Skip to main content

စာပေနှင့် အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း ဖွဲ့စည်းဆောင်ရွက်ခြင်းဆိုင်ရာ  သိကောင်းစရာများ

ဒေါက်တာနွယ်ရီဝင်း

စာပေအနုပညာလက်ရာများကို ကိုယ်တိုင်စိတ်ကူးစိတ်သန်းဖြင့် ဖန်တီးသူများသည် ၎င်းတို့ ဖန်တီးထားသော စာပေ သို့မဟုတ် အနုပညာလက်ရာများ၏ မူပိုင်ခွင့်ပိုင်ရှင်များ ဖြစ်ကြသည်။ စာပေနှင့် အနုပညာမူပိုင်ခွင့်ပိုင်ရှင်များသည် ဥပဒေအရ သတ်မှတ်ထားသော စီးပွားရေးဆိုင်ရာ အခွင့်အရေးနှင့် ကိုယ်ကျင့်သိက္ခာဆိုင်ရာ အခွင့်အရေးများ ရရှိကြသည်။

စီးပွားရေးဆိုင်ရာ အခွင့်အရေးအနေဖြင့် မူပိုင်ခွင့်ပိုင်ရှင်များသည် ၎င်းတို့ဖန်တီးသည့် လက်ရာများကို အခြားသူများက အသုံးပြုခြင်းအတွက် ငွေကြေးဆိုင်ရာ အကျိုးခံစားခွင့်ရရှိသည်။ သို့ဖြစ်၍ မူပိုင်ရှင်များသည် ၎င်းတို့ပိုင်ဆိုင်မှုများမှ စီးပွားရေးဆိုင်ရာ အကျိုးအမြတ်ရရှိမှု သေချာစေရန် ၎င်းတို့၏အခွင့်အရေးများကို ကောင်းမွန်စွာ စီမံခန့်ခွဲရန် လိုအပ်သည်။

မူပိုင်ရှင်များက စီးပွား‌ရေးဆိုင်ရာ အခွင့်အရေးများကို မိမိကိုယ်တိုင် စီမံခန့်ခွဲနိုင်သကဲ့သို့ စာပေနှင့် အနုပညာမူပိုင်ခွင့်များကို စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းများသို့လည်း အပ်နှံနိုင်သည်။ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်း (Collective Management Organization-CMO) ဆိုသည်မှာ စာပေနှင့် အနုပညာမူပိုင်ခွင့်ပိုင်ရှင်များ၊ ဆက်နွှယ်သည့် အခွင့်အရေးပိုင်ရှင်များ၏ သဘောတူညီမှုအပေါ် အခြေခံပြီး ၎င်းတို့၏ အခွင့်အရေးများကို အမြတ်အစွန်းအတွက် မရည်ရွယ်ဘဲ စီမံဆောင်ရွက်ပေးသည့် အဖွဲ့အစည်းဖြစ်သည်။ 

နိုင်ငံတကာတွင် စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းများကို များသောအားဖြင့် အမြတ်အစွန်းအတွက် မရည်ရွယ်သည့် non-profit organization များအဖြစ် ဖွဲ့စည်းတည်ထောင်လေ့ရှိကြသည်။ စာပေနှင့် အနုပညာအခွင့်အရေးများကို စုပေါင်းစီမံခန့်ခွဲသည့်စနစ်သည် စာပေနှင့် အနုပညာဖန်တီး မှုလက်ရာများကို အများပြည်သူထံ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိစေနိုင်ခြင်းကြောင့် ယဉ်ကျေးမှု အနုပညာအဆင့်အတန်းမြင့်မားတိုးတက်ရေးနှင့် ပြန့်ပွားရေးအတွက် အရေးပါသကဲ့သို့ စာပေအနု ပညာဖန်တီးမှုထုတ်ကုန်များဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူ ပြုသည်။ 

ကမ္ဘာပေါ်ရှိ နိုင်ငံများစွာတွင် စာပေအနုပညာဖန်တီးမှုလက်ရာများကို ကမ္ဘာအနှံ့မှ ပရိသတ်များထံသို့ လျင်မြန်စွာရောက်ရှိစေရန် CMO စနစ်ကို တည်ထောင်ကြသည်။ CMO များသည် ဖန်တီးသူများကို ၎င်းတို့၏ ဖန်တီးမှုရလဒ်များမှ စီးပွားရေးအကျိုးအမြတ်ရရှိမှုကို သေချာစေပြီး အသုံးပြုသူ များအနေဖြင့်လည်း စာပေအနုပညာဖန်တီးမှုလက်ရာအမျိုးမျိုးကို လွယ်လင့်တကူ ရရှိခံစားစေနိုင်သကဲ့သို့ ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းများကို ဖြစ်ပေါ်တိုးတက်စေနိုင်သည်။

စုပေါင်းစီမံခန့်ခွဲသည့်စနစ်

​စာပေနှင့် အနုပညာမူပိုင်ခွင့်ပိုင်ရှင်များသည် ၎င်းတို့ဖန်တီးထားသည့် လက်ရာများအား မည်ကဲ့သို့ အသုံးပြုမည်၊ မည်သူအား အသုံးပြုခွင့်ပြုပေးမည်ကို ကိုယ်တိုင်စီမံဆောင်ရွက်ခွင့်ရှိသည်။ မူပိုင်ခွင့်ပိုင်ရှင်နှင့် အသုံးပြုသူတို့အကြား သဘောတူစာချုပ် ချုပ်ဆိုခြင်း၊ ခွင့်ပြုချက်ဖြင့် အသုံးပြုခွင့် လိုင်စင်ပေးခြင်းတို့ဖြင့် မိမိ၏လက်ရာများကို အသုံးပြုသူထံမှ မူပိုင်ခအခကြေးငွေများ ရရှိနိုင်သည်။ သို့ရာတွင် အချို့သောလုပ်ငန်းများဖြစ်သည့် အနုပညာလက်ရာများကို ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်မှ အများပြည်သူသို့ ထုတ်လွှင့်တင်ဆက်ခြင်းနှင့် ပွဲလမ်း သဘင်နှင့် ခန်းမများတွင် ဖျော်ဖြေတင်ဆက်မှုများတွင် ဖန်တီးသူလက်ရာရှင် သို့မဟုတ် မူပိုင်ခွင့်ပိုင်ရှင်များထံမှ လက်ရာတိုင်းအတွက် အသုံးပြုရန် ခွင့်ပြုချက်ရယူခြင်း၊ ထိုက်သင့်သည့် မူပိုင်ကြေးပေးခြင်းများ ပြုလုပ်ရန် မလွယ်ကူသည့်အတွက် မူပိုင်ရှင်၏ အခွင့်အရေးများကို ၎င်းတို့ကိုယ်စား စီမံခန့်ခွဲရန် တာဝန်ယူသည့် အဖွဲ့အစည်းများ တည်ထောင် ကြခြင်းဖြစ်သည်။ 

စာပေအနုပညာလက်ရာများအား အသုံးပြုလိုသူများအနေဖြင့် CMO နှင့် ဆက်သွယ်၍ ခွင့်ပြုချက် လိုင်စင်ရယူခြင်းဖြင့် တစ်နေရာတည်းမှ လက်ရာများအား အသုံးပြုခွင့်ရရှိပြီး မူပိုင်ကြေးများကိုလည်း မူပိုင်ခွင့်ပိုင်ရှင်တစ်ဦးချင်းစီကို ဆက်သွယ်ပေးချေရန်မလိုဘဲ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်းကို ပေးချေနိုင်သည်။ တစ်ဖန် စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်းက မူပိုင်ခွင့်ပိုင်ရှင်များထံသို့ မူပိုင်ကြေးများအား စနစ်တကျပြန်လည်ခွဲဝေပေးခြင်းဖြင့် CMO ၏ လုပ်ငန်းတာဝန်ကို လွယ်ကူစွာ ဆောင်ရွက်နိုင်သည်။

စာပေ သို့မဟုတ် အနုပညာလက်ရာများကို စီးပွားရေးအလို့ငှာ ရေဒီယို၊ ရုပ်မြင်သံကြား၊ စင်တင်တေးဂီတ၊ KTV ၊ Social Media များတွင် အသုံးပြုလျှင် အသုံးပြုသူများသည် CMO သို့ ဆက်သွယ်၍ အသုံးပြုသည့် လက်ရာအတွက် မူပိုင်ကြေးများကိုလည်း သက်ဆိုင်ရာ CMO မှ ချမှတ်ထားသည့် စည်းမျဉ်းများနှင့်အညီ ပေးဆောင်ရမည်ဖြစ်သည်။ အကယ်၍ အသုံးပြုလိုသည့်လက်ရာသည် CMO သို့ အပ်နှံထားခြင်းမရှိပါက သက်ဆိုင်ရာ မူပိုင်ခွင့်ပိုင်ရှင်များသို့ တိုက်ရိုက်ဆက်သွယ်၍ ခွင့်ပြုချက်ရယူခြင်းနှင့် မူပိုင်ကြေးညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်နိုင်သည်။

CMOစနစ် တည်ထောင်ရန် ဆောင်ရွက်မှုအခြေအနေ

မြန်မာနိုင်ငံတွင် စုပေါင်းစီမံခန့်ခွဲသည့်စနစ် တည်ထောင်နိုင်ရန်အတွက် စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေအခန်း (၁၉) တွင် စာပေနှင့် အနုပညာ မူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးများဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များအား ထည့်သွင်းပြဋ္ဌာန်းခဲ့သည်။ စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ အရ CMO ဖွဲ့စည်းခြင်းဆိုင်ရာစည်းမျဉ်းကို ၂၀၂၄ ခုနှစ် သြဂုတ်လ ၆ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ် ၅၈/၂၀၂၄ ဖြင့် ထုတ်ပြန်ခဲ့ပါသည်။ 

CMO အဖြစ် ဖွဲ့စည်းဆောင်ရွက်နိုင်ရေးအတွက် လျှောက်ထားရမည့် လျှောက်လွှာပုံစံများ သတ်မှတ် ခြင်း အမိန့်ကြော်ငြာစာကို ၂၀၂၄ ခုနှစ် အောက်တိုဘာ လ ၁၆ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၇၉/ ၂၀၂၄ ဖြင့်လည်းကောင်း၊ လျှောက်ထားရာတွင် ဝန်ဆောင်မှုအမျိုးအစားအလိုက် ပေးဆောင်ရ မည့် အခကြေးငွေသတ်မှတ်ခြင်း အမိန့်ကြော်ငြာစာကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၅ ဖြင့်လည်းကောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

CMO ဖွဲ့စည်းရန်လျှောက်ထားခြင်း

CMO ဖွဲ့စည်းဆောင်ရွက်ရန်အတွက် လျှောက်ထားခြင်းများကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ မှစတင်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၅၂) နေပြည်တော်တွင် လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပြီဖြစ်သည်။ ထိုသို့ လျှောက်ထားရာတွင် အဖွဲ့အစည်း ၏ အထွေထွေမန်နေဂျာ သို့မဟုတ် အမှုဆောင်အရာရှိချုပ် သို့မဟုတ် အဖွဲ့အစည်း၏ တာဝန်ပေးအပ်ခြင်းခံရသူက အဖွဲ့၏ကိုယ်စား လျှောက်လွှာပုံစံ CMO-1 ကိုအသုံးပြု၍ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီသို့ လိပ်မူလျှောက်ထားရမည်ဖြစ်သည်။ CMO ၏ သက်တမ်းမှာ ဖွဲ့စည်းခွင့်ပြုသည့်နေ့မှစ၍ ငါးနှစ် အထိဖြစ်သည်။ သက်တမ်းမကုန်ဆုံးမီ သုံးလအတွင်း နောက်ထပ်ငါးနှစ် သက်တမ်းတိုးမြှင့်ပေး ရန် လျှောက်လွှာပုံစံCMO-2 ကို အသုံးပြု၍ အေဂျင်စီထံ လျှောက်ထားနိုင်သည်။ 

ဖွဲ့စည်းနိုင်သည့် CMO အရေအတွက်

CMO များကို စာပေကဏ္ဍ၊ တေးဂီတကဏ္ဍ၊ ရုပ်ရှင်နှင့် အရုပ်အသံကဏ္ဍ၊ အမြင်အာရုံဖြင့် ခံစားနိုင်သော ဖန်တီးမှုအနုပညာနှင့် ဓာတ်ပုံကဏ္ဍ၊ ပြဇာတ်ကဏ္ဍ စသည့်ကဏ္ဍများတွင် ဖွဲ့စည်း ဆောင်ရွက်နိုင်သည်။ သို့ဖြစ်၍ စာပေ၊ အနုပညာ၊ တေးဂီတ၊ ရုပ်ရှင်နှင့် အရုပ်အသံ၊ ပြဇာတ်စသည့် ကဏ္ဍတစ်ခုစီအတွက် တူညီသည့် အခွင့်အရေး အမျိုးအစားကို စီမံခန့်ခွဲမည့် အဖွဲ့အစည်းအများဆုံး နှစ်ဖွဲ့ ဖွဲ့စည်းနိုင်သည်။ ဥပမာ- တေးဂီတကဏ္ဍတွင် တေးရေးဆရာ၊ တေးဂီတလက်ရာ ဖန်တီးသူများ အတွက်(Copyright) စီမံခန့်ခွဲမည့်အဖွဲ့ နှစ်ဖွဲ့၊ ဖျော်ဖြေသူများအတွက် (Related Rights) စီမံခန့်ခွဲ မည့်အဖွဲ့ နှစ်ဖွဲ့၊ တေးထုတ်လုပ်သူများအတွက် (Related Rights) စီမံခန့်ခွဲမည့်အဖွဲ့ နှစ်ဖွဲ့စသည်ဖြင့် တေးဂီတကဏ္ဍအတွက် စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့ပေါင်း ခြောက်ဖွဲ့ ဖွဲ့စည်းဆောင်ရွက်နိုင်မည် ဖြစ်သည်။

CMO အဖြစ် ဖွဲ့စည်းဆောင်ရွက်ရန် 

ပြည့်မီရမည့် အချက်အလက်များ

CMO ဖွဲ့စည်းဆောင်ရွက်ရန်အတွက် အောက်ဖော်ပြပါအချက်များနှင့်ကိုက်ညီရမည်- 

- အမြတ်အစွန်းအတွက် မရည်ရွယ်သော အဖွဲ့အစည်းဖြစ်ရမည်။

- စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းက စီမံ ဆောင်ရွက်မည့် စာပေအနုပညာကဏ္ဍ အလိုက် စာပေနှင့် အနုပညာမူပိုင်ခွင့်ပိုင်ရှင် များ သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးပိုင်ရှင်များ သို့မဟုတ် အခွင့်အရေးရရှိသူများက အဖွဲ့ဝင်များအနေဖြင့် ပါဝင်သည့် အဖွဲ့အစည်းဖြစ်ရမည်။ (ဥပမာအားဖြင့် တေးဂီတကဏ္ဍတွင် စာပေနှင့် အနုပညာမူပိုင်ခွင့်ကို စီမံမည်ဆိုလျှင် မူပိုင်ရှင်များဖြစ်သော တေးရေး ဆရာများ၊ တေးဂီတလက်ရာ ဖန်တီးသူများက အဖွဲ့ဝင်အဖြစ် ပါဝင်ရမည်။ ဆက်နွှယ် သည့်အခွင့်အရေးကို စီမံခန့်ခွဲသည့်အဖွဲ့ဖြစ်ပါက ဖျော်ဖြေသူများနှင့် ဖိုနိုဂရမ်ထုတ်လုပ်သူ များက အဖွဲ့ဝင်အဖြစ် ပါဝင်ရမည်။)

- CMO ၏ လုပ်ငန်းတာဝန်များကို စီမံခန့်ခွဲဆောင်ရွက်နိုင်ရမည်။

CMO ၏ လုပ်ငန်းတာဝန်များ

CMO ၏ လုပ်ငန်းတာဝန်များတွင် အဖွဲ့အစည်းအနေဖြင့် တစ်နှစ်တွင် အနည်းဆုံးတစ်ကြိမ် အထွေထွေအစည်းအဝေးကျင်းပခြင်း၊ နှစ်ချုပ်အစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းများကို အေဂျင်စီသို့ တင်ပြခြင်း၊ အဖွဲ့အစည်းသို့ အပ်နှံထားသည့် လက်ရာများကို အသုံးပြုခွင့်ပြုခြင်းနှင့် စပ်လျဉ်း၍ အသုံးပြုသူများကို ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်း၊ မူပိုင်ကြေးများ ခွဲဝေပေးနိုင်ရေးအတွက် လက်ရာများကို အသုံးပြုသည့် အချက်အလက်များကို စုစည်းပြုစုခြင်း၊ အသုံးပြုသူများထံမှ မူပိုင်ကြေး များ ကောက်ခံပြီး အဖွဲ့ဝင်ဖြစ်သည့် စာပေနှင့် အနုပညာမူပိုင်ခွင့်ပိုင်ရှင်များကို ခွဲဝေပေးခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။

CMO လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

CMO လျှောက်ထားရာတွင် အဖွဲ့အစည်း၏ ဖွဲ့စည်းပုံ၊ စည်းမျဉ်း၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ မူပိုင်ကြေးကောက်ခံမည့် သတ်မှတ်ချက်၊ မူပိုင်ကြေး ခွဲဝေမည့် သတ်မှတ်ချက်၊ မူပိုင်ခွင့်ပိုင်ရှင်များကို အဖွဲ့ဝင်အဖြစ် လက်ခံသည့် သဘောတူညီချက်၊ အသုံးပြုသူများကို ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေး သည့် သဘောတူညီချက် စသည့်အချက်အလက်များကို ပြည့်စုံစွာ တင်ပြရမည်ဖြစ်သည်။ မူပိုင်ကြေးကောက်ခံမည့်သတ်မှတ်ချက်နှင့် မူပိုင်ကြေးခွဲဝေမည့် သတ်မှတ်ချက်များသည် CMO လုပ်ငန်းဆောင် ရွက်ရာတွင် အဓိကကျသည့် အချက်များဖြစ်သည်။

အဆိုပါ သတ်မှတ်ချက်များကို လေ့လာပြီး မူပိုင်ခွင့်ပိုင်ရှင်များက ၎င်းတို့၏ အခွင့်အရေးများကို စီမံခန့်ခွဲပေးရန် CMO များသို့ ရွေးချယ်အပ်နှံလေ့ ရှိကြသည်။ CMO များသည် မူပိုင်ရှင်များအား မူပိုင်ကြေး ပြန်လည်ခွဲဝေရာတွင်လည်း သတ်မှတ်ချက်အတိုင်း တိကျမှန်ကန်စွာ ဆောင်ရွက်နိုင်မှသာ ရေရှည်တည်တံ့သည့် အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်နိုင်ခြင်း မရှိပါ က မလိုလားအပ်သည့် အငြင်းပွားမှုများ ဖြစ်ပွားနိုင်ပြီး အဖွဲ့အစည်း၏ ပုံရိပ်နှင့်ယုံကြည်မှုကို ထိခိုက် နိုင်သည်။

CMO အား ဆိုင်းငံ့ခြင်း

မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီသည် CMO ၏ လုပ်ငန်းဆောင်ရွက်မှုများကို စောင့်ကြည့်၍ လိုအပ်ပါက လုပ်ငန်းဆောင်ရွက်မှုများကို ဆိုင်းငံ့ခွင့်ရှိသည်။ စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေ၊ စုပေါင်းစီမံ ခန့်ခွဲသည့် အဖွဲ့အစည်းဆိုင်ရာ စည်းမျဉ်းနှင့် ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များ ကို လိုက်နာရန်ပျက်ကွက်ခြင်း၊ စာရွက်စာတမ်းနှင့် အချက်အလက်များကို မမှန်မကန်တင်ပြခြင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် ကောင်းမွန်သော စီမံခန့်ခွဲမှုမရှိခြင်း၊ အသုံးပြုသူတစ်ဦးဦးနှင့် ချုပ်ဆိုထားသော စာချုပ်ကို ဖောက်ဖျက်ခြင်း၊ သက်သေခံလက်မှတ်ကို လိမ်လည်လှည့်ဖြား၍ဖြစ်စေ၊ အချက်အလက်များ ကို မမှန်မကန်တင်ပြ၍ ဖြစ်စေ ရယူထားခြင်း၊ အဖွဲ့အစည်းကို အပ်နှံထားခြင်းမရှိသည့် လက်ရာအမျိုးအစား သို့မဟုတ် အခွင့်အရေးကို စီမံဆောင်ရွက်ခြင်း၊ မူပိုင်ခများ ကောက်ခံခြင်းနှင့် ခွဲဝေခြင်းဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း၊ ကောက်ခံရရှိသည့် မူပိုင်ခများကို အခြားကိစ္စရပ်များအတွက် အသုံးပြုခြင်း၊ အဖွဲ့အစည်းဖွဲ့စည်းခွင့်ရရှိပြီး တစ်နှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှုမရှိခြင်းစသည့် အချက်အလက်များကို တွေ့ရှိပါက အေဂျင်စီ သည်CMO၏ လုပ်ငန်းဆောင်ရွက်မှုကို ခြောက်လ ဆိုင်းငံ့ထားမည်ဖြစ်သည်။ 

လုပ်ငန်းဆောင်ရွက်မှုမပြုရန် ဆိုင်းငံ့ခံရကြောင်း အကြောင်းကြားစာပေးပို့သည့်နေ့မှ ခြောက်လအတွင်း ဆိုင်းငံ့ထားခြင်းအား ရုပ်သိမ်းပေးရန် ဖြေရှင်းချက် သို့မဟုတ် ရှင်းလင်းချက်များ နှင့်အတူ အေဂျင်စီထံ တင်ပြနိုင်ပါသည်။ အေဂျင်စီသည် CMO က တင်ပြလာသည့် ရှင်းလင်းချက်များကို စိစစ်ပြီး ဆိုင်းငံ့မိန့်ကို ရုပ်သိမ်းနိုင်သည်။

CMO အဖြစ်မှ ပယ်ဖျက်ခြင်း

CMO သည် လုပ်ငန်းဆိုင်းငံ့ခြင်းခံရပါက ခြောက်လအတွင်း ဆိုင်းငံ့ခံရမှုကို ရုပ်သိမ်းပေးရန် တင်ပြမှုပျက်ကွက်ခြင်း၊ ရုပ်သိမ်းပေးရန် တင်ပြခဲ့သော်လည်း အေဂျင်စီက ဆိုင်းငံ့မိန့်အား ရုပ်သိမ်းမှု မရှိခြင်း သို့မဟုတ် ဆိုင်းငံ့မိန့်ကို ရုပ်သိမ်းပေးပြီးနောက် CMO က ဆိုင်းငံ့ခြင်းနှင့် သက်ဆိုင်သည့် အချက်တစ်ရပ်ရပ်ကို ထပ်မံချိုးဖောက်ခဲ့လျှင် CMO အဖြစ်မှ ရုပ်သိမ်းခံရမည်ဖြစ်သည်။

CMO အဖြစ် ဖွဲ့စည်းခွင့်ပြုရန် လျှောက်ထားမှုမရှိခြင်း၊ လုပ်ငန်းဆက်လက်ဆောင်ရွက်ခြင်းမှ ဆိုင်းငံ့ခံရခြင်း သို့မဟုတ် CMO အဖြစ်မှ ပယ်ဖျက်ခြင်းခံရခြင်းဖြစ်လျှင် CMO သည် ၎င်း၏ လုပ်ငန်း တာဝန်များကို ဆက်လက်ဆောင်ရွက်ခွင့် မရှိချေ။

CMO စနစ်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်ချက်များ 

နိုင်ငံတကာတွင် အစိုးရက စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်မှုများ မှန်ကန်စေရန် စည်းမျဉ်းများ၊ နည်းဥပဒေများ ချမှတ်ပြီး ဆောင်ရွက်ကြသည်။ နိုင်ငံအချို့တွင် စုပေါင်း စီမံခန့်ခွဲသည့်စနစ် မအောင်မြင်ခြင်းမှာ ဥပဒေတစ်ရပ်ဖြင့် ထိန်းကျောင်းမှုမရှိဘဲ CMO များစွာ ဖွဲ့စည်းခွင့်ပြုခဲ့ခြင်းကြောင့် အသုံးပြုသူများအနေဖြင့် ယုံကြည်မှုလျော့နည်းခြင်း၊ ခွင့်ပြုချက်လိုင်စင်ကို မည်သည့် CMO ထံ မှ ဆက်သွယ်ရယူရမည်ကို မသေချာခြင်း စသည်တို့ကြောင့် ဖြေရှင်းရန်မလွယ်ကူသည့် အခက်အခဲပြဿနာများ ပေါ်ပေါက်ခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။ CMO များက မူပိုင်ကြေးများကို သုံးစွဲသူများထံမှ ကောက်ခံခဲ့သော်လည်း မူပိုင်ခွင့်ပိုင်ရှင်များကို မျှတစွာ ပြန်လည်ခွဲဝေပေးခြင်းမရှိခြင်းကြောင့် ပြဿနာများ ပေါ်ပေါက်ကာ CMO များ ရုပ်သိမ်းခဲ့ကြရသည်။

သို့ဖြစ်၍ နိုင်ငံတော်တွင် အခြားနိုင်ငံများ၏ အတွေ့အကြုံများကို သင်ခန်းစာယူ၍ CMO များ ဖွဲ့စည်းဆောင်ရွက်ခြင်းဆိုင်ရာ စည်းမျဉ်းများချမှတ်၍ စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။ CMO များအနေဖြင့်လည်း သတ်မှတ်ချက်များနှင့်အညီ မှန်မှန်ကန်ကန် လိုက်နာဆောင်ရွက်ပါက CMO များ၏ လုပ်ငန်းတာဝန်များကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် မူပိုင်ခွင့် ပိုင်ရှင်များအတွက် ယုံကြည်အားထားမှုကို ရရှိမည် ဖြစ်သည်။ 

CMO များက မူပိုင်ခွင့်လက်ရာများကို လက်ခံ၍ စီမံဆောင်ရွက်ရာတွင်လည်း မူပိုင်ခွင့်ဦးစီးဌာန တွင် မှတ်ပုံတင်ထားသည့် လက်ရာများဖြစ်ပါက မူပိုင်ခွင့်ဆိုင်ရာ အငြင်းပွားမှုများကို လွယ်ကူစွာ ဖြေရှင်းနိုင်မည်ဖြစ်သဖြင့် စာပေနှင့် အနုပညာ သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာ မူပိုင်ခွင့်ပိုင်ရှင်များအနေဖြင့် နိုင်ငံတော်မှ စနစ်တကျတည်ဆောက်ပေးလျက်ရှိသော CMO အဖွဲ့အစည်းများကို အသုံးပြု၍ မိမိတို့၏ အခွင့်အရေးများကို အပြည့်အဝရရှိစေရန်နှင့် CMO များမှတစ်ဆင့် နိုင်ငံ တကာသို့ မိမိတို့၏လက်ရာများ လွယ်ကူစွာပျံ့နှံ့ ဝင်ရောက်နိုင်စေရန် ဆောင်ရွက်သင့်ပါကြောင်း အကြံပြုဖော်ပြလိုက်ပါသည်။

CMO စနစ်၏အကျိုးကျေးဇူး

CMO များက မူပိုင်ခွင့်ပိုင်ရှင်များနှင့် စာပေအနုပညာလက်ရာအသုံးပြုသူများအကြား ကြားခံအဖွဲ့အစည်းအနေဖြင့် ဆောင်ရွက်ပေးသည်။ မူပိုင်ခွင့်ပိုင်ရှင်များအနေဖြင့် ၎င်းတို့၏လက်ရာများကို မည်သူတွေက မည်သည့်နေရာတွင် မည်ကဲ့သို့ အသုံးပြုနေသည်ဆိုသည်ကို အမြဲလိုက်လံစုံစမ်းရန် မလွယ်ကူချေ။ ထို့ကြောင့် ၎င်းတို့၏ လက်ရာများကို ပိုင်ရှင်မသိဘဲ အသုံးပြုခြင်းခံနေရပြီး မူပိုင်ခွင့် ချိုးဖောက်ခံရမှုများရှိပါသည်။ CMO သည် ၎င်းထံအပ်နှံထားသည့် လက်ရာများကို အသုံးပြုနေသည့် နေရာများသို့ လေ့လာစုံစမ်းပြီး မူပိုင်ကြေးများရရှိရန် ဆောင်ရွက်ပေးသဖြင့် မူပိုင်ရှင်များ၏ အခွင့်အရေး ချိုးဖောက်ခံရမှု လျော့နည်းစေပြီး စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကို ပိုမိုရရှိစေမည်ဖြစ်သဖြင့် စာပေနှင့် အနုပညာမူပိုင်ခွင့်ပိုင်ရှင်များနှင့် အသုံးပြုသူများအကြား အပြန်အလှန် အကျိုးသက် ရောက်မှုရှိစေသည့် စီမံခန့်ခွဲမှုစနစ်တစ်ခု ဖြစ်ပါသည်။

​နိုင်ငံအတွင်းရှိ CMO များသည် အခြားသောနိုင်ငံများရှိ CMO များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မည့် သဘောတူစာချုပ်များ ချုပ်ဆိုနိုင်သည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် CMO တွင် အပ်နှံထားသည့် လက်ရာများကို အခြားသောနိုင်ငံများတွင် မိမိတို့၏ လက်ရာများကို အသုံးပြုသည့် မူပိုင်ကြေးများကို သက်ဆိုင်ရာနိုင်ငံ၏ CMO များမှတစ်ဆင့် ကောက်ယူနိုင်သည့်အတွက် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များ ရရှိနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။