Skip to main content

အနာဂတ် ပြန်လည်တည်ဆောက်နိုင်မည့် စွမ်းရည်အခြေခံပညာရေး

ကိုချင်း

စွမ်းရည်အခြေခံပညာရေး(Skill-Based Education) ဆိုတာဟာ ကျောင်းသား ကျောင်းသူတွေကို လက်တွေ့ဘဝနဲ့လုပ်ငန်းခွင်တွေမှာ တိုက်ရိုက်အသုံးချနိုင်တဲ့ တိကျတဲ့စွမ်းရည်တွေ (Practical Skills) တိုးတက်လာစေဖို့ အဓိကထားသင်ကြားပေးတဲ့စနစ်တစ်ခု ဖြစ်ပါတယ်။

သမားရိုးကျပညာရေးဆိုတာ သီအိုရီဆိုင်ရာ အသိပညာ၊ အချက်အလက်နဲ့ အကြောင်းအရာတွေကို မှတ်သားဖို့အလေးပေးလေ့ရှိပေမယ့် စွမ်းရည်အခြေခံပညာရေး (Skill-Based Education)မှာတော့ ထိုအသိပညာတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့ လုပ်ဆောင်နိုင်စွမ်း(Competency)နဲ့ ကျွမ်းကျင်မှု (Proficiency) တို့ကို ပိုမိုအာရုံစိုက်ပြီး သင်ကြားပေးတာဖြစ်ပါတယ်။

စွမ်းရည်အခြေခံပညာရေး (Skill-Based Education) ရဲ့ အဓိက အချက်များ

လက်တွေ့ကျမှု။ စာသင်ခန်းထဲမှာ သင်ယူထားတဲ့ အသိပညာတွေကို လက်တွေ့ကိစ္စရပ်တွေ၊ စီမံကိန်းတွေ (Projects) နဲ့ ပြင်ပအခြေအနေတွေမှာ အသုံးချနိုင်ဖို့ လေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။

စွမ်းဆောင်ရည်ကို အာရုံစိုက်ခြင်း (Focus on Competency)။ ကျောင်းသားတွေဟာ သတ်မှတ်ထားတဲ့ အချိန်ကာလတစ်ခုကို ရောက်ရှိသွားလို့ သင်ရိုးပြီးဆုံးခြင်းထက်သတ်မှတ်ထားတဲ့ စွမ်းရည်ကို ပိုင်ဆိုင်နေပြီဖြစ်ကြောင်း သက်သေပြနိုင်မှသာ နောက်တစ်ဆင့်ကို တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ (တစ်ဦးချင်းအနေနဲ့ တိုးတက်မှု (Self-paced Progress) နှုန်းထားတွေ ရရှိလာနိုင်ပါတယ်)။

လုပ်ငန်းခွင်နှင့် ဆက်စပ်မှု။ ခေတ်မီလာတဲ့ အလုပ်အကိုင်ဈေးကွက်ရဲ့ လိုအပ်ချက်တွေ (ဥပမာ - ဝေဖန် ပိုင်းခြားတွေးခေါ်မှု၊ ပြဿနာဖြေရှင်းမှု၊ ဆက်သွယ်ပြောဆိုမှု၊ ပူးပေါင်းဆောင်ရွက်မှုစတဲ့ ၂၁ ရာစု စွမ်းရည်တွေ)ကို တိုက်ရိုက်ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ပါတယ်။

လက်တွေ့သင်ယူမှု။ ဆွေးနွေးပို့ချချက်တွေသာ မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ခြင်း၊ အခန်းကဏ္ဍခွဲပြီး ဆောင်ရွက်ခြင်းနဲ့ စမ်းသပ်မှုတွေကို အသုံးပြုပါတယ်။ ဒါကြောင့် စွမ်းရည်အခြေခံပညာရေးဟာ ကျောင်းသားတွေကို လက်တွေ့ဘဝမှာ အောင်မြင်စွာရင်ဆိုင်နိုင်ဖို့အတွက် လိုအပ်တဲ့ကျွမ်းကျင်မှုတွေ ပေးစွမ်းနိုင်ရေးကို ပိုမိုရည်ရွယ်တဲ့ ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်ပါတယ်။

စွမ်းရည်အခြေခံပညာရေးနဲ့ သမားရိုးကျပညာရေး ကွာခြားချက်

(National Skills Standards Authority – NSSA ) ကျွမ်းကျင် လက်မှတ်မှ အခွင့်အလမ်း အသစ်တစ်ခုမြန်မာနိုင်ငံမှာ တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့ရင် ဘဝအောင်မြင်သွားမယ်လို့ မိဘ၊ သားသမီးအများစုက ယုံကြည်လာကြတာ သက်တမ်းကြာရှည်ခဲ့ပါပြီ။ အဲဒီလို အိပ်မက်သဘောထားတွေက တစ်စိတ်တစ်ဒေသအနေနဲ့မှန်ကန်ပေမယ့် တက္ကသိုလ်ဝင်တန်း မအောင်မြင်သူတစ်ယောက်ဟာ ဘဝအောင်မြင်နိုင်စွမ်း ပျောက်ကွယ်သွားတယ်ဆိုတဲ့ ယုံကြည်ချက်က အမှန်မဟုတ်တော့တဲ့ ခေတ်အခါတစ်ခုကို မြန်မာနိုင်ငံက ကျော်ဖြတ်လာနေပါပြီ။

ခိုင်မာအားကောင်းတဲ့ အလုပ်အကိုင်ဈေးကွက်၊ တိုးတက်ပြောင်းလဲနေတဲ့ စက်မှုထုတ်လုပ်ရေး၊ မြင့်မားလာတဲ့ နိုင်ငံတော်ဖွံ့ဖြိုးရေးလိုအပ်ချက်တွေအရ လက်တွေ့ကျကျ ကျွမ်းကျင်တတ်မြောက်ကြသူလို့ခေါ်တဲ့ လူသားအရင်းအမြစ်အမျိုးအစားဟာ ဒီနေ့ခေတ် အလုပ်အကိုင်ဈေးကွက်အတွက် အလွန်အင်မတန်အရေးကြီးလာနေပါပြီ။

ဒီလိုအခြေအနေတွေကြားမှာ တက္ကသိုလ်ဝင်တန်း မအောင်မြင်သေးတဲ့သူတွေကို လုပ်ငန်းခွင်လမ်းမပေါ် သေချာပေါက် ပြန်လည်လျှောက်လှမ်းစေနိုင်မယ့် အကြောင်းအရာတစ်ခုရှိပါတယ်။ ဒါကတော့ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority - NSSA) ကျွမ်းကျင်မှုလက်မှတ်ပဲ ဖြစ်ပါတယ်။

ဒီ NSSA လက်မှတ်က အတန်းပညာမပြီးမြောက်သူများတောင် တက်တက်ကြွကြွနဲ့ ဆောင်ရွက်ပါက ကျွမ်းကျင်သူ (Skilled Worker)၊ ကြီးကြပ်သူ (Supervisor)၊ နည်းပညာကျွမ်းကျင်သူ (Technician)တွေအထိဖြစ်နိုင်ပြီး ပြည်တွင်းပြည်ပ အလုပ်အကိုင်ဈေးကွက်ထဲက အလွန်ကြီးမားတဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးလို့ တကယ့်လက်တွေ့ဘဝကို ပြောင်းလဲစေနိုင်မယ့်လမ်းတစ်ခုဆိုတာ အများပြည်သူတို့ သိရှိနားဝင်သွားဖို့လိုအပ်တဲ့ အချိန်အခါပါပဲ။

တက္ကသိုလ်ဝင်တန်း မအောင်မြင်သေးတာကြောင့် “ကျွမ်းကျင်မှုတွေကိုပြသနိုင်မယ့် နေရာမရှိတော့ဘူး” လို့ မထင်ပါနဲ့။ အမှန်တရားကတော့ တက္ကသိုလ်ကနေ ပြီးမြောက်အောင်မြင်တဲ့သူတွေဟာ စာသင်ယူတတ်မြောက်နိုင်မှုကို ပြသနိုင်ကြပြီး NSSA လက်မှတ်ရ ကျွမ်းကျင်သူတွေကတော့ တကယ့်လက်တွေ့ကျွမ်းကျင်တတ်မြောက်မှုကို ပြသနိုင်ကြပါတယ်။

တက္ကသိုလ်ကျောင်းသားတွေ အများစုမှာ ယုတ္တိရှိရှိတွေးခေါ်နိုင်စွမ်း၊ အခြေခံသိပ္ပံ အသိပညာ၊ သင်ယူနိုင်စွမ်း၊ စည်းကမ်းစတဲ့ စွမ်းဆောင်ရည်တွေ ရှိကြပါတယ်။

လက်တွေ့ကျွမ်းကျင်မှုများကိုတော့ တစ်နှစ် သို့မဟုတ် နှစ်နှစ်နည်းပညာဆိုင်ရာ သို့မဟုတ် ရွေ့လျားသင်တန်းတွေနဲ့ သက်မွေးပညာတွေကို တည်ဆောက်လိုက်မယ်ဆိုရင် အလုပ်အကိုင်ဈေးကွက်က လက်ခံတဲ့ကျွမ်းကျင်သူမှတစ်ဆင့် နည်းပညာကျွမ်းကျင်သူ (Technician) တစ်ယောက်ဖြစ်လာနိုင်ပါတယ်။

NSSA သတ်မှတ်ထားတဲ့ အဆင့် (၄) ဆင့် သို့မဟုတ် ဘဝလုပ်ငန်း အောင်မြင်ရေး လမ်းသွယ် (၄) ခု

NSSA ရဲ့ အလုပ်အကိုင် အသိအမှတ်ပြုအဆင့်(၄)ဆင့်က ကြီးမားတဲ့ အသုံးချနိုင်စွမ်းတွေကိုပါ တွဲဖက်ထားပါတယ်။ NSSA အဆင့်(၂) / အဆင့်(၃) ကို ရရှိသွားရင် တက္ကသိုလ်ဝင်တန်း မအောင်မြင်သေးတဲ့သူတွေတောင် နည်းပညာကျွမ်းကျင်သူ (Technician) တွေ ဖြစ်လာနိုင်ပါတယ်။ NSSA အဆင့်(၄)ကိုသာ ရရှိခဲ့မယ်ဆိုပါက ကြီးကြပ်သူ (Supervisor)တောင်မှ ဖြစ်လာနိုင်ပါတယ်။ ဒီလိုဆိုရင် ဝင်ငွေလစာနှုန်းက တော်တော်ကို ပြောင်းလဲသွားပါပြီ။

အလုပ်အကိုင် ဈေးကွက်ရဲ့အမှန်တကယ်လိုအပ်ချက်က “စာမေးပွဲအောင်မြင်သူ” မဟုတ်ဘူး၊ “အလုပ်အကိုင် ကျွမ်းကျင်တတ်မြောက်သူ”သာ ဖြစ်ပါတယ်။ ဘယ်နိုင်ငံမဆို အလုပ်ဈေးကွက်အတွင်း လိုအပ်ချက်သုံးမျိုး ရှိပါတယ်-

(၁) မြင့်မားသောပညာရပ်ဆိုင်ရာ ပညာရှင်များ(Professionals) ဥပမာ -  ဆရာဝန်၊ အင်ဂျင်နီယာ၊ စီးပွားရေးဆိုင်ရာ/ အချက်အလက်ဒေတာ ဆန်းစစ်သူ

(၂) နည်းပညာကျွမ်းကျင်သူများ (Skilled Technicians) ဥပမာ- လျှပ်စစ်ပညာရှင် (Electrician)၊ ဂဟေဆက်ပညာရှင် (Welder)၊ စက်ပြင်သူ (Machinist)၊ စက်ဆိုင်ရာနည်းပညာကျွမ်းကျင်သူ(Machinery Technician)၊ လေအေးပေးစက်ပညာရှင် (AC Technician)၊ ဆောက်လုပ်ရေးဆိုင်ရာ နည်းပညာကျွမ်းကျင်သူ (Construction technician)

(၃) ကျွမ်းကျင်မှုမရှိသော အလုပ်သမား (သို့မဟုတ်) သာမန်အလုပ်သမား (Unskilled Labour) ထိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံတွေမှာ အထက်ပါအချက် အမှတ်(၂)အပေါ်မူတည်ပြီး စီးပွားရေးအင်ဂျင်ကြီးတွေကို လည်ပတ်ထားပါတယ်။ ထို့အတူ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင် ဈေးကွက်မှာလည်း နည်းပညာကျွမ်းကျင်သူတွေ အများကြီးလိုအပ်နေပြီး အဲဒီနည်းပညာ ကျွမ်းကျင်သူတွေက NSSA လက်မှတ်နဲ့ အလွန်မြင့်မားတဲ့ တန်ဖိုးရှိအလုပ်တွေကို ရရှိလုပ်ကိုင် နိုင်နေကြပါပြီ။

NSSA Skilled Worker ဖြစ်နိုင်ကြောင်း သက်သေ (၇) မျိုး

၁။ နိုင်ငံတစ်လွှားမှာရှိတဲ့ TVET Centers တွေဟာ အဓိကအားဖြင့် တက္ကသိုလ်ဝင်တန်း မအောင်မြင်သေးတဲ့သူတွေကိုပဲ ပစ်မှတ်ထား လေ့ကျင့်ပေးဖို့ ဦးတည်အကောင်အထည်ဖော် ဆောင်ရွက်ပေးနေပါတယ်။

၂။ NSSA ဆန်းစစ်ချက် (NSSA Assessment) ဟာ စာမေးပွဲမဟုတ်ဘဲ လုပ်ငန်းအခြေပြု ကျွမ်းကျင်မှုစစ်ဆေးရေး (Task-Based Competency Test) ဖြစ်ပါတယ်။

၃။ သင်တန်း ၃ လ – ၆ လနဲ့ ကျွမ်းကျင်မှုအဆင့် (Skill Level) တက်နိုင်ပါတယ်။

၄။ အာဆီယံနိုင်ငံတွေရဲ့ အလုပ်အကိုင်ဈေးကွက်က NSSA Level 3 = AQRF Level 4 Technician ကို လက်ခံပါတယ်။

၅။ ကိုရီးယား EPS ၊ ဂျပန် TITP ၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံတွေကို အလုပ်သမားအဖြစ် ထွက်ခွာလိုသူ အများစုအတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုစစ်ဆေးရေး(Skill Test) တွေဟာ လက်တွေ့ပညာစွမ်းရည် (Workshop Skills)၊ စက်ကိရိယာတွေ အသုံးချနိုင်မှု (Machine Skills)နဲ့ ဂဟေဆက်ခြင်းကျွမ်းကျင်မှု (Welding Skills) တို့ကို အဓိကထားစစ်ဆေးလေ့ရှိပါတယ်။

၆။ ပုဂ္ဂလိကပိုင်စက်ရုံတွေ၊ လုပ်ငန်းခွင်တွေနဲ့ စက်မှုလုပ်ငန်းတွေမှာ ကျွမ်းကျင်မှုလက်မှတ် ရရှိထားသူ အလုပ်သမားတွေကို လစာ ပိုမို ပေးအပ်လေ့ရှိပါတယ်။

၇။ မြန်မာ့စက်မှုလုပ်ငန်းခွင်တွေမှာ နည်းပညာကျွမ်းကျင်သူတွေ လိုအပ်မှုက ယနေ့အချိန်ထိ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေဆဲပဲဖြစ်ပါတယ်။ လျှပ်စစ်ပညာရှင်၊ စက်ပြင်သမား၊ ဂဟေဆက်သမား၊ အီလက်ထရောနစ်ပညာရှင် စတဲ့လက်တွေ့လုပ်ငန်းခွင် ကျွမ်းကျင်သူတွေကို စက်ရုံ၊ အလုပ်ရုံအသီးသီးမှာ “အမြဲတမ်းခေါ်ဆိုနေရသောနေရာ” အဖြစ်ရှိနေပါတယ်။ ဒီအခြေအနေဟာ ထုတ်လုပ်မှုစွမ်းရည်၊ ကုန်ထုတ် စွမ်းအားနဲ့ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုပါ ထိခိုက်စေတဲ့ ရေရှည်ပြဿနာတစ်ရပ်လည်း ဖြစ်ပါတယ်။

NSSA လက်မှတ်ဟာ အသက်မွေးဝမ်းကျောင်းတိုးတက်ဖို့အတွက် ဘယ်လိုအကျိုး သက်ရောက်သလဲ

၁။ အလုပ်ရှာရလွယ်ကူခြင်း

တက္ကသိုလ်ပညာရေး မပြီးဆုံးသူတွေလည်း NSSA အဆင့်(၂)/ အဆင့်(၃) လက်မှတ်ရရှိရင် အလုပ်ရှင်တွေထံကနေ ယုံကြည်မှုရရှိပြီးတစ်ခါတည်း နှစ်သက်သဘောကျမှုမျိုးကို လက်ခံရရှိစေနိုင်ပါတယ်။

၂။ လစာတိုးတက်မှုရှိလာခြင်း

 ကျွမ်းကျင်နည်းပညာရှင်တစ်ဦးရဲ့ ဝင်ငွေက စတင်ဝင်ငွေမှတစ်ဆင့် အတွေ့အကြုံရင့်ကျက်လာမှုအပေါ် မူတည်ပြီး ကျွမ်းကျင်မှုအဆင့် တက်လာကာ လစာတိုးတက်မှု ရရှိလာမှာဖြစ်ပါတယ်။

၃။ နိုင်ငံခြားမှာ အလုပ်လုပ်ကိုင်နိုင်ဖို့ အခွင့်အရေးများခြင်း

NSSA အဆင့် (၃) လက်မှတ်က ASEAN AQRF (ASEAN Qualifications Reference Framework) နဲ့ ချိတ်ဆက်ထားတာကြောင့် အခြားနိုင်ငံတွေကလည်း နည်းပညာကျွမ်းကျင်သူ အဆင့်အတန်းအဖြစ် အသိအမှတ်ပြုလက်ခံပေးပါတယ်။

၄။ ကိုယ်ပိုင်လုပ်ငန်း တည်ထောင်နိုင်ခြင်း (Entrepreneurship)

ဘယ်နည်းပညာကိုမဆို ကျွမ်းကျင်စွာ တတ်မြောက်ထားပါက ကိုယ်ပိုင်စီးပွားရေးအဖြစ် စတင်နိုင်ပါတယ်။ လျှပ်စစ်ကျွမ်းကျင် သူ၊ မော်တာပြင်ဆင်ကျွမ်းကျင်သူ၊ စက်ကိရိယာအသုံးပြုကျွမ်းကျင်သူ စတဲ့ ကျွမ်းကျင်မှုတစ်ခုတည်းနဲ့လည်း ကိုယ်ပိုင်လုပ်ငန်းငယ်တစ်ခုကို စတင်တည်ထောင်ရပ်တည်နိုင်ပါတယ်။

NSSA လက်မှတ်ဟာ ပညာရေးလမ်းကြောင်းတစ်ခုတည်းကို မှီခိုနေရခြင်းမှ လွတ်မြောက်စေပြီး လက်တွေ့အရည်အချင်းကို အသိအမှတ်ပြုပေးတဲ့ လမ်းကြောင်းအသစ်တစ်ခုဖြစ်ကာ ဝင်ငွေတိုးတက်မှုမှသည် နိုင်ငံတကာအထိ ရောက်ရှိနိုင်တဲ့ အခွင့်အလမ်းတွေကို ဖွင့်လှစ်ပေးထားပါတယ်။

အတန်းပညာ မပြီးတာဟာ “အဆုံးမဟုတ်ဘူး” လို့ ပြောဖို့ အချိန် ရောက်ပြီ

ဘဝမှာအောင်မြင်ဖို့ဆိုတာ စာအုပ်ထဲက အသိပညာတစ်ခုတည်းမဟုတ်ပါ။ လက်တွေ့ တတ်မြောက်တဲ့စွမ်းရည်နဲ့ ထိုစွမ်းရည်ကို တရားဝင်အတည်ပြုပေးတဲ့ လက်မှတ် (Certification) တို့သာ အဓိကကျပါတယ်။

အတန်းပညာ မပြီးဆုံးသူတွေအနေနဲ့ မိမိတို့ဘဝဟာ မတည်မြဲ၊ မရေရာဟု လုံးဝမယူဆသင့်ပါ။ နည်းပညာရပ်တစ်ခုကို စနစ်တကျတတ်မြောက်အောင်မြင်ခဲ့ရင် ၎င်းတို့ဟာ နည်းပညာကျွမ်းကျင်သူ (Technician) သို့မဟုတ် ကျွမ်းကျင်သူ (Skilled Worker) အဖြစ် မြန်မာနိုင်ငံရဲ့ စက်မှုနဲ့စီးပွားရေးအတွက် အလွန်အရေးပါတဲ့ “ထုတ်လုပ်မှုအင်ဂျင်” တစ်ခုအဖြစ်ရပ်တည်နိုင်မှာပဲ ဖြစ်ပါတယ်။

NSSA ကျွမ်းကျင်လက်မှတ်ဟာ ဤခရီးအတွက် အကောင်းဆုံးသော စတင်မှတ်တိုင် (Start Point) တစ်ခုပဲ ဖြစ်ပါတယ်။ အတန်းပညာမပြီးဆုံးသူလည်း NSSA Skill Certificate ကိုရယူခြင်းဖြင့် မိမိအနာဂတ်ကို တည်မြဲအောင်တည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။

NSSA ကျွမ်းကျင်လက်မှတ် ရယူဖို့ လမ်းညွှန်

၁။ ဘယ်လိုစရမလဲ။   မိမိစိတ်ဝင်စားရာ သင်ယူလိုတဲ့ နည်းပညာဘာသာရပ်ကို ရွေးချယ်ပါ (ဥပမာ - ဂဟေဆက်ခြင်း၊ လျှပ်စစ်ကျွမ်းကျင်သင်တန်း၊ စက်ချုပ်ခြင်း(အခြေခံ)၊ အဆောက်အအုံဆောက်လုပ်ရေး၊ ပိုက်ဆက်ပြုပြင်ခြင်း၊ မော်တော်ယာဉ်ပြုပြင်ခြင်း၊ လေအေးပေးစက်/ ရေခဲသေတ္တာပြုပြင်ခြင်း၊ ဟိုတယ်နဲ့ ဧည့်ခံကျွမ်းကျင်မှုများ၊ အိုင်စီတီအခြေခံကျွမ်းကျင်မှုများ စသဖြင့်)။ NSSA ရဲ့ ညွှန်ကြားထားတဲ့ သင်တန်းကျောင်းတွေမှာ စာရင်းသွင်းပါ။ သက်ဆိုင်ရာအဆင့်အတန်းအတွက် သင်တန်းတက်ရောက်ပြီး လိုအပ်တဲ့ လက်တွေ့နဲ့ ဆန်းစစ်ချက်တွေကို ဖြေဆိုအောင်မြင်ရပါမယ်။

၂။ ဘယ်သူနဲ့ ဆက်သွယ်ရမလဲ။ NSSA ရဲ့ တရားဝင် ဝက်ဘ်ဆိုက်နဲ့ လူမှုကွန်ရက်စာမျက်နှာတွေကတစ်ဆင့် NSSA က အသိအမှတ်ပြုထားတဲ့ သင်တန်းကျောင်းတွေ (Authorized Training Centers) ကို တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

၃။ ဘယ်အဖွဲ့အစည်းတွေက လက်ခံသလဲ။  NSSA လက်မှတ်ကို နိုင်ငံတော်က တရားဝင် အသိအမှတ်ပြုထားပြီး ပြည်တွင်းရှိ ပုဂ္ဂလိကနဲ့ အစိုးရစက်ရုံအလုပ်ရုံအများစုက လက်ခံပါတယ်။ အာဆီယံရဲ့ AQRF (ASEAN Qualifications Reference Framework) စနစ်နဲ့ ချိတ်ဆက်ထားတာကြောင့် အာဆီယံနိုင်ငံတွေမှာလည်း ကျွမ်းကျင်မှုအဆင့်အတန်းအဖြစ် အသိအမှတ်ပြုခံရမှာဖြစ်ပါတယ်။ နိုင်ငံရပ်ခြားမှာ အလုပ်အကိုင်ရှာဖွေရာမှာ မရှိမဖြစ် စံချိန်စံညွှန်းတစ်ခုအဖြစ် အသုံးပြုနိုင်ပါတယ်။

ဒါကြောင့် ကျောင်းပညာရေးရဲ့ တစ်ခုတည်းသော လမ်းကြောင်းမှာ မပြည့်စုံပေမယ့် NSSA ကျွမ်းကျင်လက်မှတ်က သင့်အားဘဝအောင်မြင်မှုကို ခုန်ပျံကျော်လွှားရယူနိုင်တဲ့ လမ်းကြောင်းသစ်တစ်ခုအနေနဲ့ ဖွင့်လှစ်ပေးမှာဖြစ်ပါကြောင်း အသိပေးရေးသား တင်ပြအပ်ပါတယ်။

ကိုးကား- အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊

- မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့။