ပြည်ထောင်စုဟုခေါ်ပါသည်
မေ
ဖေဖော်ဝါရီလ၏ အေးမြသောနံနက်ခင်းတစ်ခုတွင် ပြည်သူတို့သည် နှစ်စဉ်နှစ်တိုင်း ထူးမြတ်သည့်နေ့တစ်နေ့ကိုကြိုဆိုကြသည်။ ပြည်ထောင်စုနေ့ဟူသည့် ဤအမည်ကပင် သမိုင်းဝင်လေးနက်သည့်နေ့အဖြစ် တစ်နိုင်ငံလုံးကခံယူကြသည်။ ပြည်ထောင်စုနေ့တွင်ချမှတ်ခဲ့သည့် ကတိသန္နိဋ္ဌာန်နှင့် နိုင်ငံ၏မျှော်လင့်ချက်တို့မှာ ၇၉ နှစ်တိုင် ရှင်သန်နေဆဲဖြစ်ပါသည်။
သမိုင်းထဲက ပင်လုံ
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ။ ပင်လုံမြို့ငယ်လေးတွင် မျိုးနွယ်စုပေါင်းစုံမှ ခေါင်းဆောင်များစုဝေးခဲ့ကြဖူးသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ မျက်လုံးအိမ်တို့တွင် စိတ်အားထက်သန်မှုနှင့် စိုးရိမ်မှုတို့ ရောနှောနေမည်ဟု စိတ်မှန်းဖြင့်မြင်ယောင်မိသည်။ စဝ်ရွှေသိုက်၏ မျက်နှာသွင်ပြင်ပေါ်တွင် ရှမ်းပြည်နယ်၏ ဂုဏ်သိက္ခာအတွက် တာဝန်ကြီးမားစွာ ခံစားရပုံကို သမိုင်းဝင်ပင်လုံပန်းချီကားအချို့၌ မြင်တွေ့ရသည်။ ပင်လုံအစည်းအဝေးသည် ရိုးရိုးအစည်းအဝေးတစ်ခုမဟုတ်၊ ဤနေရာတွင် လွတ်လပ်ရေးအတွက်သာမက ပိုကြီးမားသည့် ပြည်ထောင်စုဟူသည့် စည်းလုံးညီညွတ်ခြင်းအတွက် ဆွေးနွေးနေကြခြင်းဖြစ်သည်။ နိုင်ငံတစ်ခု၏ ပကတိပုံသဏ္ဌာန်ကို ပြောင်းလဲစေမည့် ဆုံးဖြတ်ချက်များကို သဘောတူချမှတ်ခဲ့ခြင်းက ပြည်ထောင်စုနေ့၏ အတိတ်သမိုင်းရက်စွဲဖြစ်လာသည်။
အတိအကျဆိုရလျှင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့သည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပင်လုံသို့ ရောက်ရှိခဲ့သည်။ ဗိုလ်ချုပ်နှင့်အတူ ဦးအောင်ဇေယျ၊ သခင်ထွန်းအုပ်၊ မန်းဘခိုင်၊ ဒီးဒုတ်ဦးဘချိုတို့ လိုက်ပါလာခဲ့သည်။ ရှမ်းတိုင်းရင်းသားများဘက်မှ စဝ်ရွှေသိုက်၊ စဝ်ခွန်ချို၊ စဝ်စံထွန်း၊ စဝ်ခွန်ပန်းစိန် စသည့်စော်ဘွားကြီးများနှင့် ကိုယ်စားလှယ်များပါဝင်ခဲ့သည်။ ကချင်တိုင်းရင်းသားများဘက်မှ ဆမားဒူးဝါးဆင်ဝါးနောင်၊ ဆမား ဦးလှဖေ၊ ဒူဝါဇော်ဝမ်း၊ ဒူဝါဇော်လွန်းတို့ တက်ရောက်ခဲ့သည်။ ချင်းဘက်မှ ဦးဝမ်းကောင်း (အမှတ် ၂ ချင်းတောင်တန်းခရိုင်)နှင့် ဦးဟာလ်ခွန်း (ဖလမ်းခရိုင်) စသူတို့ တက်ရောက်ကြသည်။
အစည်းအဝေးကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်မှ ၁၂ ရက်အထိ ကျင်းပခဲ့သည်။ ပထမဆုံးနေ့များတွင် အခက်အခဲများစွာရှိခဲ့သည်။ ရှမ်းစော်ဘွားကြီးများသည် လွတ်လပ်ရေးရပြီးနောက် ၎င်းတို့၏ အခွင့်အရေးများဆုံးရှုံးမည်ကို စိုးရိမ်နေကြသည်။ ကချင်ခေါင်းဆောင်များကလည်း ဗမာမဟုတ်သော တိုင်းရင်းသားများ၏ အခွင့်အရေးများကို အာမခံချက်ရရှိရန်လိုအပ်ကြောင်း ပြောဆိုခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းက ဆွေးနွေးညှိနှိုင်းသည်၊ ကတိကဝတ်ပြုတန်ရာပြုသည်၊ နှစ်သိမ့်ဆွေးနွေးသည်။
ထိုသို့ဖြင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် ညနေပိုင်းတွင် သမိုင်းဝင်ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ စာချုပ်တွင် အဓိကအချက် (၁၂) ချက်ပါဝင်ခဲ့သည်။ အဓိကအချက်မှာ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေးဆိုင်ရာ တန်းတူညီမျှမှုတို့ထည့်သွင်းထားသည်။
“ကျွန်တော်တို့ ကွဲပြားခြင်းကို ပြောနေလို့မရဘူး။ ဘယ်လိုအတူတကွနေထိုင်မလဲ ဆိုတာကိုပဲ စဉ်းစားရမယ်”ဟု ဗိုလ်ချုပ်အောင်ဆန်းကဆိုခဲ့သည်။ ပင်လုံစာချုပ်၏ အနှစ်သာရစကားအဖြစ် တိုင်းရင်းသားတို့ စိတ်ဝယ်စွဲမြဲစေသည့် စကားရပ်ဖြစ်ခဲ့သည်။ ဘိုးဘေးတို့၏ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှု၊ လေးစားမှု၊ ဉာဏ်ပညာကြီးမားခဲ့မှုကြောင့် အပြည်ပြည်အထောင်ထောင် ကွဲပြားမနေသည့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးစုစည်းနေထိုင ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အဖြစ် ရပ်တည်နေနိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် လွတ်လပ်ရေးရရှိပြီးသောအခါ မတူကွဲပြားမှုတို့ကို အရင်းခံကာ လူမျိုးစွဲ၊ ဝါဒစွဲတို့ဖြင့် ပဋိပက္ခမီးတို့ မငြှိမ်းသတ်နိုင်သေး။
ထိုအကြောင်းစဉ်းစားရင်း စာရေးဆရာ မင်းသုဝဏ်၏စကားကို သတိရမိသည်။ “သမိုင်းဆိုတာ အတိတ်ကိုပြောတာမဟုတ်၊ အနာဂတ်ကို ညွှန်ပြတာပါ”ဟု ဆရာမင်းသုဝဏ်က တင်စားခဲ့သည်။ ထို့အတူ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက “ပင်လုံစာချုပ်သည် ကောင်းမွန်တဲ့အနာဂတ်ကို စတင်ခြင်းဖြစ်ပြီး လမ်းဆုံးမဟုတ်”ဟု ဆိုခဲ့သည်။ ပင်လုံစာချုပ်သည် သမိုင်းဝင်စာရွက်တစ်ရွက် ထက်ပိုတန်ဖိုးရှိပြီး ကျွန်ုပ်တို့ နိုင်ငံသူ နိုင်ငံသားအားလုံးအတွက် အနာဂတ်မြေပုံတစ်ခုပင်ဖြစ်သည်။
ပြည်ထောင်စုနေ့နှင့် ပင်လုံစာချုပ်တို့သည် မတူကွဲပြားသည့်ကြားက ညီညွတ်ခြင်းကို ဖော်ဆောင်ရန် ကြိုးပမ်းမှုတစ်ရပ်ဖြစ်ပြီး တောင်တန်းများသည် ပြည်မနှင့် တန်းတူညီမျှစေဖို့ ကြိုးပမ်းခြင်း၊ အေးအတူပူအမျှ အတူတကွဟူသည့် စိတ်ဓာတ်၏ မျိုးစေ့တစ်စေ့ပင်ဖြစ်ပါသည်။ ကိုလိုနီတို့၏ သွေးခွဲအုပ်ချုပ်ရေးကြောင့် သံသယများနှင့် ရှေ့တိုးရန်ခက်ခဲသည့် ညီညွတ်ရေးတို့မှာ ပင်လုံစာချုပ်နှင့် သမိုင်းဝင်ပြည်ထောင်စုနေ့တွင် ချိုးဖျက်နိုင်ခဲ့ကြပြီး အတူတကွ ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ကျူးနိုင်ခဲ့သည်။
ပြည်ထောင်စုနေ့ဝိသေသ
ပြည်ထောင်စုနေ့အခမ်းအနားများကို နှစ်စဉ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပသည်။ ပြည်ထောင်စုနေ့သည် ရိုးရာအထိမ်းအမှတ်နေ့ထူး နေ့မြတ်တစ်ခုထက် ပိုမိုနက်ရှိုင်းသည့်လက္ခဏာတို့ ပါရှိသည်။ ကျွန်ုပ်တို့၏ ပြည်ထောင်စုဟူသည့် နိုင်ငံတော်ဝိသေသလက္ခဏာများကို နှစ်စဉ် ပြန်လည်အတည်ပြုခြင်းဟု မှတ်ယူကြပြီး မြန်မာနိုင်ငံသည် လူမျိုးတစ်မျိုးတည်း၏ နိုင်ငံမဟုတ်၊ လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ၊ ဘာသာစကား ပေါင်းစုံပါဝင်သော ပြည်ထောင်စုနိုင်ငံဖြစ်ကြောင်း သတိရစေသည်။
ရှမ်းအဘွားအိုတစ်ဦးပြောသည့် ပုံပြင်ကို နားထောင်ရင်း ကချင်လူငယ်တစ်ဦး၏တေးသံကို ခံစားကြမည်။ ရခိုင်တိုင်းရင်းသားတစ်ဦး၏ စိုးရိမ်မှုကို ဖြေဖျောက်ပေးနိုင်ကြရမည်။ စည်းလုံးခြင်းသည် အတူတူပြောဆိုခြင်းမဟုတ်၊ အချင်းချင်းနားလည်ခြင်းဖြစ်ကြောင်း မိမိတို့ဘိုးဘွားများက ပင်လုံစာချုပ်ဖြင့် သက်သေပြခဲ့ကြသည်ကို သတိပြုကြရမည်။ ထို့အတူ ဗမာစကားကို ရှမ်းရွာများတွင် သင်ကြားပေးနေသူ ဆရာမလေးများ၊ ကရင်ရိုးရာဖားစည်အကကို ဧရာဝတီမြစ်ဝှမ်းက ကလေးများဆီ ပို့ဆောင်ပေးကြသည့် အနုပညာရှင်များနှင့် မြင့်မားလာသည့် သိပ္ပံနှင့် နည်းပညာစာအုပ်များကို မွန်ဘာသာသို့ ပြန်ဆိုပေးသည့် ပညာရှင်များ စသူတို့မှာ စည်းလုံးခြင်းအတွက် အုတ်မြစ်ချသူများပင်ဖြစ်သည်။
လက်တွေ့လုပ်ဆောင်ရင်း အဓိပ္ပာယ်ရှိစွာ ဖြတ်သန်း
၂၀၂၆ ခုနှစ် ပြည်ထောင်စုနေ့တွင် ကျွန်ုပ်တို့ မည်သည့်အရာများ မျှော်လင့်ထားနိုင်မလဲ။ "ပြည်ထောင်စုစိတ်ဓာတ်"ကို လက်တွေ့အသက်သွင်းနိုင်စေရန် ကြိုးပမ်းအားထုတ်သင့်ကြပြီ။ တိုင်းရင်းသားလူငယ်များ အတူတကွ စိုက်ပျိုးရေးစီမံကိန်းများစတင်ခြင်း၊ နည်းပညာများလေ့လာခြင်းနှင့် အတူတကွ သဘာဝပတ်ဝန်းကျင်ကိုစောင့်ရှောက်ခြင်း စသည်စသည်ဖြင့် လက်တွေ့ကျကျ စည်းလုံးကြည့်စေလိုပါသည်။
တိုင်းရင်းသားပေါင်းစုံ လူမျိုးပေါင်းစုံ နားလည်လက်ခံနိုင်မည့် ပြည်ထောင်စုဖြစ်နိုင်ရေးအတွက် လူမျိုးစုတို့၏ ဘာသာစကား၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုများကို အပြန်အလှန်အသိအမှတ်ပြုကြရမည်။ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးတို့တွင် မည်သူမဆို ဒေသမရွေး၊ လူမျိုးမရွေး ရယူပိုင်ခွင့်ကို ကူညီအားပေးကြရမည်။ မျိုးချစ်စိတ်သည် မိမိလူမျိုးကို ချစ်ရုံမျှဖြင့်မပြီး၊ မိမိလူမျိုးနှင့်အတူ နေထိုင်သည့် အခြားမျိုးနွယ်စုများအားလုံးအပေါ် လေးစားတတ်ခြင်းပင်။
စိန်ခေါ်မှုများနှင့် အနာဂတ်လမ်းကြောင်း
ယနေ့ခေတ် ပြည်ထောင်စုနေ့သည် ပြည်သူများအတွက် အမေးပုစ္ဆာတို့ဖြင့် ပြည့်နှက်နေသည်။ ပင်လုံစိတ်ဓာတ် ပြန်လည်ရှင်သန်ဖို့ကြိုးစားနိုင်ကြမည်လား။ လက်ရှိ နိုင်ငံရေးပဋိပက္ခများ၊ ပြည်တွင်း မတည်ငြိမ်မှုများထဲတွင် စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးကို မည်သို့ထူထောင်မည်နည်း။ လွယ်ကူသည့်အလုပ်တော့မဟုတ်ပါ။ သို့သော် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တိုင်းရင်းသားတို့အသံ စုစည်းကာ ပင်လုံစာချုပ်ကို အောင်အောင်မြင်မြင် ချုပ်ဆိုပြသနိုင်ခဲ့ခြင်းဖြင့် သက်သေပြထားခဲ့ပြီးဖြစ်ပါသည်။
၂၀၂၅ ခုနှစ် ပြည်ထောင်စုနေ့အခမ်းအနားတွင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က "နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဥပဒေများကို လေးစားလိုက်နာလျက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်စွာလက်တွဲဆောင်ရွက်ကြရန် လိုအပ်ပါသည်” ဟု ပြောကြားခဲ့ဖူးသည်။ ထို့အပြင် ယာယီသမ္မတက ပြည်ထောင်စုကြီးမပြိုကွဲရေး ကာကွယ်ရန်မှာ အားလုံး၏တာဝန်ဖြစ်ကြောင်း၊ တိုင်းရင်းသားအချင်းချင်း ယုံကြည်မှုတည်ဆောက် ရန်လိုအပ်ကြောင်း၊ ပင်လုံစာချုပ်သည် စည်းလုံးညီညွတ်ရေး၏ သမိုင်းဝင်လက်ဆောင်ဖြစ်ကြောင်းနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုပြောကြားခဲ့သည်။
လက်ရှိတွင် မိမိတို့လျှောက်လှမ်းခဲ့သည့် ရွေးကောက်ပွဲလမ်းကြောင်းသည် ပြည်ထောင်စုစိတ်ဓာတ် ပြန်လည်ရှင်သန်မွေးဖွားနိုင်ရေးအတွက် အလားအလာကောင်းတစ်ခုအဖြစ် ပြည်သူများက မျှော်မှန်းကြသည်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးမှ ပြည်ထောင်စုအတွက် အားလုံးပါဝင်သော အမျိုးသားရေးစကားဝိုင်းကြီးကို လွှတ်တော်အသီးသီးတွင် ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာစေမည့် အခွင့်အရေးပင်ဖြစ်သည်။ ရွေးကောက်ပွဲသည် ရည်မှန်းချက်၏ ခရီးတစ်ထောက်ပင်။ ထိုရွေးကောက်ပွဲမှသည် တိုင်းရင်းသားအားလုံးက တန်းတူအသိအမှတ်ပြုသော နိုင်ငံရေးစနစ်သစ်တစ်ခုဆီ စစ်မှန်သော အပြောင်းအလဲဖြင့် ဦးတည်ရှေးရှုကြရမည်။
ခေတ်သစ်ပင်လုံသမိုင်းကိုရေးထိုးကြမည့်သူများ
တူညီသော ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရန်ဆိုသည်မှာ အလွန်နက်ရှိုင်းသော ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ လက်နက်များ ဆိတ်သုဉ်းရန်၊ အမုန်းစကားများ ရပ်တန့်ရန်မလုံလောက်သေး။ လက်တွေ့ကျသော စီမံကိန်းများ၊ ရေရှည်တည်တံ့သော ပူးပေါင်းဆောင်ရွက်မှုများနှင့် အပြန်အလှန်လေးစားမှုအပေါ် အခြေခံသည့် နိုင်ငံရေးစနစ်တစ်ခု ကျွမ်းဝင်ရန် လိုအပ်သည်။ ပင်လုံညီလာခံသည် လူကြီးများ၏အစည်းအဝေးသာ ဖြစ်သော်လည်း ယခုအခါ လူငယ်များ၏အသံဖြင့် ခေတ်သစ်ပင်လုံသမိုင်းကို ရေးထိုးကြရန်လိုအပ်သည်။
မည်သည့်လူမျိုးမဆို မိမိ၏သမိုင်းကို ဂုဏ်ယူစွာ ထိန်းသိမ်းခွင့်၊ မိမိ၏အနာဂတ်ကို မိမိကိုယ်တိုင် ဆုံးဖြတ်ခွင့်ရှိသော စနစ်တစ်ခုကို အားလုံးကလက်ခံနိုင်ပါမှသာ ရွေးကောက်ပွဲ၏ အောင်မြင်မှုသည် အဓိပ္ပာယ်ပြည့်စုံမည်ဖြစ်ရာ လက်ရှိအချိန်သည် စိတ်ကူးယဉ်ချိန်မဟုတ်တော့။ လက်တွေ့ကျသော မျှော်မှန်းချက်များဖြင့် အတူတကွလျှောက်လှမ်းရမည့်အချိန်ဖြစ်သည်။ စစ်မှန်သော ပြည်ထောင်စုသည် ပြည်သူအားလုံး၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို အသိအမှတ်ပြုသော နိုင်ငံရေးယဉ်ကျေးမှု တည်ဆောက်ခြင်းဖြင့် သက်သေပြကြပါစို့။
တိုင်းရင်းသားအားလုံးအတွက် တန်းတူညီမျှသော ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးမှာ အစိုးရ၏တာဝန်သာမက လူ့အဖွဲ့အစည်းအားလုံး၏ တာဝန်လည်းဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များ ကွာခြားချက်မရှိ၊ မြို့နှင့် ကျေးရွာခြားနားချက်မရှိ၊ လူမျိုးဘာသာမရွေး သားသမီးအားလုံး အရည်အချင်းပေါ် အခြေခံသော ပညာသင်ယူခွင့်၊ အခြေခံအကျဆုံးအခွင့်အရေးဖြစ်သည့် ဆင်းရဲချမ်းသာမရွေး လူတိုင်းဆေးကုသခွင့် စသည်တို့ကို ဖြည့်စွမ်းကြရမည့် အချိန်ဖြစ်ပါသည်။
ပြည်ထောင်စု၏ အနှစ်သာရကို လူငယ်များသိရှိစေရန်မှာ အတိတ်သမိုင်းကို ပြန်လည်ဖော်ထုတ်သည်နှင့်အတူ အနာဂတ်အတွက် မျှော်မှန်းချက်များကို အတူတကွတည်ဆောက်ကြသင့်သည်။ ငြိမ်းချမ်းခြင်းနှင့် တရားဥပဒေစိုးမိုးခြင်း၏ အကျိုးဆက်များကို စာသင်ခန်းထဲတွင်သာမဟုတ် လက်တွေ့ဘဝတွင် ခံစားသိရှိခွင့်ဖြင့် လူငယ်များ ပိုမိုနားလည်လာ နိုင်ပါလိမ့်မည်။
တိုင်းရင်းသားအချင်းချင်း အပြစ်တင်စွပ်စွဲကာ ပဋိပက္ခဖြစ်စဉ်များမှ အမုန်းတရားကို ဖြေဖျောက်ရန် အတွက် ပထမဆုံးလုပ်ရမည့်အရာမှာ နားလည်မှုလွဲမှားစေသည့် အကြောင်းရင်းများကို ဖယ်ရှားရန်ဖြစ်သည်။ ယဉ်ကျေးမှုများကို ဂုဏ်ပြုအသိအမှတ်ပြုခြင်းဖြင့်၊ တန်းတူညီမျှမှုကို အားပေးခြင်းဖြင့် အမုန်းတရားကို အမြစ်ဖြတ်ကြရမည်။
လမ်းမှားသို့ရောက်ရှိနေသော လူငယ်များအတွက်မူ ပြစ်တင်ရှုတ်ချခြင်းထက် ပြန်လည်ဝင်ဆံ့ရန် အခွင့်အလမ်းများ ဖန်တီးပေးရမည်။ ပညာရေး၊ အသက်မွေးဝမ်းကျောင်းသင်တန်းနှင့် စိတ်ကျန်းမာရေးပံ့ပိုးမှုများသည် သူတို့၏ဘဝကို ပြန်လည်ပုံဖော်နိုင်ရန် အဓိကသော့ချက်များဖြစ်သည်။ လူငယ်တိုင်းသည် နိုင်ငံတည်ဆောက်ရေးအတွက် တန်ဖိုးရှိသော လူသားအရင်းအမြစ်များဖြစ်ပြီး သူတို့၏စွမ်းအားကို ဖျက်ဆီးရန် အသုံးပြုမည့်အစား ဖန်တီးမှုအတွက် လမ်းညွှန်ပေးနိုင်ပါက ပြည်ထောင်စုကြီး ပိုမိုသန်မာလာမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
ပြည်ထောင်စုနေ့အတွက် ကတိကဝတ်
ပြည်ထောင်စုနေ့၏ အဓိပ္ပာယ်မှာ "မတူကွဲပြားခြင်းအတွင်းမှ ညီညွတ်ခြင်း" (Unity in Diversity) ဖြစ်သည်။ ဤသည်မှာ လွယ်ကူသောတာဝန်မဟုတ်။ စိတ်ရှည်သည်းခံမှု၊ နားလည်မှုနှင့် အပြန်အလှန်လေးစားမှုတို့ဖြင့် ပြည်ထောင်စုသည် "အတင်းအကျပ် ပေါင်းစည်းထားခြင်းမဟုတ်ဘဲ မတူကွဲပြားမှုများကို တန်ဖိုးထားလက်တွဲခြင်း”တို့ဖြင့် ဝိုင်းဝန်းတည်ဆောက်ကြရမည်။ ကျွန်ုပ်တို့အားလုံး မတူညီသည့် စကားလုံးများဖြင့် အတူတူငြိမ်းချမ်းရေး သီချင်းသီဆိုတတ်ကြရန် လိုအပ်ပါသည်။
ပြည်ထောင်စုနေ့သည် ၁၉၄၇ ခုနှစ်ကချမှတ်ခဲ့သော ကတိကို ဂုဏ်ပြုခြင်းသာမက နောင်မျိုးဆက်များအတွက် ငြိမ်းချမ်းပြီး တရားမျှတသော ပြည်ထောင်စုကြီး တည်ဆောက်ရန် ဆက်လက်ကြိုးပမ်းရမည့် တာဝန်ကိုလည်း သတိပေးတပ်လှန့်သည့် နေ့ထူးနေ့မြတ်ဖြစ်သည်။ ပြည်ထောင်စုနေ့သည် သမိုင်းမှတ်တိုင်တစ်ခုသာမက အနာဂတ်အတွက် မြေပုံတစ်ခုလည်းဖြစ်သည်။ ဤမြေပုံပေါ်တွင် ကျွန်ုပ်တို့သည် မည်သည့်လမ်းကြောင်းကို ရွေးချယ်မည်နည်း။ ဤမေးခွန်းကို ဖြေဆိုရမည့်သူများမှာ ကျွန်ုပ်တို့ကိုယ်တိုင်ပင်။ ပြည်သူအားလုံး နှလုံးသားအတွင်း အပြန်အလှန် လေးစားမှုဟူသည့် "ပင်လုံစိတ်ဓာတ်" အစစ်အမှန်ရှိနေရန် ဖြည့်ဆည်းကြရမည်။ ပင်လုံစာချုပ်လက်မှတ်ရေးထိုးသည့်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းက "ကျနော်တို့ လက်တွဲဖို့ ဆုံးဖြတ်ခဲ့ပြီ"ဟု ဆိုခဲ့သည်။
ယခုရော ကျွန်ုပ်တို့ဘယ်လောက်ထိမြန်မြန် လက်ချင်းတွဲကာ အခက်အခဲများကို ကျော်လွှားနိုင်မလဲဆိုသည်မှာ ကျွန်ုပ်တို့ပြည်သူတစ်ဦး တစ်ယောက်ချင်းစီ၏ စွမ်းပကားနှင့် စစ်မှန်သည့် ပြည်ထောင်စုစိတ်ဓာတ်အပေါ်တွင် မှီတည်နေပါကြောင်းနှိုးဆော်ရင်း (၇၉) နှစ်ပြည့် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုလိုက်ရပါတော့သည်။ ။
