချမ်းသာယာလှပနေသည့် မြန်မာနိုင်ငံသည် ရွှေရောင်လွှမ်းသည့်နိုင်ငံ (The Golden Land) ဆိုသည့်အမည်နာမကို ရရှိထားသည်။
မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၁ တွင် “နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနနှင့် ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်”ဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရပြီး ဘာသာသာသနာထွန်းကားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ သို့ရာတွင် နိုင်ငံတော်အနေဖြင့် နိုင်ငံသားများအပေါ် ဘာသာတရားနှင့်စပ်လျဉ်း၍ လွတ်လပ်စွာကိုးကွယ်ခွင့် ခွင့်ပြုထားသည်ကိုလည်း တွေ့ရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၂ တွင်လည်း “နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ် ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ်မှုတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်သောနေ့၌ နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုသည်” ဟု ပြဋ္ဌာန်းထားသည်။ ဘာသာတရားများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၃ တွင် “နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်” ဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။
စုစည်းညီညွတ်မှုစွမ်းအား
မြန်မာနိုင်ငံသည် ရေမြေသဘာဝ အလွန်လှပသည့် နေရာများစွာရှိပြီး ဘာသာသာသနာရောင်ဝါတို့ဖြင့် ထိန်းလင်းနေပြီး ဘာသာရေးအဆုံးအမများဖြင့် တိုင်းရင်းသားပေါင်းစုံကလည်း အေးအတူပူအမျှ အတူတကွ လက်တွဲနေထိုင်ကြသည်မှာ ဘာသာတရားများ၏ စွမ်းအားပင်ဖြစ်သည်။ ဘာသာတရားအဆုံးအမများ ပျောက်ကွယ်သွားပြီး တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု ပျက်ပြားအောင် ဘာသာရေးမှိုင်းတိုက်၍ သွေးခွဲနေကြသူများ၏ ရန်ကိုသတိထားရန် လိုအပ်သည်။ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ပုဂံဒေသ၊ ကမ္ဘာ့အထင်ရှားဆုံးသော ဗုဒ္ဓဘာသာ၏ အထိမ်းအမှတ်ဖြစ်သည့် ရွှေတိဂုံစေတီတော်၊ ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ရှိရာ နိုင်ငံဖြစ်သဖြင့် ငြိမ်းအေးသောရပ်ဝန်းပင်ဖြစ်သည်။ ဗုဒ္ဓဘာသာအပါအဝင် ကျန်ဘာသာကြီးများ၏ အဆုံးအမများဖြင့် မြန်မာနိုင်ငံသားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အတူတကွ ငြိမ်းချမ်းစွာ နေထိုင်ကြခြင်းဖြင့် ဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေကြောင်း ရည်ရွယ်တင်ပြ လိုက်ရသည်။ ။
ရည်ညွှန်းကိုးကား
- https://populationeducation.org/world-population-by-religion-a-global-tape-stry-of-faith/
- နေ့စဉ်ထုတ်သတင်းစာများ၊