Skip to main content

မြန်မာ့လူ့အခွင့်အရေးယာဉ်ကြီးဖြင့်....

မင်းဝီရ

ကျွန်တော်အပါအဝင် လောကလူသားများသည် တစ်စုံတစ်ခုကို လိုချင်တပ်မက်စိတ်ဖြင့် အမြဲတမ်း အသက်ရှင်နေထိုင်တတ်ပါသည်။ ထိုတစ်စုံတစ်ခုကို ပိုင်ဆိုင်ခွင့်ရရှိပြီးလျှင်လည်း နောက်ထပ်လိုချင်သောအရာတစ်ခု ထပ်မံပေါ်ပေါက်လာတတ်ပြန်ပါသည်။ လူအများသည် မိမိပတ်ဝန်းကျင်နှင့် လောကအပေါ် အနိုင်ယူလိုစိတ်များလာသည်နှင့်တစ်ပြိုင်နက် ကိုယ်ချင်းစာတရားများ ပျောက်ဆုံးလာပြီး အတောမသတ်နိုင်သည့် လူသားတို့၏ အတ္တ၊ လောဘ၊ မာန်မာနများသည်ပင်လျှင် လူ့အခွင့်အရေးများ ချိုးဖောက်လာရခြင်း၏ မူလဇာစ်မြစ်တစ်ခုဟု ကျွန်တော်ထင်မြင်ယူဆမိပါသည်။

၁၉၄၅ ခုနှစ်တွင် အမေရိကန်နိုင်ငံဆန်ဖရန်စစ္စကိုမြို့၌ ကျင်းပသော ကုလသမဂ္ဂညီလာခံကို နိုင်ငံပေါင်း ၅ဝ မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ယင်းကိုယ်စားလှယ်များက ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၏ အခြေခံသွေးကြောဖြစ်သော ကုလသမဂ္ဂ ပဋိညာဉ် (Charter of United Nation) ကို ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့သည်။ ယင်းအချိန်က ပိုလန်နိုင်ငံသည် စစ်ကြောင့် ညီလာခံမတက်ရောက်နိုင်သော်လည်း နောက်ပိုင်းမှာ အတည်ပြုခဲ့သဖြင့် ကုလသမဂ္ဂ စတင်ဖွဲ့စည်းစဉ် နိုင်ငံ ၅၁ နိုင်ငံရှိခဲ့ပါသည်။

ယခုအခါ ကုလသမဂ္ဂအဖွဲ့ကြီးသည် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် တောင်ဆူဒန်နိုင်ငံ အဖွဲ့ဝင်ဖြစ်လာခဲ့သဖြင့် အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံအထိ ရှိလာခဲ့ပြီဖြစ်သည်။ ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA)က ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights) ကို ထုတ်ပြန်ခဲ့သည်။ ယင်းစာတမ်းသည် ဥပဒေအရ စည်းနှောင်မှုရှိသည့် အပြည်ပြည်ဆိုင်ရာဥပဒေ (International Law) မဟုတ်သော်လည်း အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေ (International Customary Law) ဟု သတ်မှတ်ကြသဖြင့် (moral force) ရှိပါသည်။ ထို့ပြင် စာတမ်းထုတ်ပြန်ခဲ့သည့် ယင်းနေ့ကိုပင် ကမ္ဘာ့လူ့အခွင့်အရေးနေ့ (International Human Rights Day) အဖြစ် ၁၉၅ဝ ပြည့်နှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံကချမှတ်ခဲ့သည်။

လူ့အခွင့်အရေး၏တန်ဖိုး

လူသားအားလုံးသည် မွေးလာသည်မှစ၍ လွတ်လပ်ပြီး တန်းတူညီမျှသော လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးများရှိသည်။ လူသားအားလုံး အသားအရောင် မတူ၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ လိင်၊ လူမှုရေး၊ နိုင်ငံရေး မတူကွဲပြားမှု များကတစ်ပိုင်း၊ လူသားသည်သာ လူသားဖြစ်၍ လူသားအားလုံးသည် တန်းတူအခွင့်အရေးခံစားရမည်။ လူ့အခွင့်အရေးသည် လူသားအားလုံးအတွက် ဖြစ်ရပေမည်။ လူ့အခွင့်အရေးသည် အားလုံးအတွက် တစ်ပြေးညီတည်း ရှိရပေမည်။ ပိုသည်လို သည်ဟူ၍မရှိရပါ။ အခြားအခွင့်အရေးသည် အခြားသော အခွင့်အရေးထက်ပိုပြီး အရေးကြီးသည် မရှိ။ အားလုံးအရေးကြီးသည်။ လူ့အခွင့်အရေးသည် ဥပဒေကိုလေးစားရန်လည်း လိုပါသည်။ ဥပဒေသည်လည်း လူ့အခွင့်အရေးကို ကာကွယ်ပေးသော၊ စောင့်ရှောက်သော၊ အကျိုးပြုသော ဥပဒေဖြစ်ရပါမည်။ လူ့အခွင့်အရေးအကြောင်းပြောပါက ဒီမိုကရေစီကို ချန်လှပ်ခဲ့၍မရပေ။

ထို့အပြင် လူ့အခွင့်အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ အချက် ၃၀ ပါ ယေဘုယျသတ်မှတ်ချက်များသည် မျှတမှန်ကန်သော အချက်များဖြစ်သဖြင့် မလိုက်နာစရာအကြောင်းမရှိပါ။ သို့သော်အခြေအနေနှင့် အချိန်အခါအပေါ်မူတည်၍ အချို့အချက်များမှာ အပြည့်အဝလိုက်နာရန် အနည်းငယ်အခက်အခဲရှိနိုင်ပါသည်။ ယင်းသည်လည်း အခြေအနေအရ ခေတ္တခဏမျှသာဖြစ်ပြီး နောင်တွင်အပြည့်အဝလိုက်နာနိုင်မည်ဟု ထင်ပါသည်။ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံယဉ်ကျေးမှု၊ ကိုးကွယ်ရာ ဘာသာ၊ သဘာဝပတ်ဝန်းကျင် မတူညီကွဲပြားခြားနားသလို လူ့အခွင့်အရေးစံနှုန်း သတ်မှတ်ချက်များသည်လည်း အသီးသီးမတူညီဘဲ ကွဲပြားနေမည်မှာ အမှန်ပင်ဖြစ်ပါသည်။

ဗုဒ္ဓဘာသာ၏ လူ့အခွင့်အရေး

ဗုဒ္ဓဘာသာတွင် လူသားအားလုံးသည် အတူတူ၊ တန်းတူညီမျှဖြစ်သည် ဆိုသောအယူအဆက လူ့အခွင့်အရေး၏ အခြေခံယူဆချက်အဖြစ်ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ပြင် ဗုဒ္ဓဘာသာဝင်တိုင်း လိုက်နာစောင့်စည်းအပ်သော ငါးပါးသီလသည်လည်း လူ့အခွင့်အရေးအယူအဆများ၏ အသက်အဖြစ်ပါဝင်နေကြောင်း တွေ့ရှိရပြန်သည်။ သူတစ်ပါးအသက်ကိုမသတ်ခြင်း၊ သူများပစ္စည်းဥစ္စာကိုခိုးယူမှုမပြုခြင်း၊ သူများအိမ်ရာကို မပြစ်မှားခြင်း၊ လိမ်လည်ပြောဆိုမှုမပြုလုပ်ခြင်း အစရှိသောအချက်များသည် (Respect to Other Rights) ဆိုသည့် တစ်ပါးသူများ၏ အခွင့်အရေးကို လေးစားရန်ဟူသော အခြေခံလူ့အခွင့်အရေး အတွေးအခေါ်များပင်ဖြစ်သည်။

ခရစ်ယာန်ဘာသာ၏ လူ့အခွင့်အရေး

ခရစ်ယာန်ဘာသာကို ဘီစီ ၄ ရာစု ခန့်တွင် မွေးဖွားခဲ့သော ဂျူးလူမျိုး ယေရှုခရစ်တော်က တည်ထောင်ခဲ့ပြီး ဘာသာရေးအတွက် အထွတ်အထိပ်ပုဂ္ဂိုလ်မှာ ထာဝရဘုရားသခင်ဖြစ်သည်။ ခရစ်ယာန်ဘာသာတွင် ဘုရားသခင်က လူသားများကိုပေးအပ်သော လူ့အခွင့်အရေးများကို ဖော်ပြထားသည်။ ခရစ်ယာန်ဘာသာသည် ဇာတ်ခွဲခြားခြင်းမရှိ၊ ဆင်းရဲ ချမ်းသာခွဲခြားခြင်းမရှိ၊ နူနာရောဂါရှိသူ၊ သူတောင်းစားမှစ၍ အားလုံးကို သာတူညီမျှ သဘောထားသည်။ သနားညှာတာခြင်း၊ ကူညီစောင့်ရှောက်ခြင်း၊ ကယ်တင်ခြင်းစသော မေတ္တာတရားများသည် ခရစ်ယာန်ဘာသာတွင်ပါဝင်သော လူ့အခွင့်အရေးများပင်ဖြစ်ပေသည်။

အစ္စလာမ်ဘာသာ၏ လူ့အခွင့်အရေး

အစ္စလာမ်ဘာသာစတင်မွေးဖွားပေးသူမှာ အာရပ်လူမျိုးမိုဟာမက်ဖြစ်ပြီး ဘာသာရေး၏ အထွတ်အထိပ်ပုဂ္ဂိုလ်မှာ အလ္လာဟ်ဘုရားသခင်ဖြစ်သည်။ ကျမ်းစာမှာ ကိုရမ်ကျမ်းဖြစ်သည်။ လူ့အခွင့်အရေးနှင့်ပတ်သက်၍ အခြေခံအချက်ကြီး ငါးချက်ပါရှိသည်။ ထိုအချက်များထဲမှ အချက်သုံးချက်မှာ ဆင်းရဲသူများအား မိမိတို့ကြွယ်ဝချမ်းသာမှု၏ တစ်စိတ်တစ်ပိုင်းကို အလှူဒါနပြုရမည်။ မိဘမဲ့ကလေးများကို စောင့်ရှောက်ရမည်။ မိဘမဲ့ဂေဟာများကို တည်ထောင်ပေးကြရမည်။ အရွယ်မရောက်သေးသော မိဘမဲ့ကလေးများ၏ ပစ္စည်းဥစ္စာကို ဖြောင့်မတ်မှန်ကန်သော ပုဂ္ဂိုလ်များက ထိန်းသိမ်းစောင့်ရှောက်ပေးရမည်။ အစ္စလာမ်ဘာသာ၌ ဇာတ်ခွဲခြားခြင်းမရှိ။ အားလုံးသည်အတူတူပင်ဖြစ်သည်။ ဤအချက်များသည် အစ္စလာမ်ဘာသာ၏ လူ့အခွင့်အရေးဆိုင်ရာ အခြေခံအချက်များပင် ဖြစ်ပေသည်။

ထို့အပြင် သဘာဝပတ်ဝန်းကျင်၏ တန်ဖိုးကိုသိရှိ၍ အလေးထားခြင်းသည်လည်း လူ့အခွင့်အရေးကို လေးစားခြင်းတစ်ရပ်အဖြစ် ဆက်နွှယ်ပတ်သက်နေပါသည်။ သဘာဝပတ်ဝန်းကျင်က လူသားများအပေါ် လက်ဆောင်ပေးထားသော ကောင်းကင်၊ ပင်လယ်သမုဒ္ဒရာ၊ မြစ်ချောင်း၊ အင်းအိုင်၊ သစ်တော၊ အိုဇုန်းလွှာအစရှိသည်တို့သည် လူသား၊ တိရစ္ဆာန်များနှင့် သဘာဝပတ်ဝန်းကျင်၏ ဂေဟစနစ်အရ အပြန်အလှန် မှီခိုလျက်ရှိပါသည်။

လူသားတို့၏ မတော်လောဘများကြောင့် ထိုသဘာဝပတ်ဝန်းကျင်များ အဆမတန် ပြုန်းတီးဖျက်ဆီးခံရမှုများမှတစ်ဆင့် ဂေဟစနစ်များ မကောင်းမွန်တော့သည့်အတွက် ရေကြီးခြင်း၊ တောင်ပြိုခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ငလျင်လှုပ်ခြင်း၊ တောမီးလောင်ခြင်း၊ ဂေဟစနစ်ကို ထိန်းကျောင်းပေးသည့် ရှားပါးသတ္တဝါများဖြစ်သည့် လင်းပိုင်၊ ဝေလငါး အစရှိသည့် သတ္တဝါများ မျိုးတုံးလုနီးပါးဖြစ်လာခြင်းကြောင့် သဘာဝကပ်ဘေးအမျိုးမျိုးကို ယနေ့အချိန်အခါတွင် လူသားများ မကြာခဏခံစားရလျက်ရှိပါသည်။ မည်သည့်နေရာ ဒေသ၌မဆို သဘာဝကပ်ဆိုးတစ်ခု ကျရောက်လာပြီဆိုလျှင် အစာရေစာရှားပါးခြင်း၊ ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်း၊ ပညာသင်ကြားခွင့်ဆုံးရှုံးခြင်း၊ ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်ခွင့်မရရှိခြင်း၊ အစာအာဟာရပြတ်ခြင်းများကြောင့် နောက်ဆုံးတွင် လူ၏အသက်ရှင်ရပ်တည်ခွင့်ကိုပါ အလိုအလျောက် ဆုံးရှုံးခံစားကြရမည်ဖြစ်သည်။

ဒုတိယကမ္ဘာစစ်ကြီးပြီးနောက် ကမ္ဘာပေါ်တွင် မဟာအင်အားကြီးနိုင်ငံများဖြစ်သည့် အမေရိကန်နှင့် ဆိုဗီယက် ပြည်ထောင်စုနိုင်ငံနှစ်ခုတည်း အားပြိုင်မှုများရှိခဲ့သည့်အတွက် (Balance of Power) အနေအထားဖြင့်ရှိခဲ့သော်လည်း ၁၉၉၁ ခုနှစ်နောက်ပိုင်း ဆိုဗီယက် ပြည်ထောင်စုနိုင်ငံတော်ကြီး ပြိုကွဲခဲ့သည့်အတွက် Bipolar မှ မဟာအင်အားကြီး အမေရိကန်တစ်နိုင်ငံတည်းသာ ရှိတော့သည့် Unipolar ခေတ်ကို ရောက်ရှိလာသည်။ ထိုမှတစ်ဆင့် ယခုအခါကမ္ဘာကြီးသည် Multipolar ပုံစံအနေအထားဖြင့် Globalization ခေတ်ကို ရောက်ရှိနေပြီဖြစ်သည်။ ကမ္ဘာကြီး၏ Globalization ခေတ်တွင် အင်အားကြီးနိုင်ငံများ၏ အမျိုးသားအကျိုးစီးပွားအတွက် နိုင်ငံငယ်များအပေါ် လူ့အခွင့်အရေးဗန်းပြပြီး နိုင်ငံရေးအတွက် အသုံးချနေကြရာ အသုံးချခြင်းမခံရစေဖို့ သတိရှိရန် လိုအပ်ပါသည်။

မည်သို့ပင်ဆိုပါစေ မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာခံစားခွင့်များကို ပြည်သူများ အပြည့်အဝခံစားခွင့်ရရှိရေးအတွက် မှန်ကန်သောလုပ်ဆောင်ချက်များဖြင့် လျှောက်လှမ်းနေသည် ဖြစ်ရာ မြန်မာနိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးမှုများ၊ အေးချမ်းမှုများ၊ သာယာမှုများ၊ စီးပွားရေးတိုးတက်မှုများသည် အဆင်သင့်ဆီးကြိုနေပါသည်။ ယင်းသို့သာယာအေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ်သို့ ရောက်ရှိရန် အမြန်ပို့ဆောင်ပေး မည့်ယာဉ်ကြီးသည် မြန်မာ့လူ့အခွင့် အရေးယာဉ်ကြီးပင်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (၇၇)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုရေးသားတင်ပြလိုက်ရပါသည်။ ။