မျောက်ကျောက်ရောဂါ သတိပြုပါ
တင်ထက်ထက်ဇော်
အာဖရိကဒေသတွင် မျောက်ကျောက်ရောဂါ ကူးစက်မှုများကြောင့် ပိုမိုကူးစက်မြန်ပြီး ပြင်းထန်သည့် ဗိုင်းရပ်စ်မျိုးကွဲထွက်ပေါ်နေသဖြင့် အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက သြဂုတ်လ ၁၃ ရက်နေ့တွင် အရေးပေါ်အခြေအနေထုတ်ပြန်ခဲ့သည်။ ရောဂါဖြစ်ပွားမှု သိသိသာသာတိုးလာပြီး ကွန်ဂိုတွင် ယခုနှစ်စကတည်းက မျောက်ကျောက်ရောဂါ ကူးစက်ခံရသူပေါင်း ၁၅၆၀၀ ကျော်နှင့် သေဆုံးသူ ၅၃၇ ဦး အထိ ရှိခဲ့သည်။ ကွန်ဂိုအပြင် ဘူရွန်ဒီ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ ရဝမ်ဒါအပါအဝင် အခြားအာဖရိကနိုင်ငံများသို့လည်း ပျံ့နှံ့နေပြီး ထိန်းချုပ်နိုင်ရန် ပြင်းပြင်းထန်ထန် လုပ်ဆောင်ရမည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။
အာဖရိကဒေသအပြင်ဘက်တွင် ကူးစက်မှုပြင်းထန်သည့် မျောက်ကျောက်ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ ဤဆောင်းပါးရေးနေချိန် သြဂုတ်လတတိယပတ်အတွင်း လေ့လာသိရှိရသော သတင်းများမှာ -
ဆွီဒင်နိုင်ငံ၌ ကူးစက်မှုပြင်းထန်သည့် မျောက်ကျောက်ရောဂါဖြစ်ပွားမှုကို သြဂုတ်လ ၁၅ ရက်နေ့တွင်တွေ့ရကြောင်း၊ မျောက်ကျောက်ဗိုင်းရပ်စ်မျိုးကွဲမှာ Clade 1 ဖြစ်ပြီး အသားချင်းထိတွေ့ရုံဖြင့် ကူးစက်နိုင်သောမျိုးကွဲဖြစ်ကြောင်း၊ ယခုတွေ့ရှိချက်မှာ အိမ်တွင်းအသုံးအဆောင်ပစ္စည်းများမှတစ်ဆင့် အဓိကကူးစက်ခြင်းဖြစ်ပြီး ကလေးငယ်များကို ကူးစက်လေ့ရှိကြောင်းနှင့် ကူးစက်ခံရပါကလည်း ရောဂါခံစားရမှုပြင်းထန်ကြောင်းနှင့် ရောဂါကြောင့် သေဆုံးနိုင်ခြေမြင့်မားကြောင်း ဆွီဒင်နိုင်ငံကျန်းမာရေးတာဝန်ရှိသူများက သတင်းထုတ်ပြန်ထားသည်။
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းဒေသ၌ နှစ်ရက်အတွင်း မျောက်ကျောက်ရောဂါဖြစ်ပွားသူ အနည်းဆုံးသုံးဦးတွေ့ရှိထားကြောင်း၊ အဆိုပါရောဂါဖြစ်ပွားသူတို့ကို ၎င်းတို့အလုပ်လုပ်ရာ အရှေ့အလယ်ပိုင်းဒေသမှ နိုင်ငံအတွင်း သို့ပြန်လာစဉ်တွေ့ရှိရကြောင်း၊ ထို့ပြင် ထိုရောဂါသံသယရှိသူ နောက်တစ်ဦး၏ ရောဂါပိုးနမူနာကိုလည်း ဓာတ်ခွဲခန်းသို့ပို့ထားကြောင်းနှင့် အဆိုပါ သံသယရှိသူသည် အရေပြားဆေးခန်းသို့ သွားရောက်ပြသစဉ် ယခုကဲ့သို့ သံသယဝင်ခံရခြင်းဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ ကျန်းမာရေးတာဝန်ရှိသူများက ဩဂုတ်လ ၁၆ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
WHO အထူးအလေးထားရသော မျောက်ကျောက်ရောဂါ
အာဖရိကတိုက် နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေသည့် မျောက်ကျောက်ရောဂါ ကူးစက်ပြန့်ပွားမှုများနှင့်ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က နိုင်ငံတကာကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သြဂုတ်လ ၁၄ ရက်နေ့တွင်ကြေညာခဲ့သည်။ အာဖရိကကို ကျော်လွန်ကာ ရောဂါကူးစက်လာနိုင်ခြေသည် အလွန်စိုးရိမ်စရာဖြစ်ပြီး ရောဂါဖြစ်ပွားမှုကိုထိန်းချုပ်ကာ လူ့အသက်များကို ကယ်တင်ရန်ပူးပေါင်းညှိနှိုင်းမှုရှိသည့် နိုင်ငံတကာတုံ့ပြန်မှု မဖြစ်မနေလိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲတက်ဒရို့စ်က ဆိုပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် အဆိုပါရောဂါနှင့်ပတ်သက်၍ ၂၀၂၂ ခုနှစ်ကလည်း အရေးပေါ်အခြေအနေကြေညာခဲ့ပြီး တစ်နှစ်မပြည့်မီ အဆုံးသတ်ခဲ့ကာ ယခုကြေညာချက်သည် ဒုတိယအကြိမ်ဖြစ်သည်။ အာဖရိကအလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် အဓိကဖြစ်ပွားနေသော ရောဂါကူးစက်မှုများသည် ဗိုင်းရပ်စ်မျိုးကွဲသစ်ကြောင့် သေဆုံးမှုမြင့်တက်လာမည်ကို ကျွမ်းကျင်သူများက စိုးရိမ်နေကြသည်။
မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုအစောပိုင်းကာလတွင် အာဖရိကတိုက်တွင်သာ တွေ့ရလေ့ရှိသော်လည်း ယခုအခါ ယခင်ကဖြစ်ပွားခဲ့ခြင်းမရှိသော နိုင်ငံအချို့သို့ စတင်ပျံ့နှံ့လျက်ရှိသည်။ ကူးစက်မှုသိသိသာသာမြင့်တက်ခဲ့ပြီး နောက် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် WHO က နိုင်ငံတကာ စိုးရိမ်ဖွယ်အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာခဲ့သော်လည်း ယမန်နှစ် မေလ ၁၁ ရက်နေ့တွင် အဆုံးသတ်ခဲ့သည်။ မူလကမျောက်ကျောက် (Monkey Pox) ရောဂါဟု ခေါ်ဆိုနေကြသော်လည်း ယင်းဗိုင်းရပ်စ်ပိုး အမည်မှည့်ရာတွင်ခွဲခြားမှုနှင့် မနှစ်မြို့စရာများရှိနေကြောင်း စောဒကတက်မှုများကြောင့် ၂၀၂၂ ခုနှစ် အကုန်တွင် Mpox သို့ ပြောင်းလဲခေါ်ဆိုရန် WHO က ကြေညာခဲ့သည်။
မျောက်ကျောက်ရာဇဝင်
၁၉၅၈ ခုနှစ်တွင် ဒိန်းမတ်နိုင်ငံကိုပင်ဟေဂင်မြို့ရှိ ဓာတ်ခွဲခန်းက မျောက်များတွင် ဗိုင်းရပ်စ်ရောဂါပိုးတစ်မျိုးစတင်တွေ့ရှိခဲ့သဖြင့် Monkeypox (မျောက်ကျောက်ရောဂါ)ဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရှားပါးကူးစက် ရောဂါတစ်မျိုးဖြစ်သော မျောက်ကျောက်ရောဂါသည် အာဖရိကတိုက်ကွန်ဂိုနိုင်ငံ ၎င်းဒေသအလယ်ပိုင်းနှင့် အနောက်ပိုင်းနိုင်ငံရှိ အပူပိုင်းမိုးသစ်တောများတွင် ၁၉၇၀ ပြည့်လွန်နှစ်များက လူများ၌ စတင်ဖြစ်ပွားခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ်များအတွင်းက ပျောက်ကွယ်သွားသည်။
တစ်ဖန် မျောက်ကျောက်ရောဂါသည် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် တောင်ဆူဒန်နှင့် အခြားအာဖရိကနိုင်ငံများ၌ ပြန်လည်ပေါ်ထွန်းလာခဲ့သည်။ ၂၀၀၃ ခုနှစ် မေလတွင် အမေရိကန် ပြည်ထောင်စုဝစ္စကိုဆင်ပြည်နယ်မှ ကလေးငယ်တစ်ဦး ခွေးကိုက်ခံရပြီးနောက် ထိုရောဂါကူးစက်ခံခဲ့ရသည်။ အမေရိကန်ပြည်ထောင်စု၌ဖြစ်ပွားခဲ့သော ယင်းကူးစက်ရောဂါသည် ဂါနာနိုင်ငံမှ တင်သွင်းသောကြွက်များကို ရောင်းချသည့် အိမ်မွေးတိရစ္ဆာန်စတိုးဆိုင်မှ စတင်ဖြစ်ပွားသည်ဟုလည်း ဆိုကြသည်။
၂၀၂၂ ခုနှစ်အတွင်း အာဖရိကအလယ်ပိုင်းနှင့် အနောက်ပိုင်းတို့တွင်သာမက ဥရောပ၊ မြောက်အမေရိကနှင့် ကမ္ဘာ့နေရာအနှံ့အပြားတွင် ကူးစက်ပျံ့နှံ့ လာပြီဖြစ်သည်။ မူရင်းတွေ့ရှိခဲ့သော မျောက်ကျောက်ရောဂါသည် ရောဂါပိုးရှိသော လူ သို့မဟုတ် တိရစ္ဆာန် သို့မဟုတ် အရာဝတ္ထုပစ္စည်းများနှင့် အနီးကပ်ထိတွေ့ခြင်း၊ ကိုင်တွယ်ခြင်းဖြင့် ကူးစက်နိုင်သည်။ ထိုကာလများ၌ လူအချင်းချင်းကူးစက်မှုကို အနည်းငယ်သာတွေ့ရှိရသော်လည်း ၂၀၂၂ ခုနှစ် မေလအတွင်းကပ်ရောဂါအသွင် ပျံ့နှံ့လာသည့် မျောက်ကျောက်ရောဂါမှာ အမျိုးသားအချင်းချင်း လိင်တူဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်ကြောင်းနှင့် မျောက်ကျောက်ရောဂါ၏ မျိုးဗီဇအပြောင်းအလဲသည် မျှော်မှန်းထားသည်ထက် ၁၂ ဆ ပိုမိုမြန်ဆန်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။ အကယ်၍ မွေးကင်းစကလေးငယ်များ၊ ကလေးသူငယ်များနှင့် မူလကိုယ်ခံအားနည်းသူများတွင် အဆိုပါရောဂါပိုး ကူးစက်ခံရပါက ပိုမိုပြင်းထန်သော လက္ခဏာများဖြစ်နိုင်ခြေရှိပြီး ရှားရှားပါးပါးအခြေအနေတွင် သေဆုံးနိုင်ကြောင်း သိရသည်။
သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ
မျောက်ကျောက်ရောဂါ၏ ထူးခြားချက်က ပေါင်ခြံ၊ ချိုင်း၊ လည်ပင်း စသည့်နေရာများတွင် အကျိတ်များ ထွက်ပေါ်လာသည်။ ရောဂါလက္ခဏာများမှာ ရေကျောက်ရောဂါနှင့် ဆင်တူသည်။ အပြင်ပန်းအားဖြင့်ကြည့်လျှင် ရေကျောက်နှင့် မျောက်ကျောက်ရောဂါတို့သည် အရည်ကြည်ဖုပေါက်ခြင်းက တူသယောင်ထင်ရသော်လည်း ရေကျောက်ဖုများသည် ပေါက်သည်က ပေါက်၊ ပျောက်သည်က ပျောက်၊ ညှိုးသည်က ညှိုးအမျိုးမျိုးရှိကြသည်။ သို့သော် မျောက်ကျောက်အရည်ကြည်ဖုများက တစ်လုံးနှင့်တစ်လုံး ဘယ်အချိန်ကြည့်ကြည့် အရွယ်တူ၊ ပုံစံတူများသာဖြစ်သည်။
ယင်းအဖုအကွက်များသည် ကိုယ်လုံးပေါ်တွင်ထွက်ခြင်းထက် မျက်နှာ၊ ခြေ၊ လက်တို့ပေါ်တွင် ပိုထွက်တတ်သည်။ နှိုင်းယှဉ်ကြည့်ရာ၌ ရောဂါကူးစက်ခံရသူများ၏ ၉၅ ရာခိုင်နှုန်းက မျက်နှာ၊ ၇၅ ရာခိုင်နှုန်းက လက်ဖဝါး၊ ခြေဖဝါး၊ ၇၀ ရာခိုင်နှုန်းက ပါးစပ် (ခံတွင်း)၊ ၃၀ ရာခိုင်နှုန်းက လိင်အင်္ဂါ၊ ၂၀ ရာခိုင်နှုန်းက မျက်စိပေါ်တွင် ပေါက်တတ်ကြောင်း သိရသည်။ ၎င်းအရည်ကြည်ဖုသည် ဆက်လက်၍ အဝါရောင်အနှစ် ပြည်ဖုများဖြစ်လာပြီးနောက် ခန္ဓာကိုယ်အနှံ့မှ အဖု၊ အရည်ကြည်ဖုများ ပေါင်းစက်သွား ပြီး ရောဂါပျောက်ခါနီးတွင် အရေပြားအနာဖေးများ အလွှာလိုက်ကွာကျသွားသည်။
Mpox ရောဂါလက္ခဏာများအနေနှင့် ဖျားနာခြင်း ၆၂ ရာခိုင်နှုန်း၊ ပြန်ရည်ကျိတ်ရောင်ရမ်းခြင်း ၅၂ ရာခိုင်နှုန်း၊ ပင်ပန်းနွမ်းနယ်ခြင်း ၄၂ ရာခိုင်နှုန်း၊ ကြွက်သားများနာကျင်ခြင်း ၃၁ ရာခိုင်နှုန်း၊ ခေါင်းကိုက်ခြင်း ၂၇ ရာခိုင်နှုန်း၊ လည်ချောင်းနာခြင်း ၂၁ ရာခိုင်နှုန်းဖြစ်ပေါ်ခံစားရတတ်ကြောင်း သိရသည်။ စအိုနှင့်စအိုဝရောင်ရမ်းမှုကိုလည်း ပျမ်းမျှ လူနာ ၇၅ ဦးလျှင် ၁၄ ရာခိုင်နှုန်း တွေ့ရကြောင်း လေ့လာသိရှိရပါသည်။ ရောဂါပျိုးရက်သည် ရောဂါပိုးစတင်ဝင်ရောက်ပြီး ပျမ်းမျှငါးရက်မှ ၂၁ ရက်အတွင်း အောက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရနိုင်ပါသည်။
အထူးသဖြင့် ရောဂါပိုးတွေ့ရှိရာ နိုင်ငံ/ဒေသများမှ လွန်ခဲ့သည့် ၂၁ ရက်အတွင်း ပြန်လည်ဝင်ရောက်လာသူများတွင် တွေ့ရသော ရောဂါလက္ခဏာများမှာ(က) လတ်တလောဖျားနာခြင်း (၃၈ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထက်ရှိသည်)၊ (ခ) ချမ်းတုန်ခြင်း၊ (ဂ) အကျိတ်ထွက်ခြင်း၊ အကျိတ်များရောင်ရမ်းခြင်း၊ ပြန်ရည်ကျိတ်များကြီးခြင်း၊ (ဃ) ခေါင်းကိုက်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ကျောအောင့်ခြင်း၊ (င) ခါးကိုက်ခြင်း၊ ခါးနာခြင်း၊ (စ) မောပန်းနွမ်းနယ်ခြင်း၊ နုံးချည့်ခြင်းတို့ဖြစ်ကြသည်။
ဖျားပြီးနောက် တစ်ရက်မှ ငါးရက်ခန့်အကြာ ခန္ဓာကိုယ်၌ အနီစက် သို့မဟုတ် အနီပြင်များဖြစ်ပေါ်ခြင်း၊ အရည်ဖုများ၊ ပြည်ဖုများ စသည်ဖြင့် အဆင့်ဆင့်ဖြစ်ပေါ်ပြီးနောက် အနာများဖြစ်ပေါ်ကာ နောက်ဆုံးတွင် အနာများပျောက်ကင်းသွားပြီး အမာရွတ်အဖြစ် ကျန်ခဲ့နိုင်ပါသည်။ အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC)၏ အဆိုအရ လူအများစုသည် Mpox ကူးစက်ခံရပြီးနောက် ရက်သတ္တနှစ်ပတ်မှ လေးပတ်အတွင်း ပြန်လည်ကောင်းမွန်လာကြောင်း သိရသည်။ ထို့ပြင် မျောက်ကျောက် ကူးစက်ရောဂါလက္ခဏာများကို လိင်မှတစ်ဆင့် ကူးစက်တတ်သည့်ရောဂါ(STDs)များ၏ ရောဂါလက္ခဏာများနှင့်မှားယွင်းတတ်ရာ Mpox ရောဂါကို စစ်ဆေးဖော်ထုတ်ရန် တစ်ခါတစ်ရံ အလွန်ခက်ခဲကြောင်း CDC က ဆိုပါသည်။ ကူးစက်ခံရသူအများစုမှာ ရောဂါလက္ခဏာ မပြင်းထန်တတ်သော်လည်း ကိုယ်ခံအားနည်းသူများတွင် ရောဂါပြင်းပြင်းထန်ထန်ခံစားရနိုင်သည်။
ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ
မျောက်ကျောက်ရောဂါသည် တိရစ္ဆာန်မှ လူကိုကူးစက်ခြင်း၊ လိင်မှတစ်ဆင့် ကူးစက်ခြင်း၊ အရေပြားမှတစ်ဆင့် ကူးစက်ခြင်းအပြင် ရောဂါရှိသူနှင့် အနီးကပ်စကားပြောခြင်း၊ အနီးကပ်နေထိုင်ခြင်း၊ အနီးကပ်အသက်ရှူခြင်းစသော အသက်ရှူလမ်းကြောင်းဆိုင်ရာ အမှုန်အမွှားနှင့် အရည်များမှတစ်ဆင့်လည်း ကူးစက်တတ်သည်။ ထို့ပြင် ရောဂါပိုးရှိသော တိရစ္ဆာန်မှသော်လည်းကောင်း၊ လူမှသော်လည်းကောင်း ကူးစက်နိုင်သည်။ ထိုဗိုင်းရပ်စ်သည် အာဖရိကရှိ ကိုက်ဖြတ်တတ်သော တိရစ္ဆာန်အမျိုးအစားများဖြစ်ကြသည့် ကြွက်၊ ရှဉ့်၊ ပူးများကြားတွင် ပုံမှန်အားဖြင့် ပျံ့နှံ့တတ်သည်။ တိရစ္ဆာန်မှတစ်ဆင့်လူသို့ကူးစက်နိုင်ခြေကို လျှော့ချနိုင်ရန် တောရိုင်းတိရစ္ဆာန်များနှင့် အကာအကွယ်မရှိဘဲ ထိတွေ့ခြင်းကို ရှောင်ကြဉ်ရမည်။ ရောဂါရှိသော လူ သို့မဟုတ် တိရစ္ဆာန်၏ ပျက်စီးနေသော အရေပြား၊ အသက်ရှူလမ်းကြောင်း သို့မဟုတ် အကျိအချွဲအမြှေးပါးများ (မျက်လုံး၊ နှာခေါင်း၊ ပါးစပ်)မှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ကူးစက်ဝင်ရောက်နိုင်သည်။
ထို့ပြင် ချုံပုတ်အရွက်များကို ကိုင်တွယ်မိခြင်း၊ ရောဂါကူးစက်ဖြစ်ပွားနေသော လူ သို့မဟုတ် တိရစ္ဆာန်နှင့် အနီးကပ်ထိတွေ့ခြင်း၊ တိရစ္ဆာန်ကိုက်ခံရခြင်း သို့မဟုတ် ခြစ်မိခြင်း၊ ရောဂါဖြစ်နေ သောအနာခွက်များကို ထိတွေ့ကိုင်မိခြင်း၊ ခန္ဓာကိုယ်မှထွက်ရှိသောအရည် (တံတွေး၊ နှာရည်၊ သွေး၊ ချွေး၊ ဆီးနှင့် လိင်အင်္ဂါ ထွက်သောအရည်)၊ အရေပြားပေါ်တွင် အနီအဖုအပိမ့်ထွက်သူများ အသုံးပြုခဲ့သော အဝတ်အထည်၊ အိပ်ရာ၊ စောင် စသည့် အသုံးအဆောင်များမှတစ်ဆင့်လည်း မျောက်ကျောက်ရောဂါ ကူးစက်ပျံ့နှံ့နိုင်ပါသည်။ လိင်တူချစ်သူများနှင့် လိင်တူ၊ လိင်ကွဲ စိတ်ဝင်စားသူများတွင် များသောအားဖြင့် Mpox ရောဂါတွေ့နိုင်သည်။
ထို့ကြောင့် အဆိုပါရောဂါနှင့် အမြင့်ဆုံးကူးစက်ထိတွေ့ခဲ့သူသည် ရက်သတ္တသုံးပတ်ကြာ သီးသန့်ခွဲခြားနေထိုင်ရမည်ဟု ဘယ်လ်ဂျီယံနိုင်ငံနှင့် အင်္ဂလန်ကျန်းမာရေး သုတေသီများက အကြံပြုချက်ထုတ်ပြန်ထားပါသည်။
ကာကွယ်နိုင်မည့် နည်းလမ်းများ
မျောက်ကျောက်ရောဂါသည် ကူးစက်ရောဂါဖြစ်သည့်အတွက် တစ်ကိုယ်ရေသန့်ရှင်းမှုက အထူးအရေးကြီးသည်။ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ နေထိုင်တတ်သူများအတွက် မျောက်ကျောက်ရောဂါကို ကာကွယ်ရန် မခဲယဉ်းလှပေ။ (က) Mpox ရောဂါလက္ခဏာ ခံစားနေရသူများနှင့် အနီးကပ်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ၊ (ခ) လက်ကို ဆပ်ပြာနှင့်ရေ သို့မဟုတ် အယ်လ်ကိုဟော အနည်းဆုံး ၆၀ ရာခိုင်နှုန်းပါဝင်သော ရေမလိုလက်သန့်စင်ဆေးရည် အသုံးပြု၍ စနစ်တကျဆေးကြောပါ၊ (ဂ) ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်ပါ၊ (ဃ) တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါ၊ (င)နှာချေ၊ ချောင်းဆိုးသည့်အခါ လက်ကိုင်ပဝါ သို့မဟုတ် တံတောင်ကွေးဖြင့် လုံခြုံစွာဖုံးအုပ်ပါ၊ (စ) အစားစိမ်းများကို ကျက်အောင်ချက်စားပါ၊ (ဆ) တောရိုင်းတိရစ္ဆာန်များကို အကာအကွယ်မပါဘဲ မထိတွေ့ပါနှင့် ၊ (ဇ)လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်းနှင့်မျက်လုံးများကို ကိုင်တွယ်ခြင်းမပြုပါရ၊ (ဈ) လူအများသုံး သန့်စင်ခန်း၊ တံခါးလက်ကိုင်၊ လှေကားအတက်အဆင်း လက်ရန်းများ၊ ဘတ်စ်ယာဉ်ထိုင်ခုံ စသည့် ထိတွေ့မှုများကို အထူးဂရုစိုက်သင့်ပြီး အိမ်ပြန်ရောက်ရောက်ချင်း ရေချိုးသန့်စင်ပါ၊ (ည)တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ကောင်းမွန်စေရန်ဆောင်ရွက်ပါ။
မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ နိုင်ငံအများစု၌ ကျန်းမာရေးဝန်ထမ်းများအား ရောဂါပိုးရှိသူနှင့် မထိတွေ့ခင် သို့မဟုတ် ထိတွေ့ပြီးနောက် ကျောက်ကြီး ရောဂါကာကွယ်ဆေး (Small Pox)ကို ထိုးနှံထားကြရန် အကြံပြုတိုက်တွန်းထားသည်။ ထို့ပြင် အမေရိကန် ပြည်ထောင်စုအပါအဝင် တိုးတက်ဖွံ့ဖြိုးပြီးသော အနောက်နိုင်ငံတချို့၌ ကာကွယ်ဆေးကို အများပြည်သူတို့တွင်လည်း ထိုးနှံနေကြကြောင်း လေ့လာသိရှိရသည်။
အချုပ်ဆိုရသော် ကမ္ဘာကြီးသည် အကျပ်အတည်းပေါင်းများစွာနှင့် ရင်ဆိုင်ခဲ့ရသော်လည်း နောက်ပိုင်းတွင် နိုင်ငံအသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ကျော်လွှားနိုင်ခဲ့သည်။ လက်ရှိတွင်လည်း ကိုဗစ်ကပ်ရောဂါနှင့် အသားကျနေပြီဖြစ်သော ကမ္ဘာကြီးသည် မျောက်ကျောက်ရောဂါကို အလိုက်သင့် ခုခံနိုင်မည်သာဖြစ်သည်။ သို့သော် ယခု တစ်ကျော့ပြန် အလေးထားနေရသော ရောဂါအခြေအနေကို ထိန်းချုပ်ရန် အခွင့်အလမ်းများရှိနေသဖြင့် စိုးရိမ်စရာမရှိဟု WHO က ဆိုထားသော်လည်း ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူအချို့က အဆိုပါဗိုင်းရပ်စ်သည် ယခင်ကမတွေ့ရှိခဲ့သော နိုင်ငံများ၌ အမြစ်တွယ်သွားမည်ကို စိုးရိမ်နေကြသည်။ သို့ဖြစ်ရာ အများပြည်သူတို့အနေဖြင့် မျောက်ကျောက် ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်အလက်များကို အလေးထားလိုက်နာ၍ သတိပြုရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။