Skip to main content

ပုဂံဒေသ ရှေးဟောင်းသုတေသနဆိုင်ရာ အသစ်တွေ့အထောက်အထား သိကြားဟစ်ဘုရား နံရံဆေးရေးပန်းချီများတွင် ရွှေရည်ရေးဘုရားပုံတော်များ တွေ့ရှိခြင်း

ဒေါက်တာအိရွှေစင်မြင့်(ရှေး/သု-ပုဂံ)

ပုဂံခေတ်၏ ဗိသုကာအတတ်ပညာ၊ အင်္ဂတေပန်းလက်ရာ၊ ကျောက်ဆစ်ပန်းတမော့ လက်ရာတို့မှာ သရေခေတ္တရာ၊ ပျူနှင့်သထုံ၊ မွန်တို့၏ယဉ်ကျေးမှုသြဇာသက်ရောက်ခဲ့သော်လည်း နံရံပန်းချီမှာ အိန္ဒိယပန်းချီမှဆင်းသက် ပေါက်ဖွားလာကာထိုမှတစ်ဆင့် မြန်မာ့ဟန်၊ မြန်မာ့အသွင်ကူးပြောင်းလာခြင်းဖြစ်သည်။

ဓမ္မအကြောင်းအရာများကို ပိုမိုအသားပေး ရေးဆွဲ

ပုဂံခေတ်က ရေးဆွဲခဲ့သော နံရံဆေးရေးပန်းချီများကို လေ့လာပါက လောကအကြောင်းထက် ဓမ္မအကြောင်းအရာများကို ပိုမိုအသားပေးရေးဆွဲလေ့ရှိသည်ကို တွေ့ရသည်။ ဗုဒ္ဓဝံသကျမ်းနှင့်  ဇာတက အဋ္ဌကထာကျမ်းများမှ ဗုဒ္ဓနှင့်သက်ဆိုင်သည့် အကြောင်းအရာများ၊ ဖွားတော်မူခန်း၊ ဗောဓိပင်နှင့် ရွှေပလ္လင်အောင်ခန်း၊ ဓမ္မစကြာတရားဦးဟောခန်း၊ နာဠာဂီရိဆင်ချွတ်ခန်း၊ အာဠာဝကဘီလူးမင်းချွတ်ခန်း၊ တိတ္တိတို့အားတန်ခိုးပြာဋိဟာပြခန်း၊ ပါလိလေယျတော၌ မျောက်မင်းတို့၏ ပျားမုန့်ဆွမ်းခံယူခန်း၊ တာဝတိံသာမှဆင်းခန်း၊ ပရိနိဗ္ဗာန်စံတော်မူခန်း၊ ငါးရာ့ငါးဆယ်ဇာတ်တော်များ၊ ဒီပင်္ကရာမြတ်စွာဘုရားလက်ထက်မှ ကဿပမြတ်စွာဘုရားတိုင် ဘုရားရှင်အဆက်ဆက် ဂေါတမမြတ်စွာဘုရား အလောင်းတော်အထိ ဗျာဒိတ်ခံယူခဲ့သော ဘဝများစသည်တို့ကို အများဆုံးရေးဆွဲကြပါသည်။ ရေးဆွဲထားသည့် အကြောင်းအရာများမှာမတူညီဘဲ ကွဲပြားနေသည်ကို ထူးခြားစွာတွေ့မြင်နိုင်ပါသည်။ အကယ်၍ အကြောင်းအရာတူ ရေးဆွဲထားသည့်တိုင်ရေးဆွဲသည့် ဒီဇိုင်းမတူခြင်း၊ အသုံးပြုသည့် ဆေးရောင်မတူခြင်း၊ တင်ပြပုံမတူညီခြင်းစသော ကွဲပြားမှုများကိုလည်း တွေ့မြင်နိုင်သည်။

နံရံပန်းချီများတွင် ဗုဒ္ဓအကြောင်းအရာများကို တွေ့ရသကဲ့သို့ နတ်၊ ဗြဟ္မာ၊ ရဟန္တာ၊ မင်းညီမင်းသား၊ မှူးမတ်၊ မိဖုရား၊ နန်းတွင်းသူများ၊ နန်းတော်ပုံစံ၊ တောတောင်ရှုခင်းများ၊ လူမှုရေးပန်းချီများ၊ မြင်း၊ ဆင် စသည့်တိရစ္ဆာန်ရုပ်ပုံများအပြင် ကိန္နရီ၊ ကိန္နရာ၊ ဟင်္သာ၊ ဘဲ ၊ တီးမှုတ်ကခုန်နေသူများနှင့် ကနုတ်ပန်းများ၊ ကြာပန်း၊ မျက်နှာကြက်ပန်းဒီဇိုင်းအမျိုးမျိုး စသည်တို့ကိုလည်း ရေးဆွဲတတ်ကြသည်။

သိကြားဟစ်ဘုရား (ရှေးဟောင်းအဆောက်အအုံအမှတ်-၂၄၉)သည် ညောင်ဦး-ပုဂံသွား ကားလမ်းဘေး အမှတ်(၇)ရပ်ကွက် ဝက်ကြီးအင်း၏ အနောက်တောင်ဘက် ပုဂံမြို့ဟောင်းအတွင်းတွင် တည်ရှိပါသည်။ သိကြားဟစ်ဘုရားသည် အေဒီ(၁၃)ရာစု ဗိသုကာဖြစ်ပြီး နံရံဆေးရေးပန်းချီများ ရေးဆွဲထားသည်ကို တွေ့နိုင်သည်။ မျက်နှာကြက်ပန်းဝိုင်းတွင် ထိုင်တော်မူဗုဒ္ဓပုံတော်များ၊ နှစ်ကျိပ်ရှစ်ဆူဘုရားနှင့် ပွင့်ပြီးသောဘုရားလေးဆူ၊ နောင်ပွင့်မည့်အရိမေတ္တယျဘုရား၊ ရှစ်မြှောင့်ထောင့် ပန်းဒီဇိုင်းတွင် ပုံတော်များ၊ ပန်းလှူနေသည့် ရုပ်ပုံများရေးဆွဲထားပါသည်။ ဆေးအရောင်ကို မြေဝါ၊ အနက်၊ နီညိုတို့ အသုံးပြုထားကြပါသည်။ နံရံဆေးရေးပန်းချီများသည် ရာသီဥတုဒဏ်နှင့် နှစ်ကာလကြာမြင့်မှုကြောင့် ဆေးရောင်များမှေးမှိန်လာခြင်း၊ နံရံပန်းချီကျန်ရှိနေသော်လည်း ကောင်းစွာမမြင်ရတော့ခြင်း၊ ခြများကိုက်ထားခြင်း၊ နကျယ်အိမ်များရှိခြင်းနှင့် လူတို့၏ ဖျက်ဆီးမှုဖြစ်သော နံရံအချို့တွင်ဆော့ပင်၊ မီးသွေးစများဖြင့် ရေးခြစ်ထားခြင်း၊ အရုပ်များရေးဆွဲထားခြင်းတို့ကို တွေ့မြင်ကြရမည်ဖြစ်သည်။

သိကြားဟစ်ဘုရားရှိ နံရံဆေးရေးပန်းချီများ ပျက်စီးမှုဖြစ်ပေါ်နေပြီး အင်္ဂတေပန်းလက်ရာများ၊ နံရံများ အက်ကွဲကြောင်းများ ပေါ်နေသည့်အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ၂၀၂၅ ခုနှစ်မတ်လမှစတင်၍ အဆောက်အအုံထိန်းသိမ်းခြင်း၊ အင်္ဂတေပန်းလက်ရာများ၊ နံရံအက်ကွဲကြောင်းများနှင့် နံရံဆေးရေးပန်းချီများကို ဓာတုဗေဒနည်းဖြင့် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။

ဘုရားပုံတော်များတွင် မင်စာများရေးထိုးထား

နံရံဆေးရေးပန်းချီများကို ဓာတုဗေဒနည်းဖြင့် ကြံ့ခိုင်မှုဆောင်ရွက်ရာမှ အာရုံခံ၏ မြောက်ဘက်နံရံနေရာ၌ နံရံဆေးရေးပန်းချီပေါ်တွင် ရေးဆွဲထားသော ပွင့်တော်မူပြီး ဘုရားငါးဆူ၌ ရွှေစင်ရွှေသားများဖြင့် တန်ဆာဆင်ထားသော ဘူမိဖဿမုဒြာဟန် ထိုင်တော်မူနေဟန် ဘုရားပုံတော်များကို တွေ့ရှိခဲ့ပါသည်။ တွေ့ရှိခဲ့ရသည့် ဘုရားပုံတော်များတွင် မင်စာများရေးထိုးထားပါသည်။ နောက်ခံ တံကဲအရောင်မှာ အစိမ်းရောင်ဖြစ်ပါသည်။ ဘူမိဖဿမုဒြာ၏ အဓိပ္ပာယ်မှာ ဘယ်တင်ညာချ လက်တော်အနေအထားဖြစ်ပြီး ညာလက်တော်သည် ပလ္လင်တော်၏ အခြေအားထိနေခြင်း အဓိပ္ပာယ်အားဖော်ညွှန်းထားခြင်းဖြစ်ပါသည်။ ဗုဒ္ဓဘုရားရှင်သည် မာရ်နတ်နှင့်အပေါင်းပါတို့ကို အောင်နိုင်ခြင်းအား ကိုယ်စားပြုသည်သာမက သဗ္ဗညုတ ဉာဏ်တော်ရရှိခြင်းကိုပါ ဖော်ကျူးပူဇော်ကြခြင်းဖြစ်ပါသည်။

နံရံဆေးရေးဘုရားပုံတော်များတွင် မျက်နှာတော်၊ လည်ပင်းတော်၊ ခန္ဓာကိုယ်အပေါ်ပိုင်း၊ ညာဘက်လက်တော်တို့နှင့် ခြေဖဝါးနှစ်ဖက်တော်တို့တွင် ရွှေစင်ရွှေသားများ ထင်ရှားစွာ ကျန်ရှိနေပါ သေးသည်။ ဆေးရေးပုံတော်များ၏ သွင်ပြင်လက္ခဏာတို့မှာ ညောင်ရမ်းခေတ်ဟန်ဖြစ်ပါသည်။ ဆေးရေးပုံတော်များဘေးတွင် မြတ်စွာဘုရားရှင်အား လက်အုပ်မိုးပူဇော်နေဟန် လူရုပ်များ ရေးဆွဲထားပါသေးသည်။ ညောင်ရမ်းခေတ်ဘုရားပုံတော်များသည် ထူးခြားသောပုံစံသစ်ဖြစ်ပြီး ပုဂံခေတ်နှင့် လုံးဝခြားနားကြပါသည်။ ညောင်ရမ်းခေတ် ဗုဒ္ဓပုံတော်များ၏ သွင်ပြင်လက္ခဏာများမှာ ရွဲလုံးတန်းဆံတော်ရှိခြင်း၊ ဥဏှိသ(မှန်ကင်းတော်)သည် ကြာဖူးပုံသဏ္ဌာန်ရှိပြီး ဦးခေါင်းတော်၏ ထိပ်တည့်တည့်တွင်ရှိနေခြင်း၊ သင်းကျစ်တော်ပါရှိခြင်း၊ လည်ပင်းတော်၊ ခါးတော်၊ လက်တော်များ သေးသွယ်ခြင်း၊ လည်ရေးသုံးဆင့်ပါရှိခြင်း၊ ပခုံးတွင်သင်္ကန်းတော်နှစ်ထပ်၊ သုံးထပ်ပြုလုပ်လာခြင်းနှင့် နားရွက်တော်သည် ပခုံးသို့ထိနေခြင်းတို့ ဖြစ်ပါသည်။

နှစ်ပေါင်းများစွာကြာမြင့်

အသစ်တွေ့ခဲ့ရသည့် ရွှေစင်ရွှေသားဖြင့် တန်ဆာဆင်ထားသော ဘူမိဖဿမုဒြာဟန် ထိုင်တော်မူဗုဒ္ဓပုံတော်များတွင် ယခင်ကတည်းက မင်စာများရေးထိုးထားသော်လည်း နှစ်ပေါင်းများစွာကြာမြင့်၍ ဖုန်မှုန့်များ၊ အညစ်အကြေးများဖြင့် ဖုံးအုပ်နေသည့်အတွက် တိမ်မြုပ်ပျောက်ကွယ်နေခြင်းဖြစ်ပြီး ယခုဓာတုဗေဒနည်းဖြင့် ထိန်းသိမ်းခြင်းဆောင်ရွက်သည့်အခါမှ တွေ့ရှိရခြင်းဖြစ်ပါသည်။

အသစ်တွေ့ရွှေစင်ရွှေသားများဖြင့် တန်ဆာဆင်ထားသည့် ဘုရားပုံတော်ငါးဆူ၏ အောက်ခြေတွင် မင်စာရေးထိုးထားပါသည်။

ရေးထိုးထားသော မင်စာတွင်သက္ကရာဇ် -၉၄၃ ခုနှစ်ဟု ပါရှိသည့်အတွက် အေဒီ ၁၆ ရာစုဟု ယူဆရပါသည်။ ထို့ကြောင့် သိကြားဟစ်ဘုရား၏ တည်ဆောက်မှုနှင့် နံရံဆေးရေးပန်းချီများသည် အေဒီ ၁၃ ရာစုဟန်ဖြစ်သော်လည်း ယခုကြံ့ခိုင်ထိန်းသိမ်းမှု လုပ်ငန်းဆောင်ရွက်ရာမှ ထင်ရှားစွာတွေ့မြင်ရသည့် မင်စာတွင်သက္ကရာဇ်-၉၄၃ ခုနှစ်ဟုပါရှိနေခြင်းကြောင့် ပုဂံခေတ်နှောင်းပိုင်း(Post Bagan Period)တွင် မူလမှတ်တမ်းပေါ်၌ နံရံပန်းချီများနှင့် မင်စာထပ်မံ၍ ရေးထိုးထားခြင်းဖြစ်မည်ဟု ယူဆရပါသည်။

မြန်မာဘာသာ၊ ပါဠိဘာသာတို့ဖြင့် ရေးထိုးထားပြီး အက္ခရာများမှာ ညောင်ရမ်းခေတ်အရေးအသားကို အသုံးပြုထားခြင်းဖြစ်သည်။ မင်စာပါအကြောင်းအရာသည် ပွင့်တော်မူပြီးသော ဘုရားရှင်တို့ကို ရည်စူး၍ လှူဒါန်းမှုအစုစုကို မှတ်တမ်းတင်ရေးထိုးထားခြင်းဖြစ်သည်။

ရွှေစင်ရွှေသားဖြင့် ပြုလုပ်ထားသည့် ဘုရားပုံတော် နံရံဆေးရေးပန်းချီများနှင့် မင်စာသည် အေဒီ ၁၆ ရာစုက ဖြစ်ပါသည်။ အေဒီ ၁၆ ရာစု၌ ဘုရင့်နောင်မင်းတရားကြီးသည် ပုဂံဒေသသို့ကြွရောက်လာသည့်အချိန်တွင် ရွှေစည်းခုံစေတီတော်ကြီး(ညောင်ဦးမြို့)အား ရွှေထီးတော်လှူဒါန်းခြင်း၊ ရွှေချခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မြန်မာ၊ ပါဠိ၊ မွန်သုံးဘာသာဖြင့် ကြေးသွန်းခေါင်းလောင်းစာ ရေးထိုးမှတ်တမ်းတင်ထားခဲ့သည့် မှတ်တမ်းရှိသည်။ အဆိုပါခေါင်းလောင်းသည် ကမ္ဘာ့မှတ်တမ်းအမွေအနှစ် (Memory of the World, MOW) အဖြစ် ၂၀၁၈ခုနှစ်က အသိအမှတ်ပြုခံခဲ့ရပြီးဖြစ်ပါသည်။ ထို့ကြောင့် အေဒီ ၁၆ ရာစုမှစတင်၍ စေတီတော်များတွင် ရွှေချသည့်ဓလေ့ရှိခဲ့ကြောင်း ခိုင်မာသည့် အထောက်အထားဖြစ်ခဲ့ပါသည်။

ရွှေရည်ရေးခြင်း (ရွှေချခြင်း) ရွှေဖြင့်တန်ဆာဆင်ခြင်းတို့နှင့်ပတ်သက်၍ ကျောက်စာများတွင် မှတ်တမ်းတင်ရေးထိုးထားကြသည်ကို တွေ့ရှိရသည်။ စောလူးလတ် ဘုရားကျောက်စာတွင် ဂူအထွတ်ကို “ရွှေအတိသော အထွတ်လည်းတင်၏။ အဆန်းတကြယ် တင့်တယ်စွာသော သလွဲလည်းခတ်၏” ဟူ၍ လည်းကောင်း၊ ပုဂံမြို့ဟောင်း သရပါတံခါးအနီး တိုင်းချွတ်ဘုရားကျောက်စာတွင် “တိုင်းခတ်ဘုရား သ္ခိင်ကိုဝ်တော်ခပင်လည် ရွှေရည်ရေး၏၊ ရွှေထီးလေဆောင်း၏၊ ရွှေပန်လင်လည်ပြု၏၊ သ္ခိင်သာရိပုတ္တရာလည် ရွှေရည်ရေး၏၊ သ္ခိင်မောက္ကလာန်လည်း ရွှေရည်ရေး၏၊ သ္ခိင်ဂဝံပတိ နှစ်ခုသောလည်း ရွှေရည်ရေး၏” ဟူ၍လည်းကောင်း၊ မြစေတီကျောက်စာတွင် “ထိုရာဇကုမာရ်မည်သော ပယ်မယားသား ထိုရွှေဘုရား ဌာပနာ၍၏၊ ဤရွှေအထွတ်မူသောဂူပြု၏” ဟူ၍ လည်းကောင်း၊ ရွှေကွန်ချာဘုရား ကျောက်စာတွင် “ကူတွင် ဘုရားကြီးလည်း ရွှေအညီကိုယ်တော်ခပင်းရေး၏။ ပုထိုဝ်ကြီးငါးလုံးသော်လည်း ရွှေထွတ်တင်၏”။ ဟူ၍လည်းကောင်း ကျောက်ထက်အက္ခရာတင်ထားသည့် အထောက်အထားများ တွေ့ရှိရပါသည်။

ပုဂံခေတ်ရွှေဆင်းတုတော်များ တွေ့ရှိခဲ့

ပုဂံခေတ်တွင် ဆင်းတုတော်များ၊ လက်ဝဲရံလက်ယာရံသာဝကများ၊ အသုံးအဆောင်ပစ္စည်းများအား ရွှေဖြင့်ပြုလုပ်ခြင်းဓလေ့၊ နောက်ပိုင်းခေတ်တွင် အသုံးဆောင်ပစ္စည်းများ၊ မျက်နှာကြက်များနှင့် တိုင်လုံးများတွင် ရွှေချခြင်း သို့မဟုတ် ရွှေဖြင့်ပြုလုပ်ခြင်းများရှိခဲ့ကြောင်း ကျောက်စာအထောက်အထားများ ရှိခဲ့သလို တူးဖော်သုတေသနပြုဆောင်ရွက်ခြင်းတို့မှ ရွှေဆင်းတုတော်များ တွေ့ရှိခဲ့ရပေသည်။

ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားအသစ်တွေ့ရှိမှုအနေဖြင့် သိကြားဟစ်ဘုရား (ရှေးဟောင်းအဆောက်အအုံအမှတ်-၂၄၉)မှ နံရံဆေးရေးပန်းချီ ဘုရားပုံတော်ငါးဆူတွင် ရွှေရည်ရေးခြင်း(ရွှေချခြင်း)တွေ့ရှိမှုသည် ပထမဆုံးအသစ်တွေ့ရှိမှု ဖြစ်ပေသည်။ မည်သည့်ရှေးဟောင်းနေရာများတွင်မှ ထိုကဲ့သို့သော နံရံဆေးရေးပန်းချီများတွင် ရွှေရည်ရေး(ရွှေချ)သည့် အထောက်အထား မတွေ့ရှိရသေးပါ။ ထို့အပြင် နှောင်းခေတ်ကုသိုလ်ရှင် များအနေဖြင့် ကောင်းမှုကုသိုလ် ပြုလုပ်မည်ဆိုပါက မိမိတို့ဘိုးဘွားများ၏ ကောင်းမှုကုသိုလ်အမွေအနှစ်များ သို့မဟုတ် ယခင်ကရှိပြီး အမွေအနှစ်များအား ဖျက်ဆီးခြင်းမပြုဘဲ ထပ်မံခြင်းဖြင့်လည်းကောင်း၊ ငုံ၍လည်းကောင်း လှူဒါန်းမှုပြုခဲ့ကြသည်ကို တွေ့ရှိရသည်။ ပုဂံဒေသတွင် တွေ့ရှိရသော နှစ်ထပ်ဆင်းတု တော်များ၊ နှစ်ထပ်ဘုရားများကလည်းကောင်း တိကျခိုင်မာသည့် ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားတစ်ခုဖြစ်ခဲ့ပါသည်။

ပုဂံဒေသရှိ အခြားသော နံရံဆေးရေးပန်းချီ ရှိသည့် ရှေးဟောင်းအဆောက်အအုံများအား ဓာတုဗေဒနည်းဖြင့် ကြေးချွတ်ခြင်း၊ သန့်စင်ခြင်း၊ ကြံ့ခိုင်မှုထိန်းသိမ်းခြင်းတို့ ဆောင်ရွက်သွားမည်ဆိုပါက ယခုကဲ့သို့ ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားအသစ်များ ထပ်မံတွေ့ရှိနိုင်သကဲ့သို့ အမွေအနှစ်များလည်း ရေရှည်တည်တံ့စေမည်ဖြစ်ပါသည်။

နံရံဆေးရေးပန်းချီများနှင့် မင်စာများသည် မြန်မာ့သမိုင်းနှင့် မြန်မာအက္ခရာအတွက် တန်ဖိုးမဖြတ်နိုင်သည့် အမွေအနှစ်ဖြစ်သကဲ့သို့ ယင်းနံရံဆေးရေးပန်းချီများနှင့် မင်စာများက ထိုခေတ်က လူမှုရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ နိုင်ငံရေးအခြေအနေတို့ကို ထင်ဟပ်ပြသပေးနေပါသည်။ အဆိုပါ နံရံဆေးရေးပန်းချီများနှင့် မင်စာများသည် နှစ်ပေါင်းထောင်ချီကြာမြင့်နေခြင်း၊ သဘာဝဘေးအန္တရာယ်များဖြစ်သည့် ငလျင်ဘေး၊ ရေဘေး၊ ခြများကိုက်စားခြင်း၊ ဖုန်မှုန့်များအမှိုက်အညစ်အကြေးများ ဖုံးအုပ်နေခြင်းနှင့် လူသားတို့ ပြုမူမှုများဖြစ်သော နံရံပန်းချီများပေါ်တွင် မီးသွေးစများ၊ ဆော့ပင်များ၊ မင်ဖျက်ဆေးများဖြင့်ရေးခြစ်ခြင်း၊ ရုပ်ပုံများရေးဆွဲခြင်း၊ လှီးဖြတ်၍ ခိုးယူခြင်း၊ ရောင်းချခြင်း စသည်တို့ကြောင့် ပျက်စီးသွားခဲ့ကြရသောအမွေအနှစ် (နံရံပန်းချီနှင့် မင်စာ)များ မရေမတွက်နိုင်အောင်ရှိနေခဲ့မည်ဟု ယူဆဖွယ်ရာများ တွေ့ရှိရသည်။

ထိုကဲ့သို့ အမွေအနှစ်များ ထပ်မံဖျက်ဆီးခြင်း၊ ပျက်စီးခြင်းမဖြစ်ပေါ်စေရေးနှင့် ယဉ်ကျေးမှုအမွေ အနှစ်အပေါ် ချစ်မြတ်နိုးစိတ် ဖြစ်ပေါ်လာစေရေးအတွက် ပြည်သူများက ပူးပေါင်းပါဝင်၍ ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။