ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးရေး
မေသော်
မြန်မာနိုင်ငံနှင့် ရွေးကောက်ပွဲများ
မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ကာလသို့ ရောက်ရှိလာခဲ့ပြီးဖြစ်ပါသည်။ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရာတွင် ရွေးကောက်ပွဲများကျင်းပခြင်းသည် အခြေခံအကျဆုံးနှင့် မဖြစ်မနေဖြတ်သန်းရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ လွတ်လပ်ရေးမရသေးမီ ဗြိတိသျှ လက်အောက်ကျရောက်စဉ် အချိန်ကတည်းကစ၍ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများကျင်းပခဲ့ကြပါသည်။ မြန်မာနိုင်ငံသည် ၁၉၂၂ ခုနှစ် မှ ၂၀၂၀ ပြည့်နှစ်အထိ အထွေထွေရွေးကောက်ပွဲ ၁၇ ကြိမ်၊ ကြားဖြတ် ရွေးကောက်ပွဲသုံးကြိမ် ကျင်းပခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်မှစတင်၍ ရွေးကောက်ပွဲများကို အများစုကိုယ်စားပြုစနစ် (Plurality/Majority System) များအနက်မှ အနိုင်ရသူအကုန်ယူစနစ်(FPTP)ကို ကျင့်သုံးခဲ့သော်လည်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်တို့အတွက် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် Mixed Member Proportional (MMP) စနစ်ဖြင့် ကျင့်သုံးသွားမည်ဖြစ်ပါသည်။
MMP စနစ်ဆိုသည်မှာ FPTP စနစ်၏ ရိုးရှင်းမှုနှင့် PR စနစ်၏ မျှတမှုတို့ကိုပေါင်းစပ်၍ ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်စသည့် လွှတ်တော်သုံးရပ်တွင် တာဝန်ထမ်းဆောင်ကြမည့် ကိုယ်စားလှယ်များကို မဲဆန္ဒရှင်များက မဲပေးရွေးချယ်နိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေနှင့်အညီလွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲများ ကျင်းပပေးရခြင်းဖြစ်ပါသည်။
နိုင်ငံရေးပါတီများ ဖွဲ့စည်းတည်ထောင်ခြင်း
ရွေးကောက်ပွဲဟုဆိုရာတွင် နိုင်ငံရေးပါတီများ၏အခန်းကဏ္ဍကို ချန်လှပ်ထား၍မရပေ။ ရွေးကောက်ပွဲကျင်းပရာတွင် ရွေးကောက်ပွဲစီမံခန့်ခွဲမှုအဖွဲ့အစည်း (Electoral Management Body) ဖြစ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့က စီမံကြီးကြပ်ဆောင်ရွက်ကြရပြီး နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇ တွင် နိုင်ငံတော်သည်စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဟုပြဋ္ဌာန်းထားသည်။ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရာတွင် နိုင်ငံရေးပါတီများသည် အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်ပါသည်။ နိုင်ငံရေး ပါတီများသည် လွှတ်တော်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားပြီးဖြစ်ရပါမည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မှတ်ပုံတင်ပြီး နိုင်ငံရေးပါတီ ၅၇ ပါတီ ပါဝင်ယှဉ်ပြိုင်ကြပါမည်။
လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ပြည်သူ့လွှတ်တော်တွင် ၁၃၄၉ ဦး၊ အမျိုးသားလွှတ်တော်တွင် ၈၃၅ ဦး၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်တွင် ၂၇၃၃ ဦးနှင့် တိုင်းရင်းသားလူမျိုးလွှတ်တော် မဲဆန္ဒနယ်အတွက် ၁၀၆ ဦး စုစုပေါင်း ၅၀၂၃ ဦး ကိုယ်စားလှယ်လောင်းများအဖြစ် ပါဝင်ယှဉ်ပြိုင်ရန်အတည်ပြုထားပြီးဖြစ်သော်လည်း ရွေးကောက်ပွဲရက်မတိုင်မီ အချို့ကိုယ်စားလှယ်လောင်းများ သေဆုံးခြင်း၊ သက်ဆိုင်ရာရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများကို ဖောက်ဖျက်ကျူးလွန်ခြင်းတို့ကြောင့် ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခြင်းများရှိသဖြင့် ကိုယ်စားလှယ်လောင်းဦးရေပြောင်းလဲမှု အနည်းငယ်ရှိနိုင်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေကို လည်းကောင်း၊ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကိုလည်းကောင်း ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါသည်။
ပထမအကြိမ်ပြင်ဆင်သည့်ဥပဒေအရ ပါတီဝင်ဦးရေစည်းရုံးရာတွင် ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ “ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်မတိုင်မီ အနည်းဆုံးရက်ပေါင်း ၉၀ ကြိုတင်၍ ကော်မရှင်က အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သည့်နေ့ရက်”အတွင်း “ပါတီဝင်ဦးရေ အနည်းဆုံး ၅၀၀၀၀”ကို စည်းရုံးရပါမည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက “ပါတီဝင်ဦးရေအနည်းဆုံး ၁၀၀၀”ကို စည်းရုံးရပါမည်။
ပါတီရန်ပုံငွေအဖြစ် ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ကျပ်သိန်း ၁၀၀၀ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက ကျပ်သိန်း ၁၀၀ ကို မြန်မာ့စီးပွားရေးဘဏ်တစ်ခုခုတွင် ငွေစာရင်းဖွင့်လှစ်ပြီးဖြစ်ရပါမည်။ ပါတီရုံးခန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုတစ်ဝန်း စည်းရုံးမည့်ပါတီဆိုပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုသည့်နေ့မှစ၍ “ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်မတိုင်မီ အနည်းဆုံးရက်ပေါင်း ၉၀ ကြိုတင်၍ ကော်မရှင်က အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သည့်နေ့ရက်”အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံးသုံးပုံတစ်ပုံ၌ ပါတီရုံးခန်းဖွင့်လှစ်ပြီးဖြစ်ရပါမည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက ထိုတိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံး၏ အနည်းဆုံးငါးမြို့နယ်၌ ပါတီရုံးခန်းဖွင့်လှစ်ပြီး ဖြစ်ရပါမည်။ ခိုင်မာအားကောင်းသည့် ပါတီများဖြစ်ရန်အတွက် သတ်မှတ်ထားသည့် ပါတီရန်ပုံငွေ၊ ပါတီဝင်အင်အားနှင့် ပါတီရုံးခန်းများ ရှိရမည်ဖြစ်ပါသည်။
ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေအရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိခြင်းနှင့် ပတ်သက်၍ ဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် (၁၀) ၏ နောက်တွင် ပုဒ်မခွဲငယ်(၁၁)အဖြစ် “ရွေးကောက်ပွဲတွင် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများကို ကျူးလွန်ကြောင်း ကော်မရှင်က စစ်ဆေးတွေ့ရှိခြင်း” ဆိုသည့်အချက်ကို ထည့်သွင်းပြဋ္ဌာန်းထားသည်ကို သတိပြုရမည်ဖြစ်ပါသည်။
ထို့ပြင် နိုင်ငံရေးပါတီများအနေဖြင့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မှုနှင့်ပတ်သက်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ”ကို ပြဋ္ဌာန်းခဲ့ပါသည်။ ထိုတတိယအကြိမ် ပြင်ဆင်သည့်ဥပဒေအရ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီများအနေဖြင့် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်မဲဆန္ဒနယ်အပါအဝင်) မဲဆန္ဒနယ်အားလုံး၏ လေးပုံတစ်ပုံတွင် ဝင်ရောက်ယှဉ်ပြိုင်မှုမပြုနိုင်ပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည် ပိုင်ခွင့်မရှိစေရဟူ၍ “မဲဆန္ဒနယ်၏ထက်ဝက်” အစား “လေးပုံတစ်ပုံ” ဖြင့် ဖြေလျှော့ပြဋ္ဌာန်းပေးခဲ့သည်ကို တွေ့ရပါသည်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများအနေဖြင့် သတ်မှတ်မဲဆန္ဒနယ်များအတိုင်း ဝင်ရောက်ယှဉ်ပြိုင်ကြသည်ကို တွေ့ရပါသည်။
နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍတိုးတက်ရေး
ရွေးကောက်ပွဲများတွင် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍကိုတိုးတက်စေရန်အတွက် အောက်ပါအချက်များကို ဆောင်ရွက်သင့်သည်ဟု ထင်မြင်မိပါသည်-
(က) ပွင့်လင်းမြင်သာမှုမြှင့်တင်ခြင်း
ပါတီ၏ရန်ပုံငွေရရှိမှုနှင့် သုံးစွဲမှုများကို ပွင့်လင်းမြင်သာစွာထုတ်ပြန်ခြင်း၊ ပါတီတွင်း ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်များကို ပိုမိုပွင့်လင်းအောင်ပြုလုပ်ခြင်းတို့ ဆောင်ရွက်ခြင်း၊
(ခ) မူဝါဒရေးဆွဲရာတွင် ပြည်သူလူထုပါဝင်မှုတိုးမြှင့်ခြင်း
လူထုတွေ့ဆုံပွဲများ၊ အွန်လိုင်းစစ်တမ်းများမှတစ်ဆင့် ပြည်သူ့သဘောထားကို စုဆောင်းခြင်း၊ မူဝါဒရေးဆွဲရာတွင် ကျွမ်းကျင်သူများနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်စေခြင်း၊
(ဂ) ပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်း
မဲဆန္ဒရှင်ပညာပေးအစီအစဉ်များ ပိုမိုဆောင်ရွက်ခြင်း၊ ပါတီ၏မူဝါဒအကြောင်းအရာများကို ရိုးရှင်းစွာရှင်းပြသည့် ပညာပေးဗီဒီယိုများ ထုတ်လုပ်တင်ဆက်ခြင်း၊
(ဃ) နည်းပညာအသုံးပြုမှုတိုးမြှင့်ခြင်း
ဆိုရှယ်မီဒီယာနှင့် အွန်လိုင်းပလက်ဖောင်းများကို ပိုမိုထိရောက်စွာအသုံးပြုခြင်း၊ အွန်လိုင်းမှတစ်ဆင့် မဲဆန္ဒရှင်များနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုတိုးမြှင့်ခြင်း၊
(င) အားလုံးပါဝင်နိုင်မှုကို မြှင့်တင်ခြင်း
အမျိုးသမီးများ၊ လူငယ်များ၊ လူနည်းစုအုပ်စုများ ပိုမိုပါဝင်လာစေရန် အားပေးခြင်းနှင့် မသန်စွမ်းသူများ ပါဝင်နိုင်မည့် အစီအစဉ်များ ရေးဆွဲခြင်း၊
(စ) ကိုယ်ကျင့်တရားဆိုင်ရာစံနှုန်းများ မြှင့်တင်ခြင်း
ပါတီတွင်းကျင့်ဝတ်စည်းမျဉ်းများ ချမှတ်ခြင်းနှင့် တိကျစွာလိုက်နာစေခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခြင်း၊
(ဆ) အခြားပါတီများနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်း
သဘောထားကွဲလွဲမှုများကို လေးစားစွာဆွေးနွေးနိုင်သည့် ဖိုရမ်များဖန်တီးခြင်းနှင့် အမျိုးသားအကျိုးစီးပွားအတွက် ပါတီများအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်း၊
(ဇ) စွမ်းဆောင်ရည်မြှင့်တင်ခြင်း
ပါတီဝင်များနှင့် ကိုယ်စားလှယ်လောင်းများအတွက် သင်တန်းအစီအစဉ်များ တိုးမြှင့်ခြင်းနှင့် ခေတ်မီစီမံခန့်ခွဲမှု နည်းစနစ်များ ကျင့်သုံးခြင်း၊
(ဈ) ရေရှည်တည်တံ့သော မဟာဗျူဟာများချမှတ်ခြင်း
ရွေးကောက်ပွဲကာလအတွင်းသာမက ရွေးကောက်ပွဲအပြီး တွင်လည်း ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များရေးဆွဲခြင်းနှင့် ရေရှည်မျှော်မှန်းချက်နှင့် မူဝါဒများကို ပုံမှန်ပြန်လည်သုံးသပ်ခြင်း၊
(ည) တာဝန်ခံမှုတိုးမြှင့်ခြင်း
ပါတီ၏ ကတိကဝတ်များနှင့် လုပ်ဆောင်ချက်များကို ပုံမှန်အစီရင်ခံခြင်းနှင့် ပြည်သူလူထု၏ တုံ့ပြန်မှုများကို လက်ခံ၍ လိုအပ်သလို ပြုပြင်ပြောင်းလဲခြင်း။
ဤအချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ရွေးကောက်ပွဲအတွင်း နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍကို ပိုမိုထိရောက်စွာ မြှင့်တင်နိုင်မည်ဖြစ်ပါသည်။ ဤသို့ဖြင့် ပိုမိုအားကောင်းသော ဒီမိုကရေစီစနစ်တစ်ခု ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။
ပါတီစည်းရုံးရေးနှင့် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး
ပါတီစည်းရုံးရေးဆိုသည်မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရသည့်အချိန်မှစ၍ မိမိတို့ပါတီတွင် ပါတီဝင်အင်အားတောင့်တင်းခိုင်မာရန်၊ လူထုထောက်ခံမှုရရှိရန်နှင့် ရွေးကောက်ပွဲများတွင် မိမိတို့ပါတီ ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိရွေးချယ်ခံရရန် ပြည်သူလူထု(မဲဆန္ဒရှင်များ)အား ထာဝစဉ် စည်းရုံးဆောင်ရွက်ခြင်းကို Long Term Campaign ဟု ခေါ်ဆိုပါသည်။ အထက်တွင်ဖော်ပြပြီးဖြစ်သကဲ့သို့ ရှိရမည့်ပါတီဝင်အရေအတွက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်ပါသည်။
ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးဆိုသည်မှာ ရွေးကောက်ပွဲနီးလာသည့်အခါ လွှတ်တော်ကိုယ်စားလှယ်လောင်းများ စာရင်းသွင်း၊ စိစစ်အတည်ပြုကြေညာပြီးနောက်ပိုင်းတွင် မဲဆန္ဒနယ်အလိုက် မဲဆွယ်စည်းရုံးခြင်းကို Short Term Campaign အဖြစ် ကော်မရှင်က ခွင့်ပြုပေးထားပါသည်။ ပါတီစည်းရုံးရေးသည် ပါတီ၏မူဝါဒနှင့် လမ်းစဉ်များကို ပြည်သူလူထုထံ ချပြရှင်းလင်းပြီး ပါတီဝင်များရရှိရေးအတွက် စည်းရုံးလှုံ့ဆော်ရခြင်းဖြစ်ပြီး ပြဋ္ဌာန်းဥပဒေများနှင့်အညီ စည်းရုံးလှုပ်ရှားခွင့်ရှိပါသည်။ မဲဆွယ်စည်းရုံးရေးသည် ရွေးကောက်ပွဲကျင်းပရန် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အတည်ပြုပြီးပါက မဲဆွယ်စည်းရုံးရေးကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်ရသကဲ့သို့ အသုံးစရိတ်ကိုလည်း ကန့်သတ်ထားပါသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို ၂၈-၁၀-၂၀၂၅ ရက်နေ့နံနက်(၀၆:၀၀)နာရီမှ ၂၆-၁၂-၂၀၂၅ ရက်နေ့ ည(၁၂:၀၀)နာရီအထိ ရက်ပေါင်း ၆၀ ခွင့်ပြုကြောင်း ၁၅-၁၀-၂၀၂၅ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် (၁၃၄/၂၀၂၅) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ရွေးကောက်ပွဲကို အပိုင်း(၃)ပိုင်းခွဲ၍ ကျင်းပမည်ဖြစ်ပြီး အပိုင်း(၁) နှင့် အပိုင်း(၂) ကျင်းပမည့်နေ့ရက်များကို ကြေညာပြီးဖြစ်ရာ အပိုင်း(၂)အတွက် ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ကြေညာချက်အမှတ် (၁၅၁/၂၀၂၅)ကို ၂၈-၁၁-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
အဆိုပါ ကြေညာချက်အရ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် ၅၆ မြို့နယ်မှအပ ကျန်တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်အားလုံးတွင် ၂၆-၁၂-၂၀၂၅ ရက်နေ့ ည (၁၂:၀၀) နာရီအချိန်မှ ၂၈-၁၂-၂၀၂၅ ရက်နေ့ ရွေးကောက်ပွဲကျင်းပပြီးသည်အထိ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့ကို ရပ်နားထားရမည်ဖြစ်ပြီး အပိုင်း(၁)မြို့နယ်များအတွက် မဲဆွယ်စည်းရုံးသည့် ကြော်ငြာ၊ ပိုစတာများကို ၂၆-၁၂-၂၀၂၅ ရက်နေ့ ည (၁၂:၀၀) နာရီ နောက်ဆုံးထား၍ ဖြုတ်သိမ်းပေးရမည်ဖြစ်ပါသည်။
ရွေးကောက်ပွဲအပိုင်း(၂)တွင်ပါဝင်သည့် မြို့နယ်များအတွက် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းကို ၂၉-၁၂-၂၀၂၅ ရက်နေ့မှစ၍ ဆက်လက်ဆောင်ရွက်နိုင်ပြီး ၉-၁-၂၀၂၆ ရက်နေ့ ည (၁၂:၀၀) နာရီအချိန်မှ ၁၁-၁-၂၀၂၆ ရက်နေ့ အပိုင်း(၂) ရွေးကောက်ပွဲကျင်းပပြီးသည်အထိ ရပ်နားထားရမည် ဖြစ်ပါသည်။ ရွေးကောက်ပွဲအပိုင်း (၂) မြို့နယ်များအတွက် မဲဆွယ်စည်းရုံးသည့် ကြော်ငြာ၊ ပိုစတာများကိုလည်း ၉-၁-၂၀၂၆ ရက်နေ့ ည ၁၂:၀၀ နာရီအချိန် နောက်ဆုံးထား၍ ဖြုတ်သိမ်းရမည်ဖြစ်ပြီး ရွေးကောက်ပွဲ အပိုင်း(၃)အတွက် သတ်မှတ်ရက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဆက်လက်ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ပါသည်။
ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များကို သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၀-က နှင့် လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ အခန်း(၁၀)တို့တွင် ထည့်သွင်းထုတ်ပြန်ထားပြီးဖြစ်၍ နိုင်ငံရေးပါတီ ကိုယ်စားပြုကိုယ်စားလှယ်လောင်းများ သို့မဟုတ် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးမှုဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ လွတ်လပ်၍တရားမျှတမှုရှိစေရေးအတွက် အဆိုပါပြဋ္ဌာန်းချက်များနှင့်အညီ မဲဆွယ်စည်းရုံးရမည်ဖြစ်ပါသည်။
ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းနှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းသတ်မှတ် ဆောင်ရွက်ထားသည်ကိုတွေ့ရပါသည်။ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၀-က တွင် မဲဆွယ်စည်းရုံးနိုင်သည့် ပုဂ္ဂိုလ်များအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ယင်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်များက မဲဆွယ်စည်းရုံးနိုင်ကြောင်း ဖော်ပြထားပြီး စည်းရုံးနိုင်သည့် နည်းလမ်းများအနေဖြင့် (၁)သတ်မှတ်သည့်နေရာနှင့် အချိန်တွင် စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း၊ (၂)မီဒီယာများမှတစ်ဆင့် ဟောပြောစည်းရုံးခြင်းနှင့် (၃) ရေးသားပုံနှိပ်ထုတ်ဝေစည်းရုံးခြင်း စသည့်နည်းလမ်းများဖြင့် စည်းရုံးနိုင်ကြောင်း ပြဋ္ဌာန်းထားသည်ကို တွေ့ရပါသည်။
လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ အခန်း(၁၀)တွင် ဖော်ပြထားသည်မှာ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းကို သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲ၏ ခွင့်ပြုချက်ဖြင့် သတ်မှတ်ထားသည့်နေရာနှင့် အချိန်အတွင်းသာ ဆောင်ရွက်ခွင့်ရှိကြောင်းနှင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေမည့် လူစုလူဝေးများ၊ ယာဉ်များဖြင့် စီတန်းလှည့်လည်ခြင်း၊ နည်းမျိုးစုံဖြင့် အပြိုင်အဆိုင်အင်အားပြစည်းရုံးခြင်းများကို ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေများတွင် ခွင့်ပြုထားခြင်းမရှိသည်ကို အထူးသတိပြုရမည်ဖြစ်ပါသည်။
မီဒီယာများမှတစ်ဆင့် ဟောပြောစည်းရုံးခြင်းနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများအနေဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရန်အလို့ငှာ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၄၆ အရ နိုင်ငံပိုင်ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခွင့်ကို ၂၈-၁၀-၂၀၂၅ ရက်နေ့မှ ၂၆-၁၂-၂၀၂၅ ရက်နေ့အထိ ခွင့်ပြုပေးရန် စီစဉ်ဆောင်ရွက်ပေးထားမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၅-၉-၂၀၂၅ ရက်နေ့တွင် ကြေညာချက်အမှတ် (၁၁၇/၂၀၂၅) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ယခုအခါ ပါတီများအနေဖြင့် ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ညစဉ် နိုင်ငံပိုင်ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြလျက်ရှိပါသည်။
သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၄၇ တွင် ပုဂ္ဂလိကပိုင်မီဒီယာများမှတစ်ဆင့် မဲဆွယ်စည်းရုံးခြင်းများ ပြုလုပ်ပါက သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ဆက်သွယ်ရေးကွန်ရက်တစ်ခုခု သို့မဟုတ် ဆိုက်ဘာအရင်းအမြစ်တစ်ခုခုကို အသုံးပြုဆောင်ရွက်ပါက ဆက်သွယ်ရေးဥပဒေ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေနှင့် ဆိုက်ဘာလုံခြုံရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို သတိပြုလိုက်နာဆောင်ရွက်ရန်ဖြစ်ပါသည်။
ရေးသားပုံနှိပ်ထုတ်ဝေစည်းရုံးခြင်းနှင့်ပတ်သက်၍ ရွေးကောက်ပွဲနည်းဥပဒေ ၄၈ တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်များသည် မိမိတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို ပြည်သူအများသိရှိစေရန် စာရွက်စာတမ်း၊ စာအုပ်နှင့် လက်ကမ်းစာစောင်များ ရေးသားပုံနှိပ်ထုတ်ဝေဖြန့်ချိခြင်း၊ ကြော်ငြာဆိုင်းဘုတ်များနှင့် ဗီနိုင်းပိုစတာများ စိုက်ထူချိတ်ဆွဲခြင်း ပြုလုပ်လိုပါက သက်ဆိုင်ရာတည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပါသည်။
သတ်မှတ်အချိန်ထိ မဲဆွယ်စည်းရုံးသည့် ကြော်ငြာ၊ ပိုစတာများ ဖြုတ်သိမ်းထားခြင်းမရှိပါက မြို့နယ်ကော်မရှင်အဖွဲ့ခွဲများက သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီများနှင့်ညှိနှိုင်း၍ ဖြုတ်သိမ်းသွားမည်ဖြစ်ပြီး ကုန်ကျစရိတ်ကျသင့်ငွေကို သက်ဆိုင်ရာ နိုင်ငံရေးပါတီ သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်လောင်းမှ ပြန်လည်ပေးချေရန်တာဝန်ရှိမည်ဖြစ်ကြောင်း သတိချပ်စေလိုပါသည်။
မဲဆွယ်စည်းရုံးရန် စုဝေးဟောပြောရာတွင်ဖြစ်စေ၊ ရေးသားပုံနှိပ်ထုတ်ဝေဖြန့်ချိရာတွင်ဖြစ်စေ ဖောက်ဖျက်ကျူးလွန်ခြင်းမဖြစ်စေရေး သတိပြုရမည့်အချက်များကို သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၄၉ တွင် ပြဋ္ဌာန်းထားရှိပြီး နည်းဥပဒေ ၅၀ အရ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာတွင် ပြဋ္ဌာန်းထားသော ဥပဒေတစ်ရပ်ရပ်ကိုဖြစ်စေ၊ ထုတ်ပြန်ထားသော ဒေသန္တရအမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်းချက်များ၊ ခွင့်ပြုချက်ပါ သတ်မှတ်ချက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်းတွေ့ရှိပါက သက်ဆိုင်ရာဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်ကို တွေ့ရပါသည်။
ရွေးကောက်ပွဲအသုံးစရိတ်နှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက် နေ့တွင် ထုတ်ပြန်ခဲ့သည့် “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို တတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ”အရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးစီအတွက် ငွေကျပ်သိန်း ၁၅၀ မှ သိန်း ၃၀၀ သို့လည်းကောင်း၊ တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးစီအတွက် ငွေကျပ်သိန်း ၃၀၀ မှ ၅၀၀ သို့လည်းကောင်း လွှတ်တော် ကိုယ်စားလှယ်လောင်း၏ တရားဝင်ရငွေ၊ တရားဝင်ရရှိထားသည့် ပါတီရန်ပုံငွေတို့မှ ကျခံသုံးစွဲနိုင်ကြောင်း ပြင်ဆင်ထုတ်ပြန်ပေးခဲ့ပါသည်။
ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးရန် အရေးကြီးပုံ
မဲဆွယ်စည်းရုံးရေးသည် ဒီမိုကရေစီလုပ်ငန်းစဉ်၏ အရေးကြီးသောအစိတ်အပိုင်းဖြစ်ပြီး နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ၎င်းတို့၏မူဝါဒများ၊ အစီအစဉ်များနှင့် ရည်မှန်းချက်များကို မဲဆန္ဒရှင်များထံ တိုက်ရိုက်တင်ပြနိုင်သည့် အခွင့်အလမ်းဖြစ်ပါသည်။ မဲဆွယ်စည်းရုံးရေးကာလအတွင်း ပါတီများနှင့် ကိုယ်စားလှယ်လောင်းများသည် မဲဆန္ဒရှင်များနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသဖြင့် ပြည်သူလူထု၏ လိုအပ်ချက်များ၊ စိုးရိမ်ပူပန်မှုများနှင့် မျှော်လင့်ချက်များကို ပိုမိုနားလည်လာနိုင်သည့်အတွက် ၎င်းတို့၏မူဝါဒများကို ပြည်သူ့ဆန္ဒနှင့်အညီ ချိန်ညှိနိုင်စေပါသည်။
ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးခြင်းအားဖြင့် ပါတီများနှင့် ကိုယ်စားလှယ်လောင်းအားလုံးအတွက် တန်းတူညီမျှသော အခွင့်အလမ်းကို ဖန်တီးပေးသဖြင့် တရားမျှတမှုရှိခြင်း၊ မဲဆန္ဒရှင်များအား မည်သည့်ဖိအားမှမပါဘဲ လွတ်လပ်စွာဆုံးဖြတ်ချက်ချစေနိုင်သဖြင့် မဲဆန္ဒရှင်များ၏ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကိုကာကွယ်ခြင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်၏ သမာသမတ်ကျမှုနှင့် ယုံကြည်စိတ်ချရမှုကို မြှင့်တင်ပေးသဖြင့် ရွေးကောက်ပွဲ၏တရားဝင်မှုကို မြှင့်တင်ခြင်း၊ ပါတီများနှင့် ကိုယ်စားလှယ်လောင်းများအကြား ပဋိပက္ခဖြစ်ပွားမှုကို လျော့နည်းစေခြင်း၊ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစေခြင်း၊ ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးသည့် အလေ့အထများကို လိုက်နာကျင့်သုံးခြင်းဖြင့် ဒီမိုကရေစီယဉ်ကျေးမှုကို မြှင့်တင်ပေးပြီး ရေရှည်တည်တံ့ခိုင်မြဲသော ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးအတွက် အထောက်အကူဖြစ်စေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေသည့်အတွက် ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးရန် အရေးကြီးလှပါသည်။
ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးရန်အတွက် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ အခန်း(၁၃)၊ “ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများနှင့်ပြစ်ဒဏ်များ”၊ အခန်း(၁၄)၊ “တရားမဲ့ပြုကျင့်မှုများ” တွင် ပါရှိသောပြဋ္ဌာန်းချက်များကို လေးစားလိုက်နာခြင်း၊ တည်ဆဲဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာခြင်းနှင့် မိမိပါတီဝင်များနှင့် ပါတီထောက်ခံသူများကိုစည်းရုံးရေးဆင်းရာတွင်လည်း တစ်ပါတည်း ပညာပေးရန် လိုအပ်လှပါသည်။
သမာသမတ်ကျမှုနှင့် ယုံကြည်စိတ်ချရမှု
မဲဆွယ်စည်းရုံးရေးသည် ဒီမိုကရေစီလုပ်ငန်းစဉ်၏ မရှိမဖြစ်အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးခြင်းသည် တရားမျှတပြီး လွတ်လပ်သောရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံး၏ သမာသမတ်ကျမှုနှင့် ယုံကြည်စိတ်ချရမှုကို အာမခံချက်ပေးနိုင်ပါသည်။ သူတစ်ပါးကိုမကောင်းပြောပြီး စည်းရုံးရေးဆင်းသည့် ပုံစံမှာရေတိုအတွက်ကြည့်လျှင် ထိရောက်သည်ဟု ယူဆနိုင်သော်လည်း ရေရှည်တွင် အကျိုးရလဒ်မကောင်း ဖြစ်တတ်ပါသည်။ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် စည်းရုံးရေးလုပ်ငန်းစဉ်ကို နည်းလမ်းမှန်ကန်စွာ လုပ်ဆောင်သင့်ပါသည်။ သူတစ်ပါးကိုတိုက်ခိုက်ခြင်းတွင် မွေ့လျော်တတ်သူ၊ ကျေနပ်တတ်သူထက် အကောင်းမြင်စိတ်ရှိသူ၊ ခင်မင်နှစ်လိုဖွယ်ကောင်းသူ၊ စိတ်ဓာတ်ခွန်အားလှသူကိုသာ မဲဆန္ဒရှင်များက ကြိုက်နှစ်သက်ကြပါသည်။
သို့ဖြစ်ပါ၍ နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရာတွင် ဥပဒေနှင့်အညီဖြစ်စေရန် ရေးသားဖော်ပြထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို လေးစားလိုက်နာ၍ နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းဖော်ပြအပ်ပါသည်။
ကျမ်းကိုးစာရင်း
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)၊
၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊
၃။ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊
၄။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများ၊
၅။ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသမိုင်းမှတ်တမ်း (၁၈၈၆-၂၀၂၂)၊ ဦးစိုင်းကျော်သူ၊
၆။ ရွေးကောက်ပွဲဆိုင်ရာအကြောင်းအချက်များ၊ ထွန်းမင်းသန်း (ဥပဒေ)၊
၇။ ရွေးကောက်ပွဲသတင်းများ ရေးသားတင်ဆက်ခြင်း၊ ANFREL၊
၈။ မဲဆွယ်စည်းရုံးရေးလက်စွဲ၊ ရွေးကောက်ပွဲဝင်နည်းလမ်းညွှန်၊
၉။ နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ(သုတကျော်)၊ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါး၊
၁၀။ ဂုဏ်သိက္ခာရှိသောရွေးကောက်ပွဲ (ဦးရွှေဦး)၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါဆောင်းပါး၊
၁၁။ အမျိုးသားနိုင်ငံရေးတာဝန်ထမ်းဆောင်ကြမည့် နိုင်ငံရေးပါတီများ (ဦးရွှေဦး)၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါး။
