Skip to main content

လူငယ်၊ ယှဉ်ပြိုင်မှု၊ စွန့်ဦးတီထွင်လုပ်ကိုင်မှုနှင့် ငြိမ်းချမ်းရေး မျှော်လင့်ချက်

ဒေါက်တာ သုတအောင် (ယှဉ်ပြိုင်မှုကော်မရှင်)

လူငယ်ဟူသည်ဖျတ်လတ်သည်၊ တက်ကြွသည်၊ လုပ်ချင်ကိုင်ချင်စိတ်ပြင်းပြသည်၊ တီထွင်ကြံဆလိုစိတ်ကြီးမားသည်။ ထို့ကြောင့် ဖျတ်လတ်တက်ကြွ၍ ဖြစ်ထွန်းအောင်မြင်လိုစိတ်ပြင်းပြသော စိတ်ဓာတ်ခွန်အားရှိသည့် လူငယ်တို့ကို လူ့အဖွဲ့အစည်းတိုင်းတွင် အလေးထားနေရာပေးနေကြခြင်းဖြစ်သည်။ ယနေ့ကာလအချိန်အခါသည် သတင်းနှင့် ဆက်သွယ်ရေးနည်းပညာ အံ့မခန်းတိုးတက်နေသောခေတ်ဖြစ်သည်။ အဆိုပါ နည်းပညာတိုးတက်မှုနှင့် လူငယ်တို့၏ စွန့်ဦးတီထွင်လုပ်ကိုင်လိုစိတ်ပေါင်းစပ်ပေး၍ သင့်လျော်စွာ အသုံးပြုနိုင်ပါက နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ရပ်၏ ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းသော မောင်နှင်အားတစ်ရပ်ဖြစ်လာပေလိမ့်မည်။

လူငယ်တို့၏ စွမ်းရည်နှင့် အားသာချက်များ

စာရေးဆရာ၊ ကဗျာဆရာများက လူငယ်တို့၏ စွမ်းရည်များနှင့်ပတ်သက်၍ ဖွဲ့ဆိုမှုအမျိုးမျိုးဖြင့် တင်စားထားကြသည်ကို စာပေလက်ရာ အများအပြားတွင် တွေ့ရှိနိုင်သည်။ လူငယ်သည် ကောင်းကင်တစ်မွတ်ကြယ်ကိုလည်းဆွတ်နိုင်၏၊ ပင်လယ်ပြာရေပြင်ကျယ်ကိုလည်း ဖြတ်သန်းကူးခပ်နိုင်၏။ ဆိုလိုသည်မှာ လူငယ်တို့တွင် စိတ်အားထက်သန်မှုကြီးမား၏။ ဖန်တီးနိုင်စွမ်းနှင့် အနာဂတ်မျှော်လင့်ချက်ကြီးမား၏။ လျင်မြန်ဖျတ်လတ်ပြီးအခြေအနေနှင့် လိုက်လျောညီထွေ နေနိုင်စွမ်းရှိ၏။ လူမှုဆက်ဆံရေးနှင့် ဦးဆောင်နိုင်သည့်စွမ်းရည်ရှိ၏။ သင်ယူလိုစိတ်နှင့် ဖွံ့ဖြိုးတိုးတက်လိုစိတ်ကြီးမား၏။

ထို့ကြောင့် လူငယ်တို့တွင် အောက်ပါအရည် အချင်းများ၊ စွမ်းရည်များ ရှိနေကြသည်ဟု ဆိုနိုင်သည်-

(၁) အရှိန်ပြင်းပြင်း တောက်လောင်နေသော မီးတောက်တစ်တောက်ကဲ့သို့ မကုန်ခန်းနိုင်သေးသော၊ ရဲရင့်သော စိတ်အားထက်သန်မှုစွမ်းရည်။

(၂) အနာဂတ်ကို ပုံဖော်နိုင်စွမ်းရှိသည့် ဆန်းသစ်တီထွင်တတ်သည့် ဉာဏ်ရည်ဉာဏ်သွေးဖြင့် ဖန်တီးနိုင်မှုစွမ်းရည်။

(၃) ပြုလွယ်ပြင်လွယ်ရှိသော စဉ်းစားတွေးခေါ်မှု၊ အခြေအနေကိုလိုက်၍ ပြောင်းလဲမှုနှင့် နည်းပညာကို လျင်မြန်စွာရယူ အသုံးပြုနိုင်သည် လိုက်လျောညီထွေ ဖြစ်တည်နိုင်မှုစွမ်းရည်။

(၄) လူမှုရေးအကျိုးပြု လုပ်ငန်းများတွင် စိတ်ပါဝင်စားမှု၊ မျှတမှုနှင့် ကိုယ်ချင်းစာစိတ်ရှိခြင်းဖြင့် မိမိတို့၏ဝန်းကျင်နှင့် လူ့အဖွဲ့အစည်းကို ဦးဆောင်နိုင်သည့် စွမ်းရည်။

(၅) မဆုတ်မနစ်သည့်စိတ်ဖြင့် သင်ယူလိုစိတ်၊ ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်သော စွန့်စားလုပ်ဆောင်လိုသည့်စွမ်းရည်။

ထိုကဲ့သို့ လူငယ်တို့တွင်ရှိသော စွမ်းရည်များသည် ၎င်းတို့၏အားသာချက်ဖြစ်ပြီး လူ့အဖွဲ့အစည်းတစ်ရပ်၏ အားကိုးရာလည်းဖြစ်လာသည်။ ထို့ကြောင့် လူငယ်တို့၏ ပြင်းပြသောဆန္ဒများကို အခြေခံဖြစ်တည်နေသည့် စွမ်းရည်များဖြင့် မြင့်မားလွန်းသော၊ ခက်ခဲလွန်းသောမဖြစ်နိုင်ဟု ထင်ရသောအရာကို လုပ်နိုင်သည်ဟု ဆိုကြခြင်းဖြစ်သည်။ ယနေ့ကာလ ၂၁ ရာစုကမ္ဘာကြီးတွင် အိုင်တီနည်းပညာ ဖွံ့ဖြိုးထွန်းကားလျက် ဆန်းသစ်သော နည်းပညာမျိုးစုံ အံ့မခန်းတိုးတက်လာနေသည်လည်း လူငယ်များ၏ စွမ်းရည်များကြောင့် ပင်ဖြစ်သည်။

ယှဉ်ပြိုင်မှု၏ အကျိုးသက်ရောက်မှုများ

လောကသဘာဝအတိုင်း ယှဉ်ပြိုင်မှုဟူသည် ကောင်းကျိုးဖြစ်စေသကဲ့သို့ ဆိုးကျိုးများလည်းရစေသည်။ ကောင်းမွန်သောယှဉ်ပြိုင်မှုသည် ကောင်းသောအကျိုးသက်ရောက်မှုဖြစ်စေ၍ မကောင်းမွန်သော ယှဉ်ပြိုင်မှုသည်မကောင်းသော အကျိုးသက်ရောက်မှုကိုရစေ၏။ မကောင်းမွန်သော ယှဉ်ပြိုင်မှုကြောင့် စိတ်ဖိစီးမှုနှင့်ကျန်းမာရေးပြဿနာများ ရရှိလာစေသည်။ လူမှုရေးဆိုင်ရာပဋိပက္ခများ ဖြစ်ပေါ်လာတတ်သည်။ ထို့ကြောင့် ကောင်းမွန်သောယှဉ်ပြိုင်မှုကို အားပေးကြရမည်။ ကောင်းမွန်သောယှဉ်ပြိုင်မှုသည် ဆန်းသစ်တီထွင်မှုကို မြှင့်တင်ပေးသည်။ စွမ်းဆောင်ရည်မြင့်မားလာစေသည်။ လူတို့၏စွမ်းရည် ပိုမိုတိုးတက်လာစေသည်။

ယှဉ်ပြိုင်မှုနှင့် အလိုက်ဖက်ဆုံး၊ အနီးကပ်ဆုံးလူသားသည် လူငယ်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လူငယ်ဘဝသည် ယှဉ်ပြိုင်မှုများနှင့် ဖွဲ့စည်းတည်ဆောက်ထားသော ကာလဖြစ်သည်။ ပညာရေး၊ အားကစား၊ လူမှုရေး၊ စီးပွားရေးစသဖြင့် နယ်ပယ်အသီးသီးတွင် ယှဉ်ပြိုင်မှုသည် လူငယ်များ၏ဘဝကို ပုံဖော်လျက်ရှိနေသည်။ လူငယ်ဘဝတွင် ကောင်းသောယှဉ်ပြိုင်မှုများ၌ ပါဝင်ပတ်သက်ခွင့်ရပါက ၎င်းတို့၏ အနာဂတ်ဘဝတိုးတက်မှုဆီသို့ တွန်းအားများဖြစ်စေသည်။ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရုံသာမက အခွင့်အလမ်းများကိုပါ ရရှိလာစေနိုင်သည်။ ထိုသို့လူငယ်တစ်ဦးချင်းစီ၏ ကောင်းသောယှဉ်ပြိုင်မှုတွင် ပါဝင်ခွင့်များသည် ၎င်းတို့ကိုယ်ပိုင်အနာဂတ်ဘဝများ အလားအလာကောင်းများအတွက်သာမက လူ့အဖွဲ့အစည်းတစ်ရပ်လုံး၊ တစ်နိုင်ငံလုံးအတွက်ပါ အပေါင်းလက္ခဏာဆန်သော အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည်။

စွန့်ဦးတီထွင်လုပ်ကိုင်မှု

စွန့်ဦးတီထွင်မှုအတွက် ယှဉ်ပြိုင်မှုသည် အရေးပါသော အခန်းကဏ္ဍတွင်ရှိသည်။ ရုပ်ပိုင်းဆိုင်ရာ ဖျတ်လတ်တက်ကြွနေချိန်၊ စိတ်ပိုင်းဆိုင်ရာလန်းဆန်း၍ အရာရာအောင်မြင်လိုစိတ် ကြီးမားနေသည့် လူငယ်များသည် ယှဉ်ပြိုင်လိုစိတ် အမြဲမပြတ်ကိန်းအောင်းလျက်ရှိရာ တီထွင်ကြံဆ လုပ်ကိုင်လိုမှုသည်လည်း အမြဲဖြစ်ပေါ်လျက်ရှိနေတော့သည်။ ထို့ကြောင့် ကောင်းသောယှဉ်ပြိုင်မှု နှင့်ပတ်သက်၍ ဆွေးနွေးပြောဆိုခြင်း၊ နည်းလမ်းပြအားပေးခြင်းတို့ ပြုလုပ်ပေးသည့် ပတ်ဝန်းကျင်ကောင်းတို့ ရှိနေဖို့လိုသည်။ ဖန်တီးပေးနိုင်ရမည်။

ပညာရေးနယ်ပယ်မှစ၍ နိုင်ငံရေး၊ စီးပွားရေး၊ နည်းပညာနယ်ပယ် စသဖြင့် စိတ်ဝင်စားမှုရှိသော နယ်ပယ်အသီးသီး၌ ပါဝင်နိုင်ရေး မိဘ၊ ဆရာများ၊ မိသားစုအသိုက်အဝန်းများက လူငယ်များကို အမြဲမပြတ် အားပေးအားမြှောက်ပြုနေသင့်ပါသည်။ အချို့နယ်ပယ်များ၊ ကဏ္ဍများသည် လူငယ်များ စတင်ဝင်ရောက်ရန်အတွက် အဟန့်အတား၊ အခက်အခဲများ (barriers to entry) များပြားနေတတ်သည်။ ကြီးမားနေတတ်သည်။ ထိုသို့ စတင်ဝင်ရောက်ရန်ခက်ခဲသော နယ်ပယ်၊ ကဏ္ဍများအတွက် မိဘများ၊ ဆရာများနှင့် လူကြီးများက လက်တွေ့ကျကျ ရှင်းပြဆွေးနွေးပေးခြင်း၊ အကြံဉာဏ်ကောင်းပေးခြင်းဖြင့်လည်း စေ့ဆော်မှုများပေးသင့်ပါသည်။

မိမိဘဝအတွက်၊ မိမိလူ့အဖွဲ့အစည်းအတွက် မိမိသာလျှင်ပဲ့ကိုင်ရှင်

လူငယ်များအနေဖြင့် မိမိတို့၏ဘဝတိုးတက်ရေး၊ မိမိတို့ဘဝလမ်းကြောင်းကို ဖြောင့်မှန်စွာ လျှောက်လှမ်းနိုင်ရေးအတွက် အဓိကအကျဆုံးမှာ မိမိကိုယ်တိုင်ဖြစ်သည်ကို သဘောပေါက်ရမည်။ လူငယ်များကိုယ်တိုင်ကလည်း ယှဉ်ပြိုင်လိုစိတ်၊ စွန့်ဦးတီထွင်လိုစိတ်နှင့်အတူ စဉ်းစားတွေးခေါ်မှု၊ နာခံတတ်မှု၊ သင်ယူလိုမှု၊ အတွေ့အကြုံရှိသူများ၏ အကြံဉာဏ်ပေးမှုကို လက်ခံတတ်သည့်စိတ်ကို မွေးမြူထားရမည်။ လုံ့လဝီရိယဖြင့် ကြိုးစားအားထုတ်ဆည်းပူး၍ အမြော်အမြင်၊ ဉာဏ်ပညာ၊ ဗဟုသုတများနှင့် ပြည့်စုံသူများဖြစ်လာအောင် ပြင်ဆင်ကြရမည်။ မိမိတို့တွင်ရှိသော အရည်အချင်းနှင့် အခြားသူများကပေးသော အကြံဉာဏ်များကို ပေါင်းစပ်ဖန်တီး၍ ရည်မှန်းထားသော ရလဒ်ကောင်းများရရှိစေရန် အားထုတ်နိုင်စွမ်းရှိအောင် ကြိုးစားအားထုတ်သင့်သည်။

လူသည် အသိုင်းအဝိုင်းနှင့်နေတတ်သည့် လူမှုရေးသတ္တဝါဖြစ်သည်။ ထို့ကြောင့် မိမိအတွက် ကြိုးစားရင်း မိမိ၏ပတ်ဝန်းကျင်၊ မိမိတို့၏ လူ့အဖွဲ့အစည်း၊ မိမိတို့၏နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ထည့်သွင်းစဉ်းစား လုပ်ကိုင်နေသင့်သည်။ ပြုလုပ်သင့်၊ ပြုလုပ်အပ်သည်များကို ပြုလုပ်ခြင်း၊ ကြိုးစားသင့်၊ ကြိုးစားအပ်သည်တို့ကို ကြိုးစားခြင်းဖြင့် မိမိတစ်ဦးတည်းအကျိုး၊ မိမိပတ်ဝန်းကျင်ရှိအများအကျိုးတို့ကို ဆောင်ရွက်နိုင်သည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းများ ဖြစ်လာကြလိမ့်မည်။

ထို့ကြောင့် လူငယ်များသည် လူငယ်ဘဝကတည်းက ကောင်းမွန်သောစိတ်ထားများဖြင့် ကြိုးစားအားထုတ်လုပ်ဆောင်ခြင်းဖြင့် အသက်အရွယ်ကြီးမြင့်လာသည်နှင့်အမျှ အသိတရားပြည့်ဝသော၊ ဆင်ခြင်တုံတရားနှင့် ဉာဏ်ပညာကြီးမားသော နိုင်ငံကြီးသားပီသသူများအဖြစ် အနာဂတ်မျိုးဆက်ကိုပါ အမွေကောင်းများကို ထပ်ဆင့်လက်ဆင့်ကမ်းနိုင်ပေလိမ့်မည်။

လူငယ်နှင့်ငြိမ်းချမ်းရေး

ယနေ့မြန်မာနိုင်ငံတွင် အခြားသော အခက်အခဲပြဿနာများနှင့်အတူ အခြေခံအကျဆုံး လိုအပ်ချက်မှာ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရရှိမှုဖြစ်သည်။ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဂျာမနီနိုင်ငံရေးသမားတစ်ဦးဖြစ်သူ Willy Brandt က “ငြိမ်းချမ်းရေးဟာ အရာရာတိုင်းကို မလုပ်ပေးနိုင်ပေမယ့် ငြိမ်းချမ်းရေးမရှိရင်တော့ ဘာမှမဖြစ်နိုင်ဘူး” ဆိုသည့်စကားကို ဖတ်မှတ်ဖူးပါသည်။ ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်မှုလိုလားသည့်လူသားတိုင်း ငြိမ်းချမ်းရေးကို တောင့်တနေကြခြင်းဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်းတွင်လည်း ငြိမ်းချမ်းရေးသည် အလိုလားအတောင့်တဆုံးအရာ။ နေ့အချိန်တွင်လည်း ငြိမ်းချမ်းရေး၊ ညအချိန်အခါရောက်လည်း ငြိမ်းချမ်းရေး။ ပြည်သူများ အချိန်တိုင်းငံ့လင့်နေကြသည်မှာ ငြိမ်းချမ်းရေး။ ဆိုရလျှင် နှစ်ဆယ့်လေးနာရီလုံးလုံး တောင့်တနေကြသည်မှာ ငြိမ်းချမ်းရေးပင် ဖြစ်ပါတော့သည်။

ထိုသို့ လူ့အဖွဲ့အစည်းအတွင်းရှိ အားလုံးလိုလားတောင့်တနေသော ငြိမ်းချမ်းမှုရရှိရေးအတွက် လူငယ်တို့၏ လတ်ဆတ်သော အယူအဆ၊ အတွေးအခေါ်သစ်များဖြင့် ဖန်တီးနိုင်ရေး မျှော်လင့်ကြသည်။

ယှဉ်ပြိုင်လိုသောလူငယ်၊ စွန့်ထွင်လုပ်ကိုင်လိုသော လူငယ်တို့၏ စိတ်ဓာတ်စွမ်းရည်ဖြင့် နယ်ပယ်စုံတွင် ဆန်းသစ်တီထွင်မှုများ ဖန်တီးပေးခြင်း၊ မြှင့်တင်ပေးခြင်းတို့ကို ပြုလုပ်နိုင်သဖြင့် နိုင်ငံရေး ပဋိပက္ခများအပါအဝင် ပြဿနာ၊ အခက်အခဲမျိုးစုံဖြေရှင်းရာတွင် အထောက်အကူများစွာ ဖြစ်စေလိမ့်မည်ဟု ယုံကြည်ထားကြသည်။ လူငယ်တို့၏ စွမ်းပကားဖြင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရလဒ်ကို ဆုပ်ကိုင်နိုင်မည်ဟု မျှော်လင့်နေကြသည်။

ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးပန်းတိုင်ကို မိမိရရလှမ်းကိုင်နိုင်ရေး

လူငယ်များတွင် ပိုင်ဆိုင်ထားသော ယှဉ်ပြိုင်ကြိုးစားလိုသည့်စိတ်၊ စွန့်ထွင်ဦးစီးလုပ်ကိုင်လို စိတ်တို့သည် ၎င်းတို့ တစ်ဦးတစ်ယောက်စီ၏ ကိုယ်ပိုင်ရည်မှန်းချက်များအတွက်သာမက နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ရပ်၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်အရေးပါသည့် အခြေခံအကြောင်းတရားဟုဆိုပါလျှင် မည်သူမျှငြင်းဆိုလိမ့်မည်မဟုတ်ပေ။

သို့ဖြစ်ပါ၍ ယှဉ်ပြိုင်လိုမှု၊ စွန့်ထွင်ဦးစီးလုပ်ကိုင်မှုကြောင့် လူငယ်တို့၏ စိတ်ထားနှလုံးသားများနှင့် ဦးနှောက်တို့တွင် ဖြစ်တည်လာသော လန်းဆန်းတက်ကြွသည့် အတွေးအခေါ်၊ အယူအဆ၊ စိတ်ကူးစိတ်သန်းများကို အသုံးချ၍ နိုင်ငံတော်အတွက် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးပန်းတိုင်ကို မိမိရရလှမ်းကိုင်နိုင်ရေး ဆောင်ရွက်နိုင်ပါစေကြောင်း မျှော်လင့်ရေးသားလိုက်ရပေသတည်း။ ။

ဒေါက်တာသုတအောင်သည် မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်တွင် ၂၀၁၈ မှစ၍ အဖွဲ့ဝင် (စီးပွားရေးပညာရှင်) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ စျေးကွက်သုတေသနလုပ်ငန်းကို ၂၀၁၂ မှ စလုပ်ကိုင်ခဲ့သည်။ ထိုမတိုင်ခင် အင်္ဂလန်နိုင်ငံ မလေးရှားနိုင်ငံများတွင် တက္ကသိုလ်ဆရာအလုပ် လုပ်ခဲ့သည်။ ၂၀၁၇ မှ ယနေ့အထိ ပြည်သူ့ဝန်ထမ်းတက္ကသိုလ်တွင် ပြင်ပပညာရှင်အဖြစ် ပုံမှန်ဟောပြောပို့ချသည်။ Durham University မှ စီးပွားရေးပါရဂူဘွဲ့ရ၍ အနုညာတခုံသမာဓိပညာ Member of the Chartered Institute of Arbitrators လည်းဖြစ်သည်။