ပြည်သူလူထု၏ သယံဇာတအား ပြည်သူလူထုထံသို့ အပိုင်း (၂)
မောင်သုတ(စွမ်းအင်)
၂၀၂၅ ခုနှစ်သည် စွမ်းအင်ဝန်ကြီးဌာန စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် နှစ် (၄၀) ပြည့် ပတ္တမြားရတုပြည့်မြောက်သည့် နှစ်တစ်နှစ်ဖြစ်သကဲ့သို့ အနာဂတ်စွမ်းအင်ကဏ္ဍအတွက် သမိုင်းမှတ်တိုင်သစ်စိုက်ထူနိုင်မည့် နှစ်တစ်နှစ်ဖြစ်သည့်အတွက် ၂၀၂၅ ခုနှစ်သည် စွမ်းအင်ဝန်ကြီးဌာနအတွက် ထူးခြားသော နှစ်တစ်နှစ်ဖြစ်ပါသည်။
စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံ၏စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းရှိ ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ တိုးမြှင့်ရှာဖွေခြင်း၊ ထွက်ရှိလာသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့တို့အား ကုန်ကြမ်းနှင့် လောင်စာအဖြစ် အသုံးပြု၍ နိုင်ငံ အတွက် လိုအပ်သည့် ရေနံထွက်ပစ္စည်းများနှင့် ယူရီးယားဓာတ်မြေဩဇာများ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးနှင့် စက်ရုံ အလုပ်ရုံများ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် သဘာဝဓာတ်ငွေ့များဖြန့်ဖြူးပေးခြင်း၊ မော်တော်ယာဉ်များအတွက် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့များ ဖြန့်ဖြူးရောင်းချပေးခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိပါသည်။
ထို့အပြင် ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရေးနှင့် ပြည်ပမှ စက်သုံးဆီတင်သွင်းနေရမှုအား လျှော့ချဆောင်ရွက်၍ စက်သုံးဆီလိုအပ်ချက်များ အပြည့်အဝဖြည့်ဆည်းပေးနိုင်ရေးတို့အတွက် ပြည်တွင်းတွင် ရေနံချက်စက်ရုံအသစ်များ တည်ဆောက်ခြင်း၊ လက်ရှိ ရေနံချက်စက်ရုံများကို အဆင့်မြှင့်တင်ခြင်းနှင့် ပြည်ပမှ ရေနံစိမ်းတင်သွင်း၍ အရည်အသွေးမြှင့် စက်သုံးဆီများအား ပြည်တွင်းတွင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းများ ဆောင်ရွက်သွားနိုင်ရေးအတွက် အစီအမံများ ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင် ပြည်တွင်းစက်သုံးဆီသုံးစွဲမှု၏ ၉၇ ရာခိုင်နှုန်းခန့်ကို ပြည်ပမှ တင်သွင်းလျက်ရှိပြီး ၃ ရာခိုင်နှုန်းခန့်ကိုသာ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါသည်။
၂၀၂၅ ခုနှစ်တွင် ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်နှင့် ပြည်သူတို့၏ စွမ်းအင်သယံဇာတကို ပြည်သူလူထုထံသို့ လက်ဝယ်ရောက်ရှိရေးအတွက် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း သိုလှောင်ဖြန့်ဖြူးရေး ဌာနလက်အောက်ရှိ စက်သုံးဆီအရောင်းဆိုင်များအနက် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အရောင်းဆိုင်အမှတ် (၀၃၅၃)၊ မန္တလေးမြို့ရှိ အရောင်းဆိုင်အမှတ် (၀၆၁၁) နှင့် (၀၆၁၄) တို့တွင် ၄-၁-၂၀၂၅ ရက်နေ့မှစ၍ ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်) မှ ချက်လုပ်ထွက်ရှိသည့် ပြည်တွင်း ထုတ်ဓာတ်ဆီအား ဒေသန္တရပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ပြည်သူလူထုထံ တိုက်ရိုက်ရောင်းချဖြန့်ဖြူးပေးလျက်ရှိပါသည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ ဟင်းငုတ်ပင်စက်သုံးဆီအရောင်းဆိုင်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်စက်သုံးဆီ အရောင်းဆိုင်များကိုလည်း ဆက်လက်ဖွင့်လှစ်၍လည်းကောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသများတွင်လည်း ပြည်သူလူထုများမှ ဈေးနှုန်းချိုသာစွာ ပြည်တွင်းထုတ်ဓာတ်ဆီအား တိုက်ရိုက်ဝယ်ယူရရှိနိုင်ရေး စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်၍လည်းကောင်း ရောင်းချပေးသွားရန် စွမ်းအင်ဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိပါ သည်။ ပြည်တွင်းထုတ်ဓာတ်ဆီ၏ အောက်တိန်းအမှတ်မှာ RON 68 ဖြစ်ပါသည်။
အောက်တိန်းအမှတ် (Research Octane Number - RON)၏ အကျိုးသက်ရောက်မှု
အောက်တိန်းအမှတ် (Research Octane Number - RON) ဆိုသည်မှာ အင်ဂျင်အတွင်း၌ ပေါက်ကွဲလောင်ကျွမ်းမှုဖြစ်ချိန်တွင် ဖြစ်ပေါ်လာသည့် ဖိအားဒဏ်နှင့် အင်ဂျင် Knocking တို့အား ခံနိုင်ရည်ရှိမှုတို့အတွက် သတ်မှတ်ချက်ပင်ဖြစ်ပါသည်။ အောက်တိန်းအမှတ် စမ်းသပ်ခြင်းများ မပြုလုပ်မီကာလတွင် ထုတ်လုပ်သော မော်တော်ယာဉ်များ၏ အင်ဂျင်များသည် အင်ဂျင်ခေါက်ခြင်းကို ရှောင်ရှားရန်အတွက် အလွန်နိမ့်သော Compre-ssion Ratio ဖြင့် လည်ပတ်စေရန် ဒီဇိုင်းထုတ်ထားပြီး ယင်းတို့၏စွမ်းဆောင်ရည်ကို ကန့်သတ်ထားရှိပါသည်။ အောက်တိန်းအမှတ်သည် လောင်စာအားဖိအားပေးချိန်တွင် အလိုအလျောက် မီးထလောင်မှု (Premature Combustion) ခံနိုင်ရည်ပိုမိုမြင့်မားခြင်းနှင့်လည်း တိုက်ရိုက်သက်ဆိုင်မှုရှိကြောင်း တွေ့ရှိရပါသည်။
မော်တော်ယာဉ်များတွင်ပါရှိသော Owner Manual များ၌ အင်ဂျင်ခေါက်နှုန်းကို ကန့်သတ်နိုင်ရန်အတွက် အသုံးပြုရမည့်ဆီတွင် ပါရှိရမည့် အောက်တိန်းအမှတ်အား သတ်မှတ်ထားရှိပါသည်။ အောက်တိန်းအမှတ် မြင့်မားပါက အင်ဂျင်၏ လောင်စာဆီလောင်ကျွမ်းမှု (Fuel Combustion)နှင့် အငွေ့ပြန်မှုနှုန်း(Volatile) မြင့်မားလာပြီး ဆီစားနှုန်း (Fuel Consumption) ပမာဏမြင့်တက်စေနိုင်ပါသည်။ အင်ဂျင်အတွက် သတ်မှတ်ထားရှိသည့် အောက်တိန်းအမှတ်ထက်နိမ့်သော ဓာတ်ဆီအား အသုံးပြုပါက မော်တော်ယာဉ်အင်ဂျင်၏ သက်တမ်းတိုစေနိုင်သကဲ့သို့ အောက်တိန်းအမှတ်ပို၍ မြင့်မားသော ဓာတ်ဆီအား Regular Gasoline အသုံးပြုရမည့် မော်တော်ယာဉ်၌ ထည့်သွင်းအသုံးပြုမိပါက Complete Combustion မဖြစ်နိုင်ဘဲ ဆီစားနှုန်း ပိုမိုဖြစ်ပေါ်စေပြီး မော်တော်ယာဉ်မောင်းနှင်ရာတွင် အခြားသိသာထင်ရှားသည့် စွမ်းဆောင်ရည်များကို ရရှိနိုင်မည်မဟုတ်ပါ။ သို့ဖြစ်၍ မော်တော်ယာဉ်များတွင် သင့်လျော်သည့်ဓာတ်ဆီအား ရွေးချယ်အသုံးပြုတတ်ရန် အလွန်အရေးကြီးပါသည်။
ဓာတ်ဆီအင်ဂျင်၏ လုပ်ဆောင်ပုံ
ဓာတ်ဆီအင်ဂျင်ဆိုသည်မှာ လေနှင့် လောင်စာဖြစ်သော ဓာတ်ဆီအရောအနှောကို အင်ဂျင်၏ Piston ထိပ်တွင် ဖိအားပေး၍ Spark Plug မှတစ်ဆင့် Ignition ပြုလုပ်ကာ မီးလောင်မှုကို အစပျိုးပြီး ပါဝါထုတ်ယူသော အင်ဂျင်အမျိုးအစားဖြစ်ပါသည်။ လေနှင့် လောင်စာအရောအနှောအား ဖိအားပိုမိုပေး၍ လောင်ကျွမ်းမှုပြုလုပ်လျှင် အင်ဂျင်ပါဝါပိုမိုရရှိကြောင်း တွေ့ရှိရသည့်အတွက် ဖိအားဖြစ်ပေါ်စေသည့် Compression Ratio ကို မြှင့်တင်၍ ဓာတ်ဆီအင်ဂျင်များကို ဒီဇိုင်းပြုလုပ်တည်ဆောက်လာခဲ့ကြပါသည်။
အင်ဂျင်ဒီဇိုင်းများအပေါ် မူတည်၍ Compression Ratio ပြောင်းလဲမှုရှိသည့်အတွက် Compression Ratio အပေါ်မူတည်၍ စက်သုံးဆီအမျိုးအစားကို သတ်မှတ်သုံးစွဲကြသည်။ သို့ဖြစ်၍ Compression Ratio နှင့် ကိုက်ညီသည့် စက်သုံးဆီအမျိုးအစားများကို ရွေးချယ်သုံးစွဲရမည်ဖြစ်သည်။ ဥပမာအားဖြင့် အောက်တိန်းအမှတ်မြင့်မားသော ဓာတ်ဆီသည် Compression Ratio မြင့်မားသော အင်ဂျင် များတွင် မီးခေါက်သံ (Knocking Sound) ဖြစ်ပေါ်မှု နည်းပါးပြီး အင်ဂျင်စွမ်းဆောင်ရည် ပိုမိုကောင်းမွန်စေပါသည်။
ဓာတ်ဆီအင်ဂျင်များတွင် မီးလောင်ပေါက်ကွဲမှုဖြစ်ပေါ်ချိန်၌ ပုံတွင်ဖော်ပြထားသည့်အတိုင်း အင်ဂျင်၏ Piston သည် သတ်မှတ်နေရာ Top Dead Center(TDC) ရောက်ချိန် Spark Plug ၏ Spark ဖြစ်ပေါ်သောနေရာမှ စတင်မီးလောင် ပေါက်ကွဲမှသာလျှင် အင်ဂျင်၏ အသံကောင်းမွန်၍ စွမ်းဆောင်မှုကောင်းမွန်မည်ဖြစ်ပါသည်။ ထိုသို့ဖြစ်စေရန်အတွက် အင်ဂျင်၏ Compression Ratio မြင့်လာသည်နှင့်အမျှ Gasoline ၏ RON သတ်မှတ်ချက် မြင့်မားလာရန် လိုအပ်ပါသည်။ Compression Ratio မြင့်မားသောအင်ဂျင်တွင် RON နိမ့်သော Gasoline များ အသုံးပြုပါက ပုံတွင်ဖော်ပြထားသည့်အတိုင်း Piston သတ်မှတ်နေရာ Top Dead Center (TDC) မရောက်မီ Premature Combustion ဖြစ်ပေါ်ပြီး မီးခေါက်သံ (Knocking Sound) ထွက်ပေါ်လာနိုင်ပါသည်။ အင်ဂျင်တစ်လုံးတွင် ဝန်နှင့်အားမမျှတသည့် အချိန်အခါမျိုးတွင်လည်း အင်ဂျင်မီးခေါက်သံ ထွက်ပေါ်လေ့ရှိပါသည်။ မီးခေါက်သံထွက်ပေါ်မှုသည် အင်ဂျင်အား ရုတ်တရက်ဆိုးရွားစွာ ထိခိုက်ပျက်စီးခြင်းမျိုး မဟုတ်ဘဲ ရေရှည်တွင် အင်ဂျင်သက်တမ်းလျော့ကျ စေမည်ဖြစ်ပါသည်။
ဓာတ်ဆီအား အခြေခံအားဖြင့် အုပ်စု (၃) မျိုး ခွဲခြားသတ်မှတ်
အောက်တိန်းအမှတ် (RON 90) အောက်ရှိသော ဓာတ်ဆီများကို Regular Gasoline အဖြစ် သတ်မှတ်ကြပြီး မီးစက်များ၊ လယ်ယာသုံးစက်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးယာဉ် များနှင့် မော်ဒယ်နိမ့်သောကားများတွင် အသုံးပြုနိုင်ကြောင်း တွေ့ရှိရပါသည်။ Regular Gasoline များ ကို Compression Ratio 9:1 ဝန်းကျင်ရှိ ကာဗရက်တာ (Carburettor) တပ်ဆင်ထားသော အင်ဂျင်များတွင် အသုံးပြုရန် သင့်လျော်ကြောင်း တွေ့ရှိရပါသည်။
အောက်တိန်းအမှတ်(RON 91)မှ (RON 93) ဝန်းကျင်ရှိသော ဓာတ်ဆီများကို Premium Gasoline များအဖြစ်သတ်မှတ်ကြပြီး ယင်း Premium Gasoline များကို လက်ရှိအသုံးပြုနေသော မော်ဒယ်မြင့်ကားများတွင် အသုံးပြုလျက်ရှိကြောင်း တွေ့ရှိရပါသည်။ Premium Gasoline များကို Compression Ratio 10:1 မှ 11:1 ဝန်းကျင်ရှိသော EFI Engine များတွင် အသုံးပြုရန် သင့်လျော်ကြောင်း တွေ့ရှိရပါသည်။
အောက်တိန်းအမှတ် (RON 95) အထက်ရှိသော ဓာတ်ဆီများကို Super Premium Gasoline များ အဖြစ် သတ်မှတ်ကြပြီး တန်ဖိုးမြင့်ဇိမ်ခံကားအင်ဂျင်များနှင့် ပြိုင်ကားများတွင် အသုံးပြုကြောင်း တွေ့ရှိရပါသည်။ Super Premium Gasoline များကို Compression Ratio 11:1 အထက်ရှိသော Special Purpose Engine များတွင် အသုံးပြုရန် သင့်လျော်ကြောင်း တွေ့ရှိရပါသည်။
Regular Gasoline ၏ Self-ignition အပူချိန်သည် ၄၅၀°C မှ ၅၅၀°C အတွင်းရှိပြီး Premium Gasoline ၏ Self-ignition အပူချိန်သည် ၄၈၀°C မှ ၇၀၀°C အတွင်းရှိသည့်အတွက် Compression Ratio နိမ့်သည့် အင်ဂျင်များတွင် အောက်တိန်းအမှတ်မြင့်သော ဓာတ်ဆီများအား အသုံးပြုမည်ဆိုပါက Complete Combustion မဖြစ်နိုင်ဘဲ အင်ဂျင်၏ စွမ်းဆောင်ရည်မကောင်းခြင်း၊ မီးခိုးထုတ်လွှတ်မှုများခြင်းနှင့် ဆီစားခြင်းစသည်တို့ကိုလည်း ဖြစ်ပေါ်စေပါသည်။ Compression Ratio နိမ့်သောအင်ဂျင်များတွင် အောက်တိန်းအမှတ် မြင့်မားသော ဓာတ်ဆီများအား ထည့်သွင်းအသုံးပြု ခြင်းသည် ကုန်ကျစရိတ်များသည့်အပြင် လေထုညစ်ညမ်းမှုကိုပါ ဖြစ်ပေါ်စေနိုင်ကြောင်း တွေ့ရှိရ ပါသည်။ ထို့ကြောင့် Compression Ratio နိမ့်သော အင်ဂျင်များတွင် Regular Gasoline ကိုသာ အသုံးပြုသင့်ပါသည်။
ပြည်တွင်းထုတ်ဓာတ်ဆီကို နှစ်ဘီးတပ်နှင့် သုံးဘီးတပ်ယာဉ်များအပြင် အင်ဂျင်ခေါက်နှုန်းအား သီးသန့်ကန့်သတ်ဖော်ပြထားခြင်းမရှိသော မော်တော်ယာဉ်များ၌ အသုံးပြုမည်ဆိုပါက ပိုမိုသင့်လျော်မည်ဖြစ်ပါသည်။ လက်တွေ့အသုံးပြုသူများအတွက်လည်း အကျိုးများစွာရှိနေသည်ဖြစ်ရာ စွမ်းအင်ဝန်ကြီးဌာနမှ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည့် စက်သုံးဆီအရောင်းဆိုင်များတွင် တစ်ပတ်အတွင်း ဝယ်ယူသုံးစွဲသူများ သိသာစွာများပြားလာလျက်ရှိပြီး မော်ဒယ်နိမ့်မော်တော်ယာဉ်များ၊ မီးစက်၊ စက်လှေစသည့် ယာဉ်ယန္တရားများအတွက်ပါ ရောင်းချပေးပါရန် တောင်းဆိုမှုများရှိလာသည့်အတွက် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စံလုပ်ထုံးလုပ်နည်း (Standard Operating Procedure - SOP) ရေးဆွဲလျက်ရှိပြီး ဖြန့်ဖြူးသွားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိနေပါသည်။
သို့ဖြစ်ပါ၍ ယခုဖွင့်လှစ်ရောင်းချလျက်ရှိသည့် စက်သုံးဆီအရောင်းဆိုင်များမှ ပြည်တွင်းထုတ်ဓာတ်ဆီအား ပြည်သူများအနေဖြင့် ယုံကြည်စွာဖြင့် မိမိတို့၏ ယာဉ်များအတွက် ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်သည့် အခွင့်အရေးတစ်ရပ်အား စွမ်းအင်ဝန်ကြီးဌာနမှ ကြိုးပမ်းဖော်ဆောင်ခဲ့မှုအပေါ်တွင် မုဒိတာပွား၍ တင်ပြလိုက်ရပါသည်။ ။